နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ၁၃၈၃ ခုနှစ် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်

၁၃၈၃ ခုနှစ် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား

 

နှစ်ဟောင်းမှ နှစ်သစ်ကိုကူးပြောင်းတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန် ကာလဟာ မြန်မာနိုင်ငံသားတို့ရဲ့ ရိုးရာဓလေ့ပွဲတော်များအနက် ထူးခြား လေးနက်မှုရှိတဲ့ ပွဲတော်တစ်ရပ်ပဲဖြစ်ပါတယ်။

နှစ်ဟောင်းကနေ  နှစ်သစ်ကိုကူးတဲ့     ဒီလိုအချိန်ခါမှာ ပြည်ထောင်စု အတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ၊ မင်္ဂလာရှိတဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ၊ ကောင်းကျိုးလိုအင် ဆန္ဒများပြည့်ဝကြပါစေ၊ COVID-19 ကပ်ရောဂါဘေးကြီးကလည်း ကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြန်ကြည့်မယ်ဆိုရင် COVID-19 ကပ်ရောဂါဖြစ်ပွားလာခဲ့တဲ့ စိန်ခေါ်မှုနဲ့အခက်အခဲတွေ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တဲ့ ကြီးမားတဲ့ မဲစာရင်း မှားယွင်းမှုများကြောင့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်အာဏာကို အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ တာဝန်ပေးအပ်လာတဲ့အတွက် တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ရပြီး ပုံမှန်ကာလမဟုတ်တဲ့အခြေအနေကို ရင်ဆိုင် ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်နေစဉ်ကာလအတွင်း ပြည်သူတွေရဲ့ ဆန္ဒနှစ်ခုဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း မိဘပြည်သူ များရဲ့ဆန္ဒများ ပြည့်ဝစေရေးအတွက် အစွမ်းကုန်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ အစိုးရအဖွဲ့ တစ်ခုတည်းသာ မဟုတ်ဘဲ မဏ္ဍိုင် များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားဖို့လိုပါမယ်။ အရေးကြီးဆုံးကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပြီး ညင်သာတဲ့ အသွင်ကူးပြောင်းမှုကို  ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားလုံးက အမြင်ကျယ်ကျယ်၊ ဉာဏ်ပညာ ရှိရှိဖြင့် ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း တိုက်တွန်းလိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နဲ့ ပြည်သူ လူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးနဲ့ အတူတကွလက်တွဲပြီး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက်တဲ့ နေရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံစဉ်းစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ စီးပွားရေးအခြေခံ အဆောက်အအုံတွေ ခိုင်မာရေးအတွက် အရေးကြီးတဲ့စီးပွားရေး အင်စတီကျူးရှင်းတွေကို အားပေး တာတွေ၊ သေချာတဲ့ ကုန်ထုတ်လုပ်မှုတွေကို အားပေးတာတွေ လုပ်ဆောင် ရမှာဖြစ်ပါတယ်။

ယခုလို COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး တိုင်းရင်းသား ပြည်သူ လူထုအတွက်ကာကွယ်ရေး၊ ကုသရေးတို့တွင်မျက်ခြည်မပြတ် စောင့်ကြည့် ဆောင်ရွက်ပေးလျက်ရှိရာမှာ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် အိန္ဒိယ နိုင်ငံထုတ်၊ တရုတ်နိုင်ငံထုတ်၊ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးများကိုလူဦးရေ ၁၅ သန်းကျော်အား ဦးစားပေးအဆင့် ၃ ဆင့်၊ အုပ်စု ၅ စုခွဲ၍ ထိုးနှံ ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိတွင်ကာကွယ်ဆေး ၃ သန်းခွဲရောက်ရှိနေပြီး ထပ်မံ၍ ၂၈ သန်း ရောက်ရှိမှာဖြစ်ပြီး ပြည်သူလူထုအတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာမှ အလုပ်လုပ် နိုင်မယ်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကျန်းမာမှသာ မိမိတို့ရဲ့ အနာဂတ်ကို  ကောင်းမွန်စွာ ဖန်တီးနိုင်မှာပဲ  ဖြစ်ပါတယ်။  

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေနိုင်ဖို့ အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် မည်သည့်ကိစ္စမျိုးကိုမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင် အထည်ဖော်နိုင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ  ပါဝင်နေကြတဲ့အဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေအနေဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေး၊ လူမှု စီးပွား ဘဝဖွံ့ဖြိုး တိုးတက်စေရေးနဲ့ ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်စေဖို့အတွက် ပူးပေါင်းဆောင်ရွက် စေလိုပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ရဲ့တိုးတက်မှုဟာ ဖြစ်ထွန်းစေမှာဖြစ်ပါ တယ်။

ယခုလို ၁၃၈၃ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန် ကာလအခါသမယမှာ ကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ဟောင်းတွေမှ အားနည်းချက်တွေကိုပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ် မြှင့်တင် ပြီး နိုင်ငံတော်နဲ့နိုင်ငံသားတို့အတွက် ပေးဆပ်သယ်ပိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဖွားတိုင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာ ရွှင်လန်းစွာဖြင့် ကျွန်တော်တို့နှင့်အတူ ပြည်ထောင်စုအကျိုးကို လက်တွဲ ဆောင်ရွက်ကြပါစို့လို့ ဆန္ဒမွန်ပြုနှစ်သစ်ဦး အမှာစကားပါး လိုက်ပါတယ်၊ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ ခင်ဗျာ။