နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား 

နေပြည်တော် ဇွန် ၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊  ညှိနှိုင်းကွပ် ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက် သက်ခိုင်၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီး ချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့်  တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည်  မေ ၁၄ ရက်က ရခိုင်ပြည်နယ် နှင့် ဆက်စပ်ဒေသများသို့ တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အား ကောင်းသော (မိုခါ)မုန်တိုင်း နှင့် စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုများကို မုန်တိုင်းအလွန်ကာလဆောင်ရွက်ဆဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင်တင်ဆောင်ရွက်နိုင်ရေး ကျင်းပသည့် အစည်းအဝေးဖြစ် ကြောင်း၊ ပျက်စီးဆုံးရှုံးမှုပေါ်မူတည်၍ သက်ဆိုင်ရာ ကော်မတီအလိုက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော နယ်မြေများ အဖြစ် သတ်မှတ်၍ အပျက်အစီးများ အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြကြောင်း၊ နိုင်ငံတော်အဆင့် အနေဖြင့် တပ်မတော်အရာရှိကြီးများကို တစ်မြို့နယ်လျှင် တစ်ဦးခန့်အပ်တာဝန်ပေး၍ တာဝန်ထမ်းဆောင်စေလျက်ရှိကြောင်း၊ အလားတူ အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များကိုလည်း စစ်တွေမြို့တွင် ရုံးထိုင်စေပြီး အပျက်အစီးများ အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်စေလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် သုံးပတ် ၃ ရက်အတွင်း ဆောင်ရွက်မှုများ တိုးတက်မှုရှိသည်ကို တွေ့ရကြောင်း၊ ယခု ထက်ပို၍ ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတကာနှင့် ဆက်စပ်ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ နှင့် ပုဒ်မ ၂၆ တို့အရ မုန်တိုင်းလွန်ကာလဖြစ်သည့် ပြန်လည်ထူထောင် ရေးကာလကို သတ်မှတ်နိုင်ရေးသည် အရေးကြီးသည့်အတွက် အမြန်ဆုံးသတ်မှတ် ဆောင် ရွက်ရန်လိုကြောင်း၊ နာဂစ် ကာလတွင် ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးကိစ္စများ ကို အတွေ့အကြုံယူ၊ သင်ခန်းစာယူ၍  မိုခါမုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ အလျင်အမြန် ပြီးစီးအောင် ဆောင်ရွက် သွားကြရမည်ဖြစ်သဖြင့် ဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

အလှူရှင်များလှူဒါန်းသည့် ပစ္စည်းများ၊ သဘာဝဘေးရန်ပုံငွေမှ ဝယ်ယူဖြည့်တင်း ထားသည့် ပစ္စည်းများကို  သဘာဝဘေးသင့် ဒေသများသို့ ပေးပို့လျက်ရှိကြောင်း၊ ထိုသို့ ပေးပို့ရာတွင် တပ်မတော်လေယာဉ်၊ ရေယာဉ်များအပြင် အရပ်ဘက် မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်များနှင့်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း၊ အရပ်ဘက် မော်တော်ယာဉ်၊ ရေယာဉ်များအတွက် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ နှုန်းထားသတ်မှတ်ပြီး ပံ့ပိုးပေးသွားနိုင်ရန် ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း။

ငွေကြေးသုံးစွဲမှုအနေဖြင့် မုန်တိုင်းကြောင့် ဝန်ကြီးဌာနများအလိုက် ပျက်စီးဆုံးရှုံးမှု များရှိခဲ့ကြောင်း၊ အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ပြုပြင်ထိန်းသိမ်းမှုစရိတ်မှ ပထမအဆင့် ပြန်လည်ပြုပြင် ရမှာဖြစ်ပြီး လုံလောက်မှုမရှိပါက အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အရေးပေါ် ရန်ပုံငွေသို့ တင်ပြဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထပ်မံလုံလောက်မှုမရှိပါက ထပ်မံတင်ပြ နိုင်သည့် ပြုပြင်ပြီး ဘတ်ဂျက်သို့ လိုအပ်ချက်များကို တင်ပြဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ သုံးစွဲနိုင်ရန် ယခုအစည်းအဝေးတွင် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး သွားကြရမည်ဖြစ်ကြောင်း။

ပထမအကြိမ် စာရင်းကောက်ယူခြင်းကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များအလိုက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပျက်စီး ဆုံးရှုံးမှု များရှိခဲ့သည်ကို သိရကြောင်း၊ သက်ဆိုင်ပြည်နယ်နှင့် တိုင်းဒေသကြီး တို့မှ ပျက်စီးဆုံးရှုံးခဲ့ သည်များကို နိုင်ငံအဆင့်ပျက်စီးဆုံးရှုံးမှုစာရင်းတွင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း။

မုန်တိုင်းမကျရောက်မီ မေ ၆ ရက်မှ စတင်၍ မုန်တိုင်းအန္တရာယ် ကြိုတင် သတိပေး ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မုန်တိုင်းကာလအတွင်း မုန်တိုင်းလမ်း ကြောင်း တစ်လျှောက် မုန်တိုင်းရောက်ရှိမည့် နေရာဒေသများကို မုန်တိုင်းအန္တရာယ် ကြိုတင်ကာ ကွယ်နိုင်ရန် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကဲ့သို့ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ခဲ့သည့်အတွက် ပြည်တွင်းမှ သာမက ပြည်ပ နိုင်ငံများကပါ မိမိတို့သတင်းဌာနများကို ယုံကြည်မှုများ ပိုမိုရှိလာကြောင်း၊ ထို့ကြောင့် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ချက် သတင်းများစုစည်းပြီး အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန် အလေးထား ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။

ဇွန် ၁ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများ ဖွင့်လှစ်ရန် ကြေညာခဲ့ရာ ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများ အချိန်မီ မဖွင့်လှစ်နိုင်မည်ကို ဒေသခံကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက စိုးရိမ်စိတ်များရှိခဲ့ကြကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီများ၏ အားကျိုး မာန်တက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်၊ မြန်မာ မြို့ပြနှင့် အခြေခံအဆောင်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းနှင့် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ဆောင်ရွက်နေသော ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့များက ပေါင်းစပ်ညှိနှိုင်း၍ မြို့နယ်များခွဲကာ အခြေခံပညာအထက်တန်းကျောင်းများ မိုးလုံလေလုံ ဖွင့်လှစ်နိုင်ရန် ဦးစားပေးအဆင့်များခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း၊ တက္ကသိုလ်အဆင့်ကျောင်း များဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဇွန် ၁ ရက်တွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ကျောင်းများအပြင် အဆင့်မြင့်ပညာ ကျောင်းများ ပါဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထိုသို့ ကျောင်းများ  အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ စိုးရိမ်သံသယစိတ်များကို ပြေပျောက်စေခဲ့ကြောင်း၊ ထိုစိုးရိမ် သံသယ စိတ်များကို ပြေပျောက်စေခြင်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်း၏ အောင်မြင်မှု တစ်ရပ် ပင်ဖြစ်ကြောင်း၊ ဆက်လက်၍ တိုက်နယ်ဆေးရုံများနှင့် မြို့နယ်ဆေးရုံ များကိုလည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးဆိုင်ရာ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ၉၆ ရာနှုန်း  ပြီးစီးနေပြီ ဖြစ်ကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် 230 KV လိုင်းသည် ၉၃ ရာခိုင်နှုန်းနှင့် 66 KV ပုဏ္ဏားကျွန်း- စစ်တွေလိုင်းသည် ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ဇွန်လ ၇ ရက်တွင် 230 KV လိုင်း နှင့် ဆက်စပ်၍ 66 KV လိုင်းမှ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း၊  11 KV လိုင်းဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ လျှပ်စစ်ဓာတ်အား စတင်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍  စစ်တွေမြို့ရှိ ကျောက်ကပ်ဆေး သည့်စက်ကို ဦးစားပေး ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျောက်ကပ် ဝေဒနာရှင်လူနာများအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ ထို့ပြင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် သစ်ခွဲသားများနှင့် သစ်လုံးများကို မုန်တိုင်းဒဏ်သင့်ဒေသများသို့ အချိန်မီရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်း၊ ဆေးရုံ စသည်ဖြင့် ဦးစားပေးအဆင့်အလိုက် အဆောက်အဦများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် သွားကြရန်နှင့် စိုက်ပျိုးရာသီဖြစ်သည့်အတွက် တောင်သူများအတွက် လိုအပ်သည့် မျိုး စေ့များနှင့် လယ်ယာသုံးကိရိယာစက်များကိုလည်း အမြန်ဆုံးဖြည်ဆည်းနိုင်ရေး စီစဉ် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ထို့သို ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင် ရွက်ရာတွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူလအခြေ အနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ စေတနာရှင်၊ အလှူရှင်များက ပေးပို့လှူဒါန်းသည့် ပစ္စည်း များနှင့် အလှူငွေများကို စနစ်တကျလက်ခံလျက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသများသို့  အမြန်ဆုံး ဖြန့်ခွဲပေးပို့လျက်ရှိကြောင်းနှင့် AHA Center ၏ ပံ့ပိုးကူညီမှုများကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် က မုန်တိုင်း ကြိုကာလနှင့် မုန်တိုင်းဖြစ်ပွားစဉ်ကာလအတွင်း ကော်မတီ၏  လုပ်ငန်းဆောင်ရွက်များ၊ ဆက်သွယ်ရေးလိုင်းများ ပြန်လည်ကောင်မွန်စေရန်ဆောင်ရွက်နေမှု၊ လျှစ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရေး ကြိုးပန်းဆောင်ရွက်နေမှု၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ မှန်ကန်စွာ ရရှိရေးကောက်ခံနေမှု၊  ပြန်လည်ထူထောင်ရေးကာလ သတ်မှတ်နိုင်ရန်လိုအပ်မှု၊ မုန်တိုင်း လွန် ကာလတွင် ကူညီထောက်ပံ့ရေးပစ္စည်းများအား စစ်ဘက်၊ အရပ်ဘက်ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးနေမှုနှင့်ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးအတွက် သယ်ယူပို့ဆောင်ပေးမှုအနေဖြင့် ဇွန် ၅ ရက်နေ့အထိ စစ်ရေ ယာဉ်များဖြင့် ၉ ခေါက်ဖြင့် ကုန်ပစ္စည်းတန်ချိန် ၃၆၁၃.၂၀ တန်နှင့် လူဦးရေ ၈၇၄ ဦး၊ တပ်မတော်လေယာဉ်များဖြင့် ၁၅၂ ခေါက် ကုန်ချိန် ၄၅၄.၆၂၂ တန်နှင့် လူဦးရေ ၃၄၇၇ ဦး၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပို့ဆောင်မှု အနေဖြင့် ကုန်းလမ်း ၂ ခေါက် ၃၂.၀၂ တန် ၊ ရေလမ်းဖြင့် ၉ ခေါက် ကုန်ချိန် ၁၃၇၂၂.၇၃၁ တန်၊ လေကြောင်းဖြင့် ၄ ခေါက် ၀.၆၁၈ တန်၊ အရပ်ဘက်၊ တပ်ဘက် ပို့ဆောင်မှုစုစုပေါင်း ၁၇၇ ခေါက်တွင် ကုန်ချိန် ၁၇၉၃၇.၇၉၁ တန်နှင့် လူဦးရေ ၄၃၅၁ ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့မှု၊ စက်သုံးဆီသုံးစွဲမှုအနေဖြင့် တပ်မတော် စစ်ရေယာဉ်များအနေဖြင့် ရန်ကုန်မှ စစ်တွေသို့ ခရီးစဉ် ၉ ကြိမ်အတွက် ဒီဇယ်ဆီ ၁၉၂၃၅၈ ဂါလံနှင့် ချောဆီ ၁၉၂၇ ဂါလံ ကုန်ကျ ခဲ့ပြီး စစ်တွေမှ သက်ဆိုင်ရာဒေသများသို့ ကုန်ပစ္စည်းများ ဖြန့်ခွဲရာတွင် ခရီးစဉ် ၂၂ ကြိမ်အ တွက် ကုန်ပစ္စည်း တန်ချိန် ၁၅၄၇ တန် ဖြန့်ခွဲပို့ဆောင်ခဲ့ရာ ဒီဇယ်ဆီ ၆၁၂၂၇ ဂါလံနှင့် ချေိာဆီ ၃၅၁ ဂါလံ ကုန်ကျခဲ့၍ စုစုပေါင်း ဒီဇယ်ဆီ ၂၅၃၅၈၅ ဂါလံနှင့် ချောဆီ ၂၂၇၈ ဂါလံ ကုန်ကျခဲ့မှု၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များအနေဖြင့် အခေါက်ရေ ၁၅၂ ခေါက်အတွက် သုံးစွဲကုန်ကျဆီ ၁၄၇၈၃၃ ဂါလံ သုံးစွဲခဲ့မှု၊ အလားတူ အရပ်ဘက် ပို့ဆောင်ရေးယာဉ်များအနေဖြင့် ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်း ပို့ဆောင်မှု ၁၅ ခေါက်တွင် စက်သုံးဆီ ၄၃၁၀၀ ဂါလံ သုံးစွဲခဲ့မှု အခြေအနေများအား လည်းကောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျန်းမာရေးအဆောက် အဦ ၄၉၈ လုံး ပျက်စီးခဲ့ပြီး ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်ပြင်ဆင်နိုင်မှု၊ မုန်တိုင်းတိုက်ခတ် ချိန်မှ မေ ၃၁ ရက်ထိ ပြင်ပလူနာ ၉၂၉၁ ဦး၊ အတွင်းလူနာ ၄၃၄၁ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့မှု၊ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၈၁၅ ဦးရှိခဲ့ပြီး ဆေးရုံတက်ရောက် ကုသရသူ ၁၁ ဦးရှိခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း ရေတွင်း၊ ရေကန်ပေါင်း ၃၀၆၉ ခုတွင် ကလိုရင်းဆေးခတ်ခြင်း၊ သွေးလွန်တုတ်ကွေးရောဂါအတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်နိုင်မှု၊ သောက်သုံးရေကန်များအတွင်း အမှိုက်များ၊ အပင်များ၊ တိရစ္ဆာန်အသေ ကောင်များ ဖယ်ရှားရှင်းလင်းမှုလုပ်ငန်းများအပြင် ကန်ပေါင်များ မြှင့်တင်ပေးနိုင်မှု၊  တည်ဆောက်ရေးလုပ်ငန်းအတွက် သစ်လုံးတန် ၆၄ တန်နှင့် သစ်ခွဲသား ၁၈၃၈ တန်၊ အိမ်ရိုက်သံ ၂၄ တန်၊ သွပ်ရိုက်သံ ၁၃ တန်ကျော်တို့အား ပို့ဆောင်ပေးခဲ့မှု၊ စိုက်ပျိုးမွေးမြူရေး အတွက် ကျွဲကောင်ရေ ၁၁၆ ကောင်၊ ထွန်စက်အစီး ၈၀ ဝယ်ယူဖြည့်တင်းပေးမှု၊ ထိခိုက်ဒဏ်ရာရပြီး နာမကျန်းဖြစ်နေသည့် ကျွဲ၊ နွား ၃၁၈ ကောင်၊ ဝက် ၆၉ ကောင်နှင့် ဆိတ် ၁၀ ကောင်တို့အား ဆေးကုသပေးနိုင်မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် အဆောက်အဦ ၂၂၆ လုံး၊ မကွေးတိုင်းဒေသကြီးတွင် အဆောက်အဦ ၄၄၈ လုံး၊ ချင်းပြည်နယ်အဆောက်အဦ ၁၁၉၈ လုံး ပျက်စီးမှုတို့အား ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က မုန်းတိုင်းသင့်ဒေသများအတွက် ကူညီ ထောက်ပံ့ရေး ပစ္စည်များ လက်ခံ၊ ဖြန့်ခွဲပေးနေမှုနှင့်ပတ်သက်၍ ဇွန် ၅ ရက်နေ့ထိ မြန်မာစီးပွားရေးဘဏ်သို့ ဝင်ရောက်ပြီး အလှူငွေကျပ် ၂၆ ဒသမ ၀၀၉ ဘီလယံနှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သို့ ဝင်ရောက်ပြီးငွေ အမေရိကန်ဒေါ်လာ ၃၇၅၀၀၀ ကျော်ရရှိခဲ့မှု၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ အရန်ဆန် တန်ချိန် ၁၀၀၀၀ (ဆန်အိတ် ၂၀၀၀၀၀) ကို ဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့မှု၊ ရခိုင်ပြည်နယ်အတွက် လျာထားဆန်အိတ် ၆၀၀၀၀၊ အလှူရှင်များမှ လှူဒါန်းသည့် ဆန်အိတ် ၂၁၆၉ အိတ်၊ စုစုပေါင်း ၆၂၁၆၉ အိတ်ကို စစ်တွေသို့ ပို့ဆောင်ပေးခဲ့မှု၊ ချင်းပြည်နယ်သို့ ဆန်အိတ် ၆၄၀ ပို့ဆောင်ခဲ့မှု၊ သွပ်အချပ် ၁၀၀၀၀၀ ဝယ်ယူ၍ စစ်တွေသို့ ပို့ဆောင်ပေးခဲ့မှု၊ လှူဒါန်းမှုမှ ရရှိသည့် သွပ်အချပ်ရေ ၂၀၄၅၀၂ ချပ်ကို စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့မှု၊ ASEAN –ERAT အဖွဲ့နှင့် စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော် နှင့် ပုဏ္ဏားကျွန်းမြို့များတွင် ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့မှု၊  AHA Centre မှ စုစုပေါင်းလေယာဉ် ၇ ခေါက်ဖြင့် ကူညီထောက်ပံ့ရေးပစ္စည်းများ လက်ခံရရှိခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကူညီထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ရာတွင် အုပ်စု အဆင့်လိုက် သတ်မှတ်ခွဲဝေထောက်ပံ့ရန်ကိစ္စရပ်များ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ပေးသည့် မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်များအား စက်သုံးဆီများ ထောက်ပံ့ ပေးရေးဆိုင်ရာများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် အတွင်းရှိ စာသင်ကျောင်းများနှင့် အခြားအဆောင်အဦးများ ပြန်လည်တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အသုံးစရိတ်များ သုံးစွဲရာတွင် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ ထုတ်ယူသုံးစွဲနိုင်မည့်အခြေအနေများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီစစ်ခွင့်ပြုချက်ဖြင့် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေများ၊ ကူညီ ထောက်ပံ့ပစ္စည်းများ ရရှိသုံးစွဲပါက လှူဒါန်းငွေဖြင့်သုံးစွဲမှုနှင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ သုံးစွဲမှုတို့ကို စနစ်တကျစာရင်းပြုစုထားရန် လိုအပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြ သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုအခြေအနေများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ အာဆီယံ၊ ကြက်ခြေနီ အဖွဲ့များနှင့် INGO တို့မှတဆင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်သွယ်ကမ်းလှမ်းဆောင်ရွက် နေမှု၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများတွင် ခွဲခြားမှုမရှိဘဲ မျှတစွာ ဆောင်ရွက်ရန်နှင့် နိုင်ငံရေးအရောင်အသွေးကင်းရှင်းရန် လိုအပ်မှု၊ Humanitarian Country Team အဖွဲ့နှင့် ကူညီရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်နေမှု၊ The Secretary General of ASEAN as the ASEAN Humanitarian Assistance Coordinator(SG-AHAC) လာရောက်၍ ပျက်စီးမှုအခြေအနေများ ကြည့်ရှုမည့်အပေါ် သဘောတူခွင့်ပြုခဲ့မှု၊ နိုင်ငံတကာအကူအညီများနှင့် ပတ်သက်၍ စနစ်တကျရှိစေရေး On-Side Operation Coordination Centre ဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများ  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးက ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသဖြစ်ကြောင်း ကြေညာရာတွင် အချိန်ကာလ နှင့်စပ်လျဉ်း၍ ပထမအကြိမ် ကြေညာသည့် အချိန် ကာလသည် ၂ လအထိ တည်မြဲစေမှု ပထမအကြိမ် ကြေညာပြီးနောက် ပိုင်းခြားသတ်မှတ်ထားသည့် နယ်မြေဒေသမှာ ပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိလာ ခြင်းမရှိဘဲ သဘာဝဘေးအန္တရာယ် ဆက်လက်၍ တည်ရှိနေသည့်အခါ နောက်ထပ်ကြေညာ သည့် ကာလသည် တစ်ကြိမ်လျှင် ၂ လစီအထိ တည်မြဲစေပြီး လိုအပ်သမျှထပ်မံ၍ သတ်တမ်း တိုးကြေညာနိုင်မှု အခြေအနေနှင့် နည်းဥပဒေခွဲ (က) သို့မဟုတ် (ခ) တို့အရ ကြေညာပြီးနောက် သဘာဝဘေးအန္တရာယ် ပေါ့လျော့သွားပြီး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာသဖြင့် ဆက်လက်၍ အရေးပေါ်အခြေအနေ ကြေညာရန် မလိုသည့်အခါ ကြေညာသည့်နေ့မှ အချိန်ကာလ ၂ လ ကုန်ဆုံးသည်နှင့် အဆိုပါကြေညာချက်သည် ရပ်စဲပြီး ဖြစ်မှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီ ၁၂ ခုမှ  ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ  ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများ၌ အရေးပေါ်တုံ့ပြန် ဆောင် ရွက်ခဲ့သည့် အခြေအနေများ၊ ဝန်ကြီးဌာနများအလိုက်ပျက်ဆီးဆုံးရှုံခဲ့မှုများနှင့် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မုန်တိုင်းအလွန်ကာလ စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင်ရွက်မည့် အစီအမံများ၊ သန့်ရှင်းသောသောက် သုံးရေရရှိနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိအောင်ဆောင်ရွက်မှုများ၊ မုန်တိုင်းလွန်ကာလ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စာရင်း ဇယားများမှန်ကုန်စွာရရှိရေး၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ရန်ပုံငွေများ ထုတ်ယူ သုံးစွဲနိုင်ရေး၊ ပြန်လည်ထူထောင်ရေး ကာလ သတ်မှတ်နိုင်ရန်ကိစ္စရပ်များကို  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တပ်မတော်အရာရှိကြီးများက တပ်မတော်အနေဖြင့်လည်း မုန်တိုင်း အန္တရာယ်နှင့် ပတ်သက်၍ ရှေ့ပြေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့မှု၊ ယာဉ်အုပ်စု ၁ စုတွင် တပ်မတော်မှ အရာရှိကြီး ၁ ဦး လိုက်ပါ၍ ယာဉ်အုပ်စု ၁၀ စုကို မေ ၉ ရက်တွင် စတင်စုဖွဲ့ခဲ့ပြီး မေ ၁၂ ရက်နေ့တွင် မုန်တိုင်း ဦးတည်ဝင်ရောက်နိုင်သော ဒေသများသို့စေလွှတ်ခဲ့မှု၊ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု များ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးနေမှု၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်ပါတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။