နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ချက်

 အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံသူ အစွန်းရောက်များ၊ CRPH အမည်ခံ မတရားအသင်း၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များ တည်ရှိရာ နေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။

၂။    ၎င်းတို့အနေဖြင့် CRPH မတရားအသင်းနှင့် ၎င်းအသင်းနှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့် အာဏာရှင်ဆန်သည့် ထုတ်ပြန်ချက်၊ ပြောကြားချက်တို့ အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိရာ နေရာများ၌လည်း လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အစဉ်မပြေ ခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသဖြင့် မိမိတို့နေရပ်ဒေသ အသီးသီးသို့ ပြန်လာလိုသည့် ဆန္ဒများ ဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။

၃။ မိမိနေရပ်ဒေသ အသီးသီးမှ စွန့်ခွာ တိမ်းရှောင်နေရသူများသည်လည်း မိမိတို့နိုင်ငံသားများသာ ဖြစ်သဖြင့် ၎င်းတို့အနေဖြင့် တိမ်းရှောင် ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသ အသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ နေရပ်ဒေသ အသီးသီးသို့ တိမ်းရှောင်နေရသူများ အနေဖြင့် အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန် ထားသူများမှအပ မိမိတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏ နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ အရေးယူမှုမရှိဘဲ ပြန်လည် ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံ အုပ်ချုပ်ရေး ကောင်စီများနှင့် ပြည်ပရောက် နိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် သတင်း ထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ