နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 
နေပြည်တော် ဇန်နဝါရီ ၄

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော် ဉပါတသန္တိစေတီ တော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

 
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသား ရိုးရာအကအဖွဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်နှင့် ဦးစောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ထံ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဉီးတင်ဉီးလွင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင် အားပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသား ရိုးရာယိမ်းအဖွဲ့များက “ပြည့်ရတနာ’’ တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ နှင့် တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်းများအား လိုက်လံကြည့်ရှုအားပေးကြသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များပြသပွဲကို ဇန်နဝါရီ(၄)ရက်မှ (၈)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ပြခန်း(၁၅)ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း(၁၅)ခန်း စုစုပေါင်း ပြခန်း (၅၅)ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၂၆)စီး၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုဂုဏ်ပြုယာဉ်(၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုယာဉ်(၁)စီး၊ ပြည်ထောင်စုနောက်ပိတ်ဂုဏ်ပြုယာဉ်(၁)စီး နှင့် တပ်မတော် ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၅)စီး စုစုပေါင်းဂုဏ်ပြုယာဉ်(၄၈)စီးတို့အား ပြသသွားမည် ဖြစ် ပြီး ပြည်သူများအားလုံး အခမဲ့လာရောက်လည်ပတ် လေ့လာနိုင်ပါ ကြောင်းနှင့် လုံခြုံရေး တင်းကြပ်မှုအရ မြို့ဝင်/ထွက် နေရာများ၊ ပြခန်းဝင်/ထွက်နေရာများ၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ စနစ်တကျ စစ်ဆေးရှာဖွေမှုများကို ကြည်ဖြူစွာ နားလည်လက်ခံပေးနိုင်ရေး ကိုပါ သက်ဆိုင်ရာမှ မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။