နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြား

နေပြည်တော်  ဧပြီ  ၈

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တပ်နယ် အားကစားခန်းမ၌ တောင်ကြီးတပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင် နှင့်ဇနီး၊ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ၁၉၈၈ ခုနှစ် မှစတင်ကာ  တပ်မတော် ဦးဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီ စနစ်လျှောက်လှမ်းနိုင်စေရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ကို ရေးဆွဲကာ ပြည်လုံးကျွတ် ထောက်ခံအတည်ပြုခဲ့မှုအခြေအနေများ၊  ၂ဝ၁ဝ  ပြည့်နှစ်တွင်     ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သော်လည်း NLD ပါတီအနေဖြင့် သပိတ်မှောက်ကာ ပါဝင်ခဲ့ခြင်း မရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ် အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ရေးနှင့်   နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံဖွံ့ တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ အတိုက်အခံပါတီဖြစ်သောNLD ပါတီအနေဖြင့် ပါတီစုံစနစ်တွင် ပါဝင်လာနိုင်စေရေး စည်းရုံးခြင်းအပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ ပြင်ဆင်၊ ပယ်ဖျက်ပေးခဲ့သည့် အခြေအနေများ၊ တပ်မတော် အနေဖြင့် အစိုးရ အဆက်ဆက်တွင် အမျိုးသားနိုင်ငံရေး ခံယူချက်များဖြင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ခဲ့မှု အခြေအနေများအား အသေးစိတ် ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ပြောကြားရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် နိုင်ငံရေး အကျပ်အတည်းများ၊ ပြင်ပနိုင်ငံများ၏   ဖိအားပေးမှုများနှင့် လက်နက်ကိုင် ပဋိပက္ခများအကြား ဆောင်ရွက်ခဲ့ရမှု အခြေအနေများ၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အားမလိုအားမရဖြစ်ခဲ့ရပြီး ၎င်းကို အခွင့်ကောင်းရယူ ၍ NLD ပါတီအနေဖြင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိစေရေး ပြောင်းလဲချိန်တန်ပြီ စာသားဖြင့် မက်လုံးပေး အာမခံချက်များဖြင့် မဲဆွယ်စည်းရုံးခဲ့မှု အခြေအနေများ၊ ၂ဝ၁၅    ခုနှစ်  ရွေးကောက်ပွဲ၌  NLDပါတီအနိုင်ရရှိခဲ့ပြီး  အစိုးရအဖွဲ့  ဖွဲ့စည်း ဆောင်ရွက်ကာ နိုင်ငံတော်ကို အုပ်ချုပ် ခဲ့ရာတွင်လည်း မဲဆွယ်စည်းရုံးစဉ် ပြောကြားချက်များ၊ ကတိ၊ ကဝတ်များကို အကောင် အထည်ဖော်ဆောင်မှု မရှိသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံဥပဒေကို တားမြစ်သည့် ကြားမှ ရေးဆွဲကာ  ဒီမိုကရေစီ အနိုင်ကျင့်သည့် ပုံစံဖြင့် ပြဋ္ဌာန်းအတည်ပြုခဲ့မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခန့်အပ်၍ နိုင်ငံတော်အဆင့် ဝါစဉ်ထုတ်ပြန်သည့်အခါ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့အကြားတွင် အဆင့်ထားရှိ ထုတ်ပြန်ခဲ့မှု၊နိုင်ငံရေး၊ စီးပွားရေးတို့တွင် လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ခြင်း မရှိခဲ့မှု၊ ဘာသာရေးတွင်လွဲမှားသည့် ခံယူချက်များအတိုင်း ဆောင်ရွက်ခဲ့သဖြင့်   ဘာသာ သာသနာ ညှိးနွမ်းလာမှု၊ ပြည်သူများက တပ်မတော်အပေါ်  အထင်အမြင် လွဲမှားလာစေရေး   အဖွဲ့အစည်းမျိုးစုံ အသုံးပြု ဆောင်ရွက်ခဲ့မှု၊ ပြည်ပနိုင်ငံခြားသားများကို အကြံပေးများခန့်အပ်၍ နိုင်ငံတော်၏ လွတ်လပ်စွာ စီမံခန့်ခွဲရေးကို ထိပါးလာသည့်အပြင် နိုင်ငံတော် ဘဏ္ဍာငွေနစ်နာ ဆုံးရှုံးခဲ့မှု၊ နိုင်ငံတော်၏ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်နှင့်  စီးပွားရေးတို့ပါ ကျဆင်းလာမှုကြောင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်သည့် ပြည်သူလူထုက  ထောက်ခံအားပေးမှု မရှိတော့သည့်အပြင် မဲမပေးရေး No Vote ပြုလုပ်ရန် ဆောင်ရွက်လာမှုနှင့် ယင်းသို့ ဖြစ်ပေါ်လာခြင်းကြောင့်   NLD ပါတီ အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရရှိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လာမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားရာတွင် ရွေးကောက်ပွဲ၌ နစ်နာခဲ့သည့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ အပေါ် စိစစ်ပေးနိုင်ရန် တပ်မတော်အား တောင်းဆိုလာသဖြင့် မဲစာရင်းများအား စစ်ဆေးခဲ့ရာ မဲမသမာမှု ၁ဝ ဒသမ ၄ သန်းကျော်    မှားယွင်းနေမှု အခြေအနေများ၊ မဲစာရင်းများနှင့် ပတ်သက်၍ အမှန်တကယ် စစ်ဆေးရန် တာဝန်ရှိသော ရွေးကောက်ပွဲ ကော်မရှင်ကို တာဝန်ယူ စစ်ဆေးပေးရန် အကြောင်းကြားမှု အခြေအနေ၊UEC မှ ဖြေရှင်းပေးမှု မရှိသဖြင့် လွှတ်တော်၊ အစိုးရတို့အား အဆင့်ဆင့် တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိခဲ့သည့်အပြင် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အတင်းအဓမ္မရယူရန်  ကြိုးပမ်းလာမှုတို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တပ်မတော်က ထိန်းသိမ်းဆောင်ရွက်ခဲ့ရမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  အပ်နှင်းထားသည့် ကာလအတွင်း ထိန်းသိမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့အား အရပ်သား အဖွဲ့ဝင်အများစုဖြင့်   ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ နိုင်ငံ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများကို ယခင်အစိုးရအဆက်ဆက် ချမှတ်ထားသည့် မူဝါဒများအတိုင်း   ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရွေးကောက်ပွဲ ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်း၍ မဲစာရင်းများ စစ်ဆေးရာ စစ်ဆေးပြီး မြို့နယ် ၉၈ မြို့နယ် ၏ စစ်ဆေးမှုတွင်   ယခင်ကော်မရှင်မှ ကြေညာထားသည့် မဲစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းတို့တွင် ၄ သန်းကျော် ကွာဟမှု၊ ၎င်းမြို့နယ်များတွင် မဲလက်မှတ် ၁၄ သန်း ကျော်ထုတ်ယူခဲ့ပြီး ၉ သန်းကျော် အသုံးပြုကာ ၅ သန်းကျော် ပျောက်ဆုံးနေမှု အခြေအနေများနှင့် ကျန်ရှိသည့်မြို့နယ်များကို ဆက်လက်စစ်ဆေး ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးပြောကြားသည်။

ယင်းနောက် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေနှင့်   ပတ်သက်၍ ပြောကြားရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုမှ တစ်ဆင့် ဆူပူမှုဖြစ်ပေါ်လာအောင်လှုံ့ဆော် လာမှု၊ CDM လှုပ်ရှားမှုနှင့် တရားမဝင် ဖွဲ့စည်းသော CRPH ပေါ်ပေါက်လာကာ ပြည်ပနိုင်ငံများမှ ထောက်ပံ့ငွေများ ရယူ၍ ဆန္ဒပြသူများကို ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှု၊ ၎င်းမှတစ်ဆင့် ခြိမ်းခြောက် အကျပ်ကိုင်မှု ၎င်းမှနှောက်ယှက်ဖျက်ဆီးမီးရှို့မှုသို့ ပြောင်းလဲခဲ့ပြီး လက်ရှိ တရားမဝင် လက်နက်များ ကိုင်စွဲပစ်ခတ်လာသည့် အကြမ်းဖက်မှုနှင့်အငြိုးအတေးဖြင့် ဥပဒေမဲ့ သတ်ဖြတ်လာမှု စသည့်အဆင့် ဆင့်   ပြောင်းလဲလာမှု အခြေအနေများ၊ ဆူပူအကြမ်းဖက်သူများအား အခကြေး ငွေပေး၍ အလုပ်ရုံ၊စက်ရုံ၊ ရဲစခန်းနှင့် အုပ်ချုပ်ရေး အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခြင်း၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထိုသို့ ဆောင်ရွက်လျက်ရှိသော်လည်း မီဒီယာအချို့နှင့် အနောက်နိုင်ငံ အများစုက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်မှု ပုံစံမျိုးများကိုသာ ထုတ်လွှင့်ပြောဆို ဖော်ပြလျက်ရှိသည့်   အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကို   ရုန်းရင်းဆန်ခတ်မှုလက်စွဲဥပဒေ (၁၉၅၆ ခုနှစ်)နှင့် လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်း လက်စွဲစာစောင် (၂ဝ၁၅ ခုနှစ်)ပါအတိုင်း အဆင့်ဆင့် ထိန်းဦးမ်း ဆောင်ရွက်မှု အခြေအနေများနှင့် နိုင်ငံတကာတွင်လည်း ဆူပူဆန္ဒပြမှုများအပေါ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား နှိုင်းယှဉ်သုံးသပ် ရှင်းလင်း ပြောကြားသည်။

၎င်းနောက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍနှင့် ပတ်သက်၍ ပြောကြားရာတွင် ၂ဝ၁၉ ခုနှစ်၌ ကောက်ယူရရှိသည့် စာရင်းဇယားအရ နိုင်ငံတော်တွင် ကျောင်းမနေသည့် ကလေးငယ် ၃.၇ သန်းရှိပြီး နှစ်စဉ်ကျောင်းတက်မှု လျော့နည်းခြင်းကြောင့်   ပညာရေး နိမ့်ပါးလာမှု အခြေအနေများ၊    ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်းမာရေးနှင့် ပတ်သက်၍  မိမိတို့နိုင်ငံတွင် ဆေးရုံပေါင်း   ၁၁၇၇   ရုံရှိသော်လည်း ဆရာဝန်များ CDM လှုပ်ရှားမှုတွင် ပါဝင်နေသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍများစွာ ဒုက္ခရောက်နေသောကြောင့် တပ်မတော် ဆေးရုံများတွင် လက်ခံကုသပေးနေမှု အခြေအနေများ၊   ဆေးရုံများ   အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် ဆေးရုံ ၇၉၃ ရုံ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသော ဆေးရုံများ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  ထို့ကြောင့် CDM လှုပ်ရှားမှုသည်   အစိုးရကို ဆန့်ကျင်သည့် Civil Disobedience Movement မဟုတ်ဘဲ    နိုင်ငံဖျက်သည့် လှုပ်ရှားမှု   Country Destructive Movementသာ ဖြစ်ကြောင်း၊ အလားတူ မတရားအသင်း ကြေညာထားသည့် CRPH သည်လည်း Committee Representing Pyi-pyay Hluttaw ပြည်ပြေးလွှတ်တော်ကော်မတီဖြစ်နေမှန်း မသိဖြစ်နေပြီ ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကဏ္ဍတွင် ဆက်စပ်မှု ရှိသော လျှပ်စစ်မီးပြည့်ဝစွာ ရရှိစေရေး၊ ဆိုလာ၊ ရေအားလျှပ်စစ် စနစ်များ ဆက်လက် လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မဟုတ်မမှန်လှုံ့ဆော်မှုများကို သတိထားဆင်ခြင်ရန်၊ ဆူပူအကြမ်းဖက်သူများသည် မူးယစ်ဆေးဝါးများ အသုံးပြု၍ ဖမ်းဆီးသတ်ဖြတ် မီးရှို့ခြင်းများ ဆောင်ရွက်နေသဖြင့် သွားသတိ၊ လာသတိ၊ စားသတိ၊ နေထိုင်မှု သတိရှိစွာ ပြုမူနေထိုင်ရန်၊ တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ရေပက်မဝင်အောင် တည်ဆောက်ရန်၊ တစ်ဦးချင်း ကျန်းမာရေး၊ တပ်ရင်း၊ တပ်ဖွဲ့များ ကျန်းမာရေးအား    ဂရုစိုက်နေထိုင်ရန်နှင့် ကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊    မျက်ခြည်မပြတ် ကြည့်ရှုစစ်ဆေးခြင်း၊ ကုသခြင်းများ ဆောင်ရွက်ရန်၊ ကျန်းမာပျော်ရွှင်စေရန် အတွက် အဖွဲ့လိုက် လုပ်ဆောင်ရသည့်   အားကစားများနှင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ရန် တို့အား မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ အဖွဲ့ဝင်တို့က တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့်    ချီးမြှင့်ငွေများ ပေးအပ်ကြပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား   ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။