နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်ကြီးဒေါ်အေးသဇင်မြင့်က အောက်ပါအတိုင်း ရှင်းလင်းဖြေကြား ခဲ့ပါသည်-

မေး။   ဇူလိုင် ၇ ရက်နေ့က ပဲခူးမြို့မှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို အသုံးပြုကာ NLD ထောက်ခံသူအကြမ်းဖက်သမားက ဗုံးထောင်ထားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တပ်မ တော်သားတစ်ဦး  အသက်ဆုံးရှုံးလိုက်ရတယ်လို့ ကြားသိရပါတယ်ခင်ဗျ။ အဆိုပါသတင်းဖြစ်စဉ်အမှန်ကို သိလိုပါတယ်ခင်ဗျာ။

ဖြေ။   လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးတာ၊ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ဖြစ်စဉ်အမှန်က ပဲခူးမြို့ ရုံးကြီးရပ်ကွက် ကျုံးဘေးရှိ အများပြည်သူ အပန်းဖြေရာနေရာတွင် ဇူလိုင်လ ၇ ရက် နံနက် ၉ နာရီခန့်တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျုံးဘေးတွင်  စိုက်ထားသည့်  ပုဏ္ဍရိက်ပင်ကြား၌ အချင်း ၁ ပေ၊ အနက် ၆ လက်မခန့်ရှိ ပေါက်ကွဲနေရာတစ်ခု၊ ဝန်းကျင်တွင် ၉ ဗို့ဓာတ်ခဲအပိုင်းအစများနှင့် မူလီအသေး ၅၀ လုံး တို့ကိုတွေ့ရှိရပြီး လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် သန့်ရှင်းရေးဆောင်ရွက်နေသည့် အလုပ်သမားတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ လူနာကိုတော့ ပဲခူးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးလျက်ရှိပြီး မိုင်းဖောက်ခွဲခဲ့သော အကြမ်းဖက်တရား ခံများအား ဖမ်းဆီးရမိရေး ဆောင် ရွက်လျက်ရှိပါတယ်။

မေး။   BBC ကနေပြီးတော့ ဒီပဲယင်းမြို့နယ်မှာ စစ်ရှောင်တွေရှိတဲ့  တောထဲထိ  တပ်မတော်ကနေ လိုက်လံ ပစ်ခတ်နေတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ ဒီဖြစ်စဉ် မှန်မမှန်သိချင် ပါတယ်။

ဖြေ။   လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို တောထဲထိလိုက်လံ ပစ်ခတ်ဖမ်းဆီးတယ်ဆိုတဲ့ BBC သတင်းက မမှန်ပါ။ ဇွန်လ ၂၅ ရက်တွင် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာနေ ဦးနုတင်သိန်း ၅၂ နှစ်အား အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားသည့်ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ PDF လို့ ခေါ်တဲ့ လက်နက် ကိုင်အကြမ်းဖက်သမားတွေက ရွာထဲကိုဝင်ပြီးတော့ ပြည်သူတွေကို လူအင်အား၊ လက်နက် အင်အားနဲ့ ခြိမ်းခြောက်တာတွေလုပ်လာပါတယ်။ ဒီဒေသတွေသည် ယခင်က တပ်မတော်စစ်ကြောင်းတွေ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားစရာမလိုသည့် တည်ငြိမ်အေးချမ်းတဲ့ နေရာတွေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေနဲ့ ထိတွေ့မှုနည်းတဲ့ဒေသဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ဖမ်းဆီးမယ်၊ ရိုက်နှက်ညှဉ်းဆဲမယ် စသည်ဖြင့်ခြောက်လှန့်ထားတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ  ကျေးရွာအနီး ရောက်ရှိတာနဲ့ ဒေသခံပြည်သူတွေ  ထွက်ပြေးကြတဲ့အခြေအနေ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီလိုဖြစ်အောင် လည်း တမင်ဖန်တီးနေတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ရွာတွေဆိုတဲ့ အသုံးအနှုန်းဟာ အနောက်မျှော်မီဒီယာတွေ အမြဲသုံးနေကျဖြစ်ပါတယ်။ အဲ့ဒီဒေ သမှာ စစ်ဖြစ်တာမရှိပါဘူး။ ဒေသခံတွေအနေနဲ့ ဘာအပြစ်မှလုပ်ထားတာမရှိလို့  ရှောင်စရာလည်း မလိုပါဘူး။ ဒါ့အပြင် တိုက်ပွဲရှောင်စခန်းတို့၊ ဒုက္ခသည် စခန်းတို့ဆိုသည်မှာ ဖွင့်ချင်တိုင်းဖွင့်၊ နေချင်တိုင်း နေလို့မရပါဘူး။ ဒါကို သိဖို့လိုပါမယ်။ လက်နက်ကိုင် အကြမ်းဖက်သမားတွေဟာ ဒေသခံတွေကို ခုတုံးလုပ် ပြီး အဘက်ဘက်က ကူညီထောက်ပံ့မှုတွေကိုလိုချင်လို့ ဒေသခံပြည်သူတွေရဲ့ ဘဝကိုချနင်းနေတာဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ စုပေါင်းအင်အားကိုယူပြီး ဒီအကြမ်းဖက်လက်နက်ကိုင်တွေကို လက်မခံဖို့၊ ရောက်လာခဲ့ရင်လည်း တာဝန်ရှိသူ တွေကို သတင်းပေးဖို့လိုပါမယ်။ ဒါမှသာ အဲ့ဒီဒေသတွေဟာ အရင်လို ပြန်လည်အေးချမ်းတည်ငြိမ်မှာဖြစ်ပါတယ်။

မေး။   ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားအနီးရှိ စုပေါင်းဂိတ်တွင် ဇူလိုင် ၇ ရက်ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့်  ပြည်သူတစ်ဦးသေဆုံးသွားခဲ့တယ်လို့  DVB TV News မှ ရေးသားဖော်ပြမှုနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို သိချင်ပါတယ်။

ဖြေ။   ကချင်ပြည်နယ်  ဝိုင်းမော်မြို့နယ်  ဗလမင်းထင်တံတား  လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သောင်းကျန်းသူများဖြတ်သန်းမှုမရှိစေရေး၊ မူးယစ်ဆေးဝါးများနှင့် တရားမဝင် ကူးသန်းရောင်း ဝယ်မှုများ မရှိစေရေး စစ်ဆေးလျက်ရှိရာ ဇူလိုင်လ ၇ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်၌ ဝိုင်းမော်မြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော နက်ပြာရောင် Pajero ယာဉ်တစ်စီးသည် လုံခြုံရေးအဖွဲ့များအား မြင်တွေ့သဖြင့်  ဝိုင်းမော်ဘက်သို့ပြန်လှည့်၍ မောင်းနှင်ထွက်ပြေးသွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက  ရပ်တန့် စေရန်ရည်ရွယ်၍ လက်နက်ငယ်တစ်ချက်  မိုးပေါ်ထောင်ဖောက် ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိ သည့်အပြင် လုံခြုံရေးအဖွဲ့များရှိရာသို့ ယာဉ်ပေါ်မှ ပြန်လည်ပစ်ခတ်ထွက်ပြေးခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် Pajero ယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်သော ကျည်ကြောင့် စစ်ဆေးရေးဂိတ်အနီး သစ်သီးမျိုးစုံရောင်းချနေသော ဒေါ်စီစီ အသက် (၃၅)နှစ် လီဆူ/ခရစ်ယာန် စီတာပူရပ် ကွက် ငွေပျော်ကောင်းအပိုင်းနေထိုင်သူ၏ ဝဲတင်ပါး ဖောက်ဝင်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ပို့၍ ဆေးကုသမှုပေးနေစဉ် ညနေ ၅ နာရီ ၅၅ မိနစ်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့မှု ဖြစ်ခဲ့ပါတယ်။

မေး။   လူမှုကွန်ရက်ပေါ်မှာ ‘‘တပ်မတော်သတင်းမှန် ပြန်ကြားရေး’’ ဆိုတဲ့အမည်နဲ့ Page တစ်ခုကို တွေ့ရှိရပါ တယ်ခင်ဗျ။ အဆိုပါ Page ဟာ တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ Page အမှန် ဟုတ်မဟုတ် သိလိုပါတယ်။ အကယ်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ Page မဟုတ်ဘူးဆိုရင် လည်း သတင်းအမှားများ မပြန့်ပွားမီ ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ မေးမြန်းရခြင်းဖြစ်ပါတယ်။

ဖြေ။   တပ်မတော်သတင်းမှန်ပြန်ကြားရေး Facebook Page ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့တွင် Facebook Team ကနေ သတင်းမှန်တွေ ထုတ်ပြန်ပေးလို့မရအောင် ဖြုတ်ချထားတာဖြစ်ပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေး Facebook Page အသုံးပြုလို့ ရစဉ်ကတည်းက တပ်မတော်သတင်းမှန်ပြန်ကြားရေး Page အတုတွေနဲ့ တပ်မတော်ကို ပုတ်ခတ်တဲ့ သတင်းတွေတင်နေတာတွေရှိပါတယ်။ အခုလည်း လူတွေယုံမှား သံသယဖြစ်အောင် တပ်မတော် သတင်းမှန်ပြန်ကြားရေး Page  အတုတက်လာပြီး သတင်းအမှားတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က Facebook Page ထပ်မံဖွင့်လှစ်ဖို့ မရှိသေးပါကြောင်း တစ်ခါတည်း ဖြေကြားလိုပါတယ်။