နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၀

          ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာမဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေး နာယက အဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် သည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗျာဒိတ် ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် ဟူသော မှတ်တမ်းအရ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာ ဘုရားရှင်၏ ထူးခြားသောဖြစ်တော်စဉ် ၄ ရပ်ဖြစ်သည့် ဗျာဒိတ်တော်ခံယူတော်မူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ တို့ဖြစ်သည့် အတွက် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အမြတ်ဆုံးနေ့အဖြစ် မှတ်ယူကြကြောင်း။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကို အမှီပြု၍ သဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင် အား ရည်မှန်းအာရုံပြု၍ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များ အနက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်ကို အစဉ်အလာအရ ကျင်းပ သည့် ရိုးရာပွဲတော်အဖြစ် သတ်မှတ်လာခဲ့ သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း။

မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော် မူသောနေ့တွင် အတူတကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဘက်တော် ခုနစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ရှိစေရန်  များစွာ အထောက်အကူပြုခဲ့သည့်အတွက် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်း ဖြစ်ကြောင်း၊  မြေဓာတ် တွင် ရေခမ်း သည့် ကဆုန်လကဲ့သို့သော နွေကာလတွင် မဟာဗောဓိ ပင်များကို ကဆုန်ညောင်ရေသွန်းလောင်းခြင်းသည် မဟာဗောဓိပင်များ စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်းနှင့် သက်တော်ထင်ရှားရှိသော ဘုရား ရှင်အား ပူဇော်ရာရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံ အဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးကိုလည်း နှလုံးစိတ်ဝမ်း အေးချမ်း စေလျက် တူညီသော အကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည်  ဗုဒ္ဓဘာ သာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေ ညီလာခံ” တွင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို နိုင်ငံတကာဝိသာခါအခါတော်နေ့ (International Vesak day or Visākha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း

          နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနား ကျင်းပခြင်းကို ယခင်က နေပြည်တော် ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် (၁၃) ကြိမ်မြောက်မှစ၍ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်လာခဲ့ သည်မှာ ၃ နှစ်မြောက်ရှိပြီဖြစ်ကြောင်း။  

          ကဆုန်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်း၌  ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားဖြစ်သည့်  "ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနား ကျင်းပခြင်း၊ ဆီမီးတိုင်များကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်း" စသည့် အခမ်းအနားများကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်ကြောင်း။

မဟာဗောဓိပင်တော်များကို  ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့်အတူ ဗုဒ္ဓနေ့ ဆိုင်ရာအခမ်းအနားများကို နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီဖွဲ့စည်းမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး က ဧပြီလ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၈၉/၂၀၂၃ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့ ဦးစီးကော်မတီဖြစ်သည့် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်  လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက် နိုင်ရန် ဧပြီ လ ၁၈  ရက်က လုပ်ငန်းကော်မတီနှင့်အတူ ဆပ်ကော်မတီ ၁၃ ခု ဖွဲ့စည်း၍ လုပ်ငန်း တာဝန်များ  ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။

ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြတ်စွာဘုရားရှင်၏ ထူးခြား သည့် ဖြစ်တော်စဉ် ၄ ရပ်ကို စာတမ်းများပြုစုဖတ်ကြားမည့် စာတမ်းရှင် ဆရာတော် ၄ ပါး ရွေးချယ်ပေးနိုင်ရေးအတွက် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသ နာပိုင် သီတဂူဆရာတော်ကြီးနှင့် ဗုဒ္ဓတက္ကသိုလ် ၃ ခုမှ ပါမောက္ခချုပ်ဆရာတော်ကြီးများကို လျှောက်ထားပြီးဖြစ်ကြောင်း၊ ထို့အတူ ပါမောက္ခချုပ် ဆရာတော် ၃ ပါးက သဘာပတိ အဖွဲ့ အဖြစ် ဆောင်ရွက်ပေးနိုင်ရေးကိုလည်း  လျှောက်ထားပြီးဖြစ်သည်ကိုသိရကြောင်း။

ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲကိုလည်း နိုင်ငံတော်အဆင့်နှင့် အညီ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ အခမ်းအနားအတွက်လိုအပ်သည့် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များ ကိုင်ဆောင်မည့်သူ အမျိုးသမီး ၁၀၀၀  ရရှိရေးကို လည်းစီစဉ်လျာထားပြီးဖြစ်ကြောင်း၊ လိုအပ်သည့် မော်တော်ယာဉ် အရေအတွက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်သည့်အတွက် အဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်မည်ဟုယုံ ကြည်ပါကြောင်း။

သတ်မှတ်ထားသည့် စစ်ကြောင်းအလိုက် လှည့်လည်ပူဇော်မည့် သရုပ်ပြ မော်တော်ယာဉ်များကို တာဝန်ယူဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော် အဆင့်နှင့်အညီ သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ကြရန်လိုအပ်ပြီး နိုင်ငံပိုင် Media များမှ  တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည့်အတွက် ပိဋကတ်စာပေ နှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း။

ယခုကျင်းပမည့် မဟာမင်္ဂလာအခမ်းအနားများကို အပိုင်း ၅ ပိုင်းခွဲ ကျင်းပသွား မည်ဖြစ်သည့်အတွက်  ကျင်းပမည့် နေရာများနှင့် ဆက်စပ်နေရာများကို လုံခြုံရေးအရ အခမ်းအနားကျင်းပပြီးဆုံးသည်အထိ လွှမ်းခြုံနိုင်အောင် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ စနစ်တကျစီမံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊  ဆပ် ကော်မတီများနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ကြရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆွေးနွေး အကြံပြုတင်ပြလိုသည်များကိုပွင့်လင်းစွာရှင်းလင်း တင်ပြကြစေလိုကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားများ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များ ကိုလည်းကောင်း၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီး ဦးအေးထွန်း က ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် အတူ ဗုဒ္ဓနေ့ဆိုင်ရာအခမ်းအနားများ ကျင်းပမည့်အစီအစဉ်များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဆီမီးတိုင်များကိုင်ဆောင် လှည့်လည်ပူဇော်ရေးဆပ်ကော်မတီ၊ ဓမ္မ သဘင်ဆင်ယင်ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ စာတမ်းဖတ်ပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ပွဲအခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သရုပ်ပြ မော်တော်ယာဉ်များပြုလုပ်ရေးဆပ် ကော်မတီ၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲကျင်းပရေးနှင့် မဏ္ဍပ်များဆောက်လုပ်ရေး ဆပ်ကော် မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတာဝန်ရှိသူများက ကဆုန်လပြည်ဗုဒ္ဓနေ့ဆိုင်ရာမဟာ မင်္ဂလာ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး နှင့်စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုသက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများက ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာမဟာ မင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။