နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည် ဖြေကြားခြင်း

မေး။  မေလ ၂၆ ရက်နေ့က တပ်ကနေပြီးတော့ ကယားပြည်နယ်၊ ဒီးမော့ဆို ခရစ်ယာန် ဘုရားကျောင်းကို ပစ်ခတ်ခဲ့တယ်လို့ လူမှုကွန်ရက်မီဒီယာတွေမှာ သတင်း တင်ထားတာ တွေ့နေရပါတယ်။ အဲ့ဒီအခြေအနေလေး သိချင်ပါတယ်။

ဖြေ။   ယခုရက်ပိုင်းအတွင်း ကယားပြည်နယ်မှာ လက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ အကြမ်းဖက် ဆူပူသောင်းကျန်းသည့် ပူးပေါင်းအဖွဲ့တွေဟာ မြို့၊ ရွာ ရဲစခန်း၊ စာသင်ကျောင်း၊ အစိုးရအုပ်ချုပ်မှုဆိုင်ရာရုံးတွေကို လက်နက်ကြီး၊ လက်နက်ငယ်၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးမှုတွေ ပြုလုပ်လာတာရှိပါတယ်။ မေလ ၂၁ ရက်နေ့မှာ ဒီးမော့ဆိုမြို့မ ရဲစခန်းကို စခန်းအရှေ့ဘက်ရှိ ထေရဝါဒတောင်တန်း သာသနာပြု ဘုန်းကြီးကျောင်းအတွင်းမှ လည်းကောင်း၊ မေလ ၂၃ ရက်တွင်လည်း မိုးဗြဲမှ လွိုင်ကော်သို့ ထွက်ခွာလာတဲ့ လုံခြုံရေးအဖွဲ့တွေကို နွားလပို့လမ်းဆုံနား အရောက်မှာ ကယန်းသာယာရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းအတွင်းမှ လည်းကောင်း သာသနာရေး အဆောက်အဦတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။   ဘုရားကျောင်းအတွင်းမှ ၎င်းတို့ပစ်ခတ်ခဲ့တဲ့ ကျည်ခွံတွေတွေ့ရှိရတာကို  ပုံနှင့်တကွ သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဒါက လက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ အကြမ်းဖက် ဆူပူသောင်းကျန်းတဲ့ ပူးပေါင်းအဖွဲ့တွေက   လူနေအိမ်တွေ၊ အုပ်ချုပ်မှုအဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦတွေကို အကာအကွယ်ယူပြီး တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာဖို့ မြို့၊ ရွာ လုံခြုံရေး လုပ်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာတာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ကတော့ မြို့တွင်းတိုက်ပွဲထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်း(ROE) ပါ   မိမိကိုယ်ကို ခုခံပိုင်ခွင့် စည်းမျဉ်းသတ်မှတ်ချက်များ အတိုင်းသာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ရတာ ပဲရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ဘာသာရေးကျောင်းတွေကို အကြောင်းမဲ့ ပစ်ခတ်ခြင်း မရှိပါဘူး။

မေး။  မနေ့က   ခေတ်သစ်မီဒီယာမှာ သတင်းတစ်ခု တင်ထားပါတယ်။ ထားဝယ်မြို့မှာ မီးကွင်းပစ်တာတွေ၊ စာသင်ကျောင်း မီးရှို့တာတွေက တပ်က လုပ်တာပါဆိုပြီး ထားဝယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(DPDF)က ကြေညာချက် ထုတ်ထားပါတယ်။ ဒီအခြေအနေလေး သိချင်ပါတယ်။

ဖြေ။   ဒီအချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်အမည်ခံပြီး အကြမ်းဖက်မှုတွေ မြို့၊ ရွာအနှံ့ပြုလုပ်နေတာ အားလုံးသိပြီးဖြစ်မှာပါ။  အခုကြေညာချက်ကလည်း ထား ဝယ်မြို့မှာ သူတို့အဖျက်အမှောင့် လုပ်ပြီး မဟုတ်တဲ့ ပုံစံနဲ့ ကြေညာချက် ထထုတ်တာပါ။ တနင်္သာရီဒေသမှာ လက်နက်ကိုင် အကြမ်းဖက်ဖို့ စစ်သင်တန်းပေးနေတာတွေ၊ အဖျက်အမှောင့် လုပ်နေတဲ့သတင်း တွေလည်း လူမှုကွန်ရက်မှာ တွေ့နေရပါတယ်။ ဒီ PDF တွေပဲ မီးကွင်းပစ်တာတွေ၊ စာသင်ကျောင်းမီးရှို့တာတွေ လုပ်ဆောင် နေတာပဲဖြစ်ပါတယ်။

မေး။  NUG က ဒေါက်တာဇော်ဝေစိုးက နွေဦးတော်လှန်ရေး အရှိန်အဟုန်နဲ့ ပြောင်းလဲလာကြောင်းနဲ့ လိုအပ်တာတွေ ပြင်ဆင်ဖို့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်းထားဖို့ လိုအပ်ကြောင်း ပြောကြားနေမှု အပေါ် ဖြေကြားပေးပါ။

ဖြေ။   ဒီသတင်းကို Mizzima News in Burmese သတင်းပေ့ချ်က မေလ ၂၆ ရက်နေ့မှာ တင်ထားတာတွေ့ရပါတယ်။ သူ့စာထဲမှာ နွေဦးတော်လှန်ရေးကို Gen-Z လူငယ်နဲ့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေက ဦးဆောင်နေတာဆိုပြီး အကြမ်းဖက်မှုတွေ ပိုမိုပေါ်ပေါက်လာစေဖို့ သွေးထိုး မြှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ စားနပ် ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်းပြင်ဆင်ထားဖို့ ပြောတာကတော့ ပြည်သူလူထုကြားထဲ ကြောက်ရွံ့စိုးရိမ်စိတ်တွေ ပေါ်ပေါက်လာစေဖို့အတွက် ကောလာဟလဖြန့်ချိတာပါပဲ။ ဇော်ဝေစိုးအနေနဲ့ ဒီလိုလုပ်တာ ဒါနဲ့ဆို ၂ ကြိမ်ရှိပါပြီ။ ယခင်ကလည်း အလားတူ ပြောဆိုမှုမျိုး လုပ်ခဲ့တာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖျက်အမှောင့် အားပေးတဲ့ မီဒီယာတွေ၊ NUG ကဲ့သို့ပြည်ပြေး အစိုးရတွေရဲ့ ကောလာဟလ သတင်းအမှားတွေကို မယုံကြည်ဖို့၊ သွေး ထိုးမှုတွေမှာ နားမယောင်ဖို့ ပြောလိုပါ တယ်။

မေး။  စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဇင်ရွာမှာ ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရတဲ့ ဖြစ်စဉ်နဲ့ ဒေသခံတွေကို တပ်မတော်က ဘာတွ ေဆောင်ရွက်ပေးဖို့ ရှိလဲသိပါရစေ။

ဖြေ။   စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဇင် ရွာမှာ သတင်းပေး ဒလန်ဆိုပြီး အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့သမီးကို အိပ်နေတဲ့အချိန်မှာ ဝင်ရောက်သတ်ဖြတ်ခဲ့ပြီး ရွာမှာ ဆူပူအကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွား ရောက် ထိန်းသိမ်းခဲ့တာပါ။ ဒါကို ရွာထဲကနေပြီး အကြမ်းဖက်အဖွဲ့တွေက လက်နက် တွေနဲ့ တိုက်ခိုက်ခဲ့လို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။   ကျေးရွာအနေနဲ့ ဒီအကြမ်းဖက်အဖွဲ့တွေကို လက်မခံရင် ဒီလိုအခြေအနေတွေ မဖြစ်နိုင်ပါဘူး။

မေး။  ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ရဲ့မိသားစုတွေဟာ သမ္မတများအတွက် သတ်မှတ်ထား တဲ့ အိမ်တော်မှာ ဝင်ရောက်နေထိုင်နေတယ် ဆိုပြီး The Irrawaddy-Burmese Edition ပေ့စ်မှာ သတင်း တင်ထားတာ တွေ့ရပါတယ်။ အဲ့ဒီအခြေအနေလေး သိပါရစေ။

ဖြေ။   သတင်းအမှားပါ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ မိသားစုအနေနဲ့ သမ္မတအိမ်တော်မှာ နေထိုင်ခြင်း လုံးဝ (လုံးဝ)မရှိပါဘူး။