နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် မတ် ၂၉

 
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေး (၂/၂၀၂၃ ) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဉီးဆောင်ကော်မတီ ဥက္ကဋ္ဌ က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို ပြင်ဆင်ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီကို၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာအမှတ်(၄၃/၂၀၂၃)ဖြင့် ပြင်ဆင် ဖွဲ့စည်းပေးခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်(၄)ရပ်အနက် “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန် မြှင့်တင်နိုင်ရေး ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက် ဖော်ဆောင်ရေး” ကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အဓိက အတားအဆီးသည် “တရားမဝင် ကုန်သွယ်မှုများ” ဖြစ်ကြောင်း၊ ပြည်ပမှ တရားမဝင် တင်သွင်းမှုများကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိတော့သည့် အပြင် ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ၏ တိုးတက်မှုကို များစွာ အဟန့်အတား ဖြစ်စေကြောင်း၊ ထို့ပြင် ပြည်တွင်း MSME များမှ ထုတ် လုပ်သည့်ကုန်စည်များကို သွင်းကုန်အစားထိုး အသုံးပြုနိုင်ရန် ဈေးကွက် ယှဉ်ပြိုင်နိုင် စွမ်းမရှိအောင် အဓိက ထိုးနှက် ဟန့်တား နှောင့်ယှက်နေမှုသည် အခွန်မဆောင်ဘဲ ပြည်ပက တရားမဝင် တင်သွင်းလာသည့် ကုန်စည်များဖြစ်ကြောင်း၊ အကောက်ခွန်မဲ့ တင်သွင်း လာသည့်ကုန်စည်များကို တားဆီး၊ စစ်ဆေး၊ အရေးယူနိုင်မှု မရှိလျှင် ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်မှုဦးမော့လာရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီး စစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်မှသာ ပြည်တွင်း MSME များဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ က ဖမ်းဆီးရမိ အမှုတွဲ (၄၇၇)မှု၊ ခန့်မှန်းတန်ဖိုး ကျပ်(၁၂) ဘီလီယံ ကျော်ဖြစ်ပြီး၊ ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် အမှုတွဲ (၆၁)မှု ခန့်မှန်းတန်ဖိုးငွေကျပ် (၄ဒသမ၆၃)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အမှုတွဲ (၂၃၀) ခန့်မှန်းတန်ဖိုး ကျပ် (၈ဒသမ ၈၆) ဘီလီယံ ပိုမိုဖမ်းဆီးနိုင် ခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးနိုင်ခြင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာများအနေဖြင့် ရေးဆွဲ တင်ပြ ထားကြသည့် စီမံချက်များအတိုင်း ထိရောက်စွာ တားဆီးစစ်ဆေးဆောင်ရွက် ခြင်းကြောင့် ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း ဖမ်းဆီးရမိမှုများ တိုးတက်လာခြင်းသည် တရားမဝင် ကုန်သွယ်မှုများ များနေသေးသည်ဟု ယေဘုယျသုံးသပ်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အဓိကထိုးနှက်နေသည့် တရားမဝင်ကုန်သွယ်မှုများ ထိထိရောက် ရောက်နှင့် အရှိန်အဟုန်မြှင့် ပူးပေါင်း တားဆီးဆောင်ရွက်သွားကြရန် လိုကြောင်း။
တရားမဝင် ကုန်သွယ်မှုများကို ဆောင်ရွက်နေကြသူများသည် ကုန်သွယ်မှုဆိုင်ရာ မူဝါဒ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၏ ဟာကွက်၊ ပျော့ကွက်နှင့် အားနည်းချက်များ အပြင် ကုန်တင်ယာဉ်အားလုံး ရာနှုန်းပြည့် ကုန်ချစစ်ဆေးရန် မဖြစ်နိုင်သည့် အခြေအနေများနှင့် လုံခြုံရေးအရ ကန့်သတ်ချက်များအပေါ် အခွင့်ကောင်းယူ၍ နည်းမျိုးစုံ တရားမဝင် တင်ပို့၊ တင်သွင်းခြင်းများ ကျူးလွန်ဆောင်ရွက်လျက်ရှိနေသည်ကိုတွေ့ရကြောင်း။
ယခင်က တရားမဝင်ကုန်စည်များကို စစ်ဆေးရာတွင်ဝန်ထမ်းအင်အားကို အဓိက အခြေခံ၍စစ်ဆေးခဲ့ကြကြောင်း၊ကုန်သွယ်မှုပမာဏကြီးမားသည့်စခန်းများတွင် ဝန်ထမ်းအင် အား ပိုမိုအသုံးပြု စစ်ဆေးမှုများပြုလုပ်ခဲ့သည့်အတွက် စခန်းအကြီး၊ အသေးအပေါ် မူတည်၍ တရားမဝင်ကုန်သွယ်မှုများ တားဆီးနိုင်ခြင်း ကွာခြားပါကြောင်း၊ ခေတ်စနစ်နှင့်အညီ အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်၊ ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet 2.0 နှင့် QR Code စနစ်များကို အသုံးပြုလာသည့်အတွက် ကုန်စည် စီးဆင်းမှု ပိုမို မှန်ကန် မြန်ဆန်လာသကဲ့သို့ တရားမဝင်ကုန်သွယ်မှုများပိုမိုထိရောက်စွာတားဆီး အရေးယူနိုင်လာ သည်ကိုတွေ့ရကြောင်း၊စစ်ဆေးမှုများဆောင်ရွက်ရာတွင် စနစ်နှင့်ဝန်ထမ်း ကို ဟန်ချက် ညီညီအသုံးပြုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ထိရောက်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဖြစ်လာမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အတွက် သမားရိုးကျ နည်းလမ်းများအပြင် ခေတ်နှင့်လျော်ညီသည့် နည်းစနစ်များကို အသုံးချ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုလျော့နည်းကျဆင်းရေးအတွက် ကုန်စည် သယ်ဆောင်ရာ တွင် ကွန်တိန်နာကိုသာ အသုံးပြုပြီး E-Lock စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဆောလျင်စွာ စတင်အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ ထို့ပြင် တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကို လက်လီ လက်ကား အရောင်းဆိုင်များနှင့် Shopping Mall များမှတစ်ဆင့် ဈေးကွက်အတွင်း ဖြန့်ချိခြင်းနှင့် လက်လီရောင်းချခြင်းများ မပြုလုပ်စေရန်အသိပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း တို့အတွက်အချိန်ကာလ သတ်မှတ်ဆောင်ရွက်ရန် အကြံပြု ဆွေးနွေးကြစေလိုကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအနေဖြင့်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ (၁)နှစ်ကျော် ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲများအပေါ် သုံးသပ်ရာတွင် အများစုသည် ကုန်စည်အမျိုးအစားတူ တန်ချိန်ပိုမို တင်ဆောင်ခြင်း (အပို)နှင့်တန်ဖိုးကြီးပစ္စည်းများကိုအခွန်မဆောင်ဘဲအခွန်ဆောင်ထားသည့် တန်ဖိုးနည်း ပစ္စည်းတွေနှင့် ရောနှောသယ်ဆောင်ခြင်း (အလွဲ)များဖြစ်ကြောင်း၊ ထို့ကြောင့် တားဆီး၊ စစ်ဆေးရသည့် တာဝန်ကျဝန်ထမ်းများ အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြား ချက်များအပြင် အတွေ့အကြုံ၊ ဆင်ခြင်တုံတရားများနှင့်ပါ စနစ်တကျ သုံးသပ်ဆောင် ရွက်တားဆီးစစ်ဆေးကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို လိုက်ပါဆောင် ရွက်ခြင်းမပြုဘဲတရားမဝင်နည်းလမ်းဖြင့်ကုန်သွယ်မှုဆောင်ရွက်လိုသည့် ကုန်သည် လုပ်ငန်း ရှင်များအနေဖြင့် တရားမဝင်နည်းလမ်းပေါင်းစုံအသုံးပြုဆောင်ရွက်ကြရာတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအချို့ကို ချဉ်းကပ်၍ စစ်ဆေးရေး စခန်းများကို ကျော်ဖြတ်ရန် ကြိုးပမ်းလာကြသည်ကို ဖြစ်စဉ်များအရတွေ့ရကြောင်း၊ စစ်ဆေးရန်တာဝန်ထမ်း ဆောင်ကြရသည့် ဝန်ထမ်း များအနေဖြင့် တွေ့ကြုံရသည့် အခြေအနေများကို အနီးစပ်ဆုံး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များသို့လည်းကောင်း၊ အနီးဆုံးတိုင်းစစ်ဌာနချုပ် များသို့ လည်းကောင်း အချိန်နှင့် တစ်ပြေးညီ အဆင့်ဆင့် သတင်းပို့ တင်ပြ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ တားဆီးအရေးယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ချက်ခြင်းတားဆီးရန် မဖြစ်နိုင်သည့် အခြေအနေကြောင့် လွတ်သွားသည့် တရားမဝင် ကုန်စည်များ သယ်ဆောင်လာသည့် ယာဉ်များကို နောက်ဆုံးရောက်နေသည့် နေရာအထိ သက်ဆိုင်ရာနယ်မြေခံ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် Network ချိတ်ဆက်၍ တားဆီးအရေးယူသွားကြရမည်ဖြစ်ကြောင်း။
နယ်စပ်ဖြတ်ကျော် တရားမဝင် ပို့ကုန်များ တစ်ဖက်နိုင်ငံသို့ မရောက်ရှိစေရေးနှင့် တရားမဝင် သွင်းကုန်များမိမိနိုင်ငံဘက်သို့ မဝင်ရောက်လာစေရေးအတွက် အိမ်နီးချင်း ကောင်းပီသစွာ နှစ်နိုင်ငံအစိုးရချင်းဆွေးနွေး ညှိနှိုင်းပူးပေါင်းတိုက်ဖျက်ရန်လို အပ် ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်မှန်း ပြင်ဆင်ထား ကြရမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် မိမိတို့ တစ်နိုင်ငံ တည်းရင်ဆိုင်ဖြေရှင်းနေရ သည့်ပြဿနာမဟုတ်ဘဲနိုင်ငံတိုင်းလိုလို ရင်ဆိုင်နေ ကြရ သည့် ကိစ္စရပ်ဖြစ် ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကို တားဆီးအရေးယူ ဆောင်ရွက် ရာတွင် အခြားနိုင်ငံများ၏ နည်းလမ်းကောင်းများကိုလေ့လာပြီး မိမိတို့နိုင်ငံ၏ အခြေ အနေနှင့် ကိုက်ညီမည့် နည်းလမ်းများ ကိုဖော်ထုတ်အသုံးချ ဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုကို တားဆီးကြရသည့် ဝန်ထမ်းများအနေဖြင့် အဂတိ တရားကင်းရှင်းကြရမည်ဖြစ်ကြောင်း၊ ယခင်က တရားမဝင် ကုန်စည်များကိုသာ အဓိက အရေးယူ ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါတရားမဝင် ကုန်စည်များ ဝင်ရောက် လာသည့်လမ်းကြောင်း၊ ဖြတ်သန်းလာသည့်စစ်ဆေးရေးဂိတ်များနှင့် ဖြတ်သန်းသယ် ဆောင်ပုံနည်းလမ်းများကိုပါ နောက်ကြောင်းပြန်စစ်ဆေးမှုများပြုလုပ်နေပြီဖြစ် ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတွင်ပါဝင်ပတ်သက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် တစ်နည်းနည်းဖြင့် ဖော်ထုတ်အရေးယူခံရမည်ကိုအသိပေးလိုကြောင်း၊ ထို့အတူ လုံခြုံရေး အသိ၊ လုံခြုံရေးသတိ အမြဲရှိနေကြရမည်ဖြစ်ပြီး လုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်မှုများ စနစ် တကျစီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဖမ်းဆီးရမိကုန်စည်များခန့်မှန်းတန်ဖိုးတွက်ချက်ရာတွင် ဖောင်းပွမှုမရှိစေရေး ဂရုပြုကြရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန် တန်ဖိုးသတ်မှတ်ကြရ မည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ နိုင်ငံတော်က ရရှိရန်လိုအပ်ကြောင်း၊ ဖမ်းဆီးမှုများရှိပြီး လေလံ မတင်မီ ဖမ်းဆီးပစ္စည်းများ ပျက်စီးဆုံးရှုံးသွားမည်ဆိုပါက ဖမ်းဆီးပေးသူများ၏ ကြိုးစားအားထုတ်မှုများသည် အချည်းနှီးဖြစ်ရပြီး နိုင်ငံတော်ဘဏ္ဍာလည်း ဆုံးရှုံးရကြောင်း၊ ထို့ကြောင့်ဖမ်းဆီးရမိပစ္စည်းများကို တာဝန်ယူ ဆောင်ရွက်ကြရသည့် ဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး”သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ တရားမဝင် ကုန်သွယ်မှု များကို ယခုထက် ပိုမို တားဆီး၊ စစ်ဆေး၊ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် နည်းလမ်း ရှာဖွေ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေရှည်တွင် တရားမဝင်ကုန်သွယ်မှု လျော့နည်း ကျဆင်းရေးအတွက် Box Truck၊ ကွန်တိန်နာများကို အသုံးပြုပြီး ကုန်သွယ်မှုပြုစေခြင်း၊ ခေတ်မီနည်းပညာများကို အသုံးပြုခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းခြင်း ၊ တရားမဝင်တင်သွင်းလာသည့်ကုန်စည်များ ဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်း ချမှုမရှိစေရေးတားဆီး၊ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိ သူများအနေဖြင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို ဦးဆောင်ကော်မတီသို့ သတင်းပေးပို့ ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင် က တ ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု များကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်သွင်ဦး ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းလွင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်၊ ပဲခူးတိုင်းဒေသကြီး မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) သို့ တင်ပြလာသည့် အမှာစာ များကို ဖတ်ကြားတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးဝင်းရှိန် နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း ၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများ က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။