နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် အောက်တိုဘာ ၁၁

 
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီကော်မတီနာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ နှင့်ဆပ်ကော်မတီများမှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက် အကူပြုများ၊ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၂၀၁၆ ခုနှစ်တွင် (၂၂)ကြိမ်မြောက် ကျင်းပပြီးစီးစဉ်ကစ၍ ဆက်လက် ကျင်းပဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည်မှာ (၅)နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ အားပေးချီးမြှောက်မှု၊ အစိုးရ အဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို မြတ်နိုးကြသူများ၏ တောင့်တ မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့သည့် အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲကြီးကို ရှေးယခင် အခါ များနည်းတူ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးအဖြစ် ခမ်းနားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ နိုင်ခဲ့ပြီ ဖြစ်ကြောင်း။
ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကို ရွက်ဆောင်နိုင်၏ဟု အဆိုအမိန့်ရှိကြောင်း၊ ရိုးရာယဉ်ကျေးမှု၏ ယဉ်ကျေးသောစိတ်ကိုအခြေခံသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ အတွက် ချမ်းသာခြင်းကိုဆောင်ယူလာသည့် ပြိုင်ပွဲကြီးတစ်ရပ်ဟု နိမိတ်ကောင်းကိုဆောင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း။
နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ တွေ့ရှိခဲ့ပြီးဖြစ်သည့် ပရိုင်းမိတ်ရုပ်ကြွင်းအထောက် အထားများအရ ရှေးနှစ်သန်းပေါင်းများစွာကတည်းက လူနှင့်သက်ရှိသတ္တဝါများ၊ သစ်ပင် အစရှိသည့် ရေမြေသဘာဝများဖြစ်တည်ခဲ့ပြီးဖြစ်သည်ဟု ပညာရှင်များကသတ်မှတ်ထား ကြောင်း။
နိုင်ငံ၏ နေရာဒေသများစွာတွင် ကျောက်ခေတ်နှောင်း၊ ကြေးခေတ်၊ သံခေတ် အစရှိ သည့် သမိုင်းဖြစ်စဉ်များဖြတ်သန်းပေါ်ပေါက်ခဲ့သည့် အထောက်အထားများလည်း အခိုင်အမာ ရှိပြီးဖြစ်ကြောင်း၊ လူအများစုဖွဲ့နေထိုင်ရာမှ ရေမြေဒေသသဘာဝကိုလိုက်၍ သက်ဆိုင်ရာ မျိုးနွယ်တူအစုအဝေးများကိုအကြောင်းပြုသည့် ဘာသာစကား၊ ဒေသိယအသုံးအနှုန်းများ အပြင် ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ လူ့ယဉ်ကျေးမှုဆိုင်ရာ အလေ့အထ များစွာကို ပိုင်ဆိုင်ထားရှိခဲ့ကြပြီးဖြစ်သကဲ့သို့ မြို့၊ ရွာများသက်ဆိုင်ရာ ပဒေသရာဇ်နိုင်ငံငယ် များဆင့်ကဲထူထောင်ခြင်း၊ စီးပွားရေးလူမှုရေးသာမက အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စွမ်းအားများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်တိုးမြှင့်ဆောင်ရွက်ခြင်းများရှိခဲ့ကြောင်း။
လူသားတို့ အသက်ရှင်နေထိုင်ရန် အဆင့်ဆင့်ကြိုးပမ်းခဲ့ကြသည့် အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ကိရိယာများ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာအထောက်အထားအမှတ် အသားများ၊ ဂူနံရံဆေးရေးပန်းချီ ၊ အနုသုခုမဆိုင်ရာတူရိယာပစ္စည်းအစရှိသည့် အထောက် အထားများကို တစ်ဆင့်ပြီးတစ်ဆင့်တွေ့ရှိထားပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်သည့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ပျူမြို့ပြနိုင်ငံများထွန်းကားခဲ့မှုသည် အစောဆုံးတွေ့ရသည့်အထောက်အထားများဖြစ် ကြောင်း၊ ပျူခေတ်ဦးကို ပညာရှင်များက ၂ ရာစုဘီစီဟု သတ်မှတ်ခဲ့ကြကြောင်း၊ တကောင်း၊ ဟန်လင်း၊ မိုင်းမော၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့သည် ထင်ရှားသည့်ပျူမြို့တော် ဟောင်းများ ဖြစ်ကြကြောင်း၊ ပျူတို့သည် ရေသွင်းစိုက်ပျိုးရေး၊ လက်မှုအတတ် ပညာမျိုးစုံ တတ်မြောက်ခဲ့ကြကြောင်း၊ ဒင်္ဂါးသွန်းလုပ်မှု၊ ကျောက်မျက်အဆင်တန်ဆာဖန်တီးမှု၊ ရွှေကို နန်းခတ်သည့် အတတ်ပညာ၊ စဉ့်အိုး၊ မြေအိုးလုပ်ငန်းများအပြင် နန်းတော်များ၊ သာသနိက အဆောက်အုံများနှင့်နေအိမ်များကို စနစ်တကျတည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ဗုဒ္ဓဘာသာ ကိုလည်း ကိုးကွယ်ယုံကြည်ခဲ့ကြပြီးဖြစ်ကြောင်း။
တူးဖော်မှုအထောက်အထားများအရ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘကုန်း က ဗုဒ္ဓစာပေကို ပျူဘာသာဖြင့်ရေးထိုးထားသည့် ရွှေပေလွှာ အချပ် ၂၀ ကိုတွေ့ရှိခဲ့ကြောင်း၊ " ယေဓမ္မာ ဟေတုပ္ပဘဝါ " အစချီ ဂါထာများပါဝင်ကြောင်း၊ ထို့ပြင် ပျူပန်တျာသည် ကြေးရုပ် ၅ ရုပ်ကိုလည်း ကပြတီးမှုတ်ဟန်များနှင့်အတူ တူးဖော်တွေ့ရှိရကြောင်း၊ အေဒီ-၈၀၂ ခုနှစ်တွင် အိမ်နီးချင်းတရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ပျူအနုပညာရှင် များအဖွဲ့၏ တူရိယာ ၂၂ မျိုးနှင့်အတူ အဆင့်မြင့်မားစွာ ဖျော်ဖြေတင်ဆက်နိုင်ခဲ့သည့် အထောက်အထားများလည်း ခိုင်လုံစွာ ရှိနေခဲ့ပြီဖြစ်ကြောင်း။
ပျူခေတ်ကိုဆက်ခံသည့် ပုဂံ ၊ ပင်းယ ၊ အင်းဝ ၊ တောင်ငူ ၊ ညောင်ရမ်းနှင့် ကုန်းဘောင် အစရှိသည့် ခေတ်အဆက်ဆက်၌ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုရေးရာ အနုသုခုမ ပညာရပ်များ အဆင့်ဆင့်ထွန်းကားခဲ့သည်မှာ ယနေ့ မျက်မှောက်ကာလအထိပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွစုစည်း နေထိုင်ခဲ့ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စာပေနှင့် အနုသုခုမယဉ်ကျေးမှုပေါင်းများစွာသည်လည်း ပေါကြွယ်ဝစွာတည်ရှိနေဆဲ ဖြစ်ကြောင်း၊ ယခုနှစ် ကျင်းပမည့် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များက စုပေါင်းပါဝင်ယှဉ်ပြိုင်သွားကြမည် ဖြစ်ကြောင်း။
လွတ်လပ်ရေးရပြီး ၁၉၅၁ခုနှစ်နှင့် ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်ပန်တျာနှင့် ပန်းချီ၊ ပန်းပုကျောင်းများကို ရန်ကုန်နှင့် မန္တလေးမြို့များ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်မှ စတင်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထိုကျောင်းနှင့် တက္ကသိုလ်များမဖွင့်လှစ်မီကတည်းက ပညာရှင်ကြီးများအဆက်ဆက်သည် ရိုးရာအနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းစနစ်ဖြင့် ထိန်းသိမ်းဆင့်ပွားခဲ့ကြကြောင်း၊ နိုင်ငံ၏သမိုင်းနှင့်ယှဉ်၍ ပေါ်ပေါက်လာခဲ့သည့် ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်အထိ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကိုသတ်မှတ်သည့်အခါ အဆိုပါနိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းအားများအပြင် သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍကိုလည်း ထည့်သွင်းသတ်မှတ်လေ့ရှိကြကြောင်း၊ မိမိတို့ နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရှည်လျားသည့်ယဉ်ကျေးမှုသမိုင်းကြောင်း များနှင့်ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်များကို စတင်ထမ်းဆောင်စဉ် ကတည်းက ဦးတည်ချက် ၉ ရပ်ချမှတ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေးဆိုင်ရာ ဦးတည်ချက်များတွင် "တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး"ဟူသည့် ဦးတည်ချက်ကို အခိုင်အမာ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။
ယနေ့စတင် ကျင်းပမည့် အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲကြီးတွင် မြန်မာတို့၏ ကိုယ်ပိုင်အဖိုးတန်ရတနာများဖြစ်သည့် သီချင်းကြီး၊ သီချင်းခံ၊ အဆို၊ အတီးပြိုင်ပွဲများ၊ ကိုယ်ပိုင်အနုပညာ စစ်စစ်ဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးအပါအဝင် မြန်မာ့တူရိယာပစ္စည်း တီးခတ်မှုပြိုင်ပွဲများ၊ ကမ္ဘာသုံးတူရိယာများဖြစ်သည့် စန္ဒရား၊ ဒုံမင်း၊ မယ်ဒလင်၊ တယော၊ ဂီတာအစရှိသော တူရိယာများကို မြန်မာသံမြန်မာဟန်ဖြင့် ယှဉ်ပြိုင်တီးခတ်မည့်ပြိုင်ပွဲများ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များနှင့်ငြိမ့်ညောင်းစွာ ကပြကြမည့်အကပြိုင်ပွဲများ၊ မြန်မာအကအခြေခံဖြစ်သည့် ကဗျာလွတ်အကပြိုင်ပွဲများ၊ နှုတ်မှုစွမ်းရည်ပြ ကွက်စိပ်ပြိုင်ပွဲများ၊ ကမ္ဘာကအလေးအနက်ထားရသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာပြိုင်ပွဲများအပြင် အာရှတိုက် ဒေသတွင်းနိုင်ငံများက အမြတ်တနိုးတန်ဖိုးထားကြသည့် ရာမာယဏပြိုင်ပွဲကြီးကိုလည်း မူရင်းရာမာယဏဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ထူးကဲစွာယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးသည် ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဟု ဆိုသော်လည်း ခေတ်အလျှောက်ပေါ်ထွန်းလာခဲ့သည့် ရသမြောက်ခေတ်ဟောင်းတေးနှင့် ကာလပေါ်တေး များအပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းများကိုလည်း ခေတ်နှင့်ယဉ်ပါး သည့် ခေတ်လူငယ်များ သီဆိုယှဉ်ပြိုင်နိုင်ကြရန် ထည့်သွင်းစီစဉ်ထားပြီးဖြစ်ကြောင်း။
ဆယ်စုနှစ်သက်တမ်း ထက်ဝက်ကျော်ခန့်ရပ်နားထားခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲ၏ အားပေးချီးမြှောက်မှု၊ ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ၏ ကြိုးပမ်းမှုနှင့် ပညာရှင်ကြီးများပံ့ပိုးမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ယနေ့အချိန်အခါတွင် ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပညာရှင်ကြီးများ၊ မျိုးဆက်သစ် ပြိုင်ပွဲဝင်များအနေဖြင့် လည်း မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့အမျိုးသား ယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင်လက်ဆင့်ကမ်းသယ်ဆောင် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တို့က (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် အနုပညာရှင်များက ဂီတစာဆို အလင်္ကာကျော်စွာ ဦးမောင်မောင်လတ် ရေးစပ်သီကုံးထားသော “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ဖွင့်ပွဲ ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြိုင်ပွဲကျင်းပရေးဦးစီကော်မတီဝင်များသည် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ တို့မှ ကော်မတီဝင်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်သည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာ များမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်ပိုမိုထွန်း ကားလာစေရန် ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေးစသည့် ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။