နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဇူလိုင် ၂

  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

  အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအေးထွန်း၊ ဦးထွန်းအုံ၊ ဗိုလ်မှူးချုပ်လူမွန်နှင့် ဦးသန့်စင်၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊  ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

   အစည်းအဝေးတွင် ဦးစီးကော်မတီနာယက က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဇွန်လ  ၁၁ ရက်စွဲပါစာဖြင့် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီကို နာယက ၊ ဉက္ကဋ္ဌ အပါ အဝင် အဖွဲဝင် ၁၃ ဦးဖြင့် လည်းကောင်း၊ လုပ်ငန်းကော်မတီကို ဒုတိယဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင် ၁၃ ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်ကို သိရကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသည် နှစ်စဉ်ကျင်းပနေသည့် အခမ်းအနားဖြစ်သော်လည်း ယခုကာလတွင် ကိုဗစ်-၁၉ ဗီဇပြောင်း ကူးစက်မြန်ရောဂါ ပြန်လည် တွေ့ရှိနေသည့် ကာလနှင့်လည်း တိုက်ဆိုင်နေကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အနေဖြင့် အဆိုပါကပ်ရောဂါ ( Third Wave) ကို အမြန်ဆုံး ချုပ်ငြိမ်းရန် စနစ်တကျကိုင် တွယ်ထိန်း ချုပ်ကုသနေသည့် ကာလလည်းဖြစ်ကြောင်း၊ ထို့ကြောင့် အခမ်းအနား ကျင်းပသည့်အခါ  ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီပြင်ဆင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

    ယခုကျင်းပမည့် အခမ်းအနားသည် ဗုဒ္ဓဘုရားရှင်က ဝိနည်းသိက္ခာပုဒ် နှစ်ခု ပညတ်၍ သုံးစွဲရမည့် ကာလနှင့်  အတိုင်းအတာပမာဏကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သံဃာတော်များ အတွက် မိုးတွင်းကာလအတွင်း မိုးရေခံသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခွင့်ပြုရန် ဝိသာခါကျောင်းအမကြီး၏ လျောက်ထားချက်အပေါ် ခွင့်ပြုခဲ့ခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် မိုးရေခံသင်္ကန်း အလှူ တစ်နည်းအားဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း အခမ်းအနားဖြစ်သည့်အတွက် မွန်မြတ်သည့် ကာလဒါန အလှူလည်းဖြစ်ကြောင်း၊ ကျောင်း၊ သင်္ကန်း၊ ဆေး၊ ဆွမ်း ၄ ပါးအနက် သင်္ကန်းကို မပင်မပန်း ဆက်ကပ်လှူဒါန်း ရသည့်အတွက် လက်တွေ့ဘဝတွင်သာမက နောင်အနာဂတ်ဘဝ အတွက်ပါ အကျိုးကျေးဇူးများ ခံစားရမည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်သက်ဝင်ကြပါကြောင်း၊ ထို့ကြောင့် ဝါဆိုကာလရောက်တိုင်း ဗုဒ္ဓဘာသာဝင်တိုင်းက ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းကို အစဉ် အလာမပျက် ဆောင်ရွက်ခဲ့ကြောင်း၊  မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက် အနေဖြင့် ဝါဆိုကာလ တွင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ပြည့်စုံတော်မူသည့် သံဃာဥသျှောင် သံဃာတော်များကို ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းသည် ဗုဒ္ဓ၏ အလိုဆန္ဒအတိုင်း မိုးရေခံသင်္ကန်း တစ်နည်း အားဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း ဖြစ်ပြီး  မွန်မြတ်သည့် အလှူတော် မင်္ဂလာလည်းဖြစ်ကြောင်း၊ ယခုနှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် နိုင်ငံတော် သံဃာမဟာနာယက ဆရာတော်ကြီး ၂ ပါး၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ၉ ပါး၊ နေပြည်တော် သံဃာနာယက ဆရာတော် ၄ ပါး၊ မြို့နယ်သံဃ နာယကဆရာတော်ကြီးများနှင့် စာသင်တိုက်ပဓာနနာယက ဆရာတော်များ စုစုပေါင်း ၂၇ ပါးကို ပင့်လျှောက်ကာ နိုင်ငံတော်အဆင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း။

  သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း သတိ၊ ဝိရိယ၊ မမေ့မလျော့ဖြင့် မိမိတို့၏  လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ပြင်ဆင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာ၌ ဆွမ်း စသည့် ဝေရာဝစ္စများတွင် မိုးတွင်းကာလ နှင့် ပတ်သက် သည့် ရောဂါများ မဖြစ်ပွားစေရန် အရေးကြီးပြီး ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ အထူးဂရုပြု ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  ထို့အတူ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာလ ဖြစ်သည့် အတွက် တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်ကြီးများနှင့် ဝေယျာဝစ္စ ဆောင်ရွက် ရမည့်ပုဂ္ဂိုလ်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊စည်းကမ်းများ၊ ညွန်ကြားချက် များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍ အလိုက်ဆောင်ရွက်ပြီးသည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့် ဆောင် ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။

  ထို့နောက် ဦးစီးကော်မတီ ဉက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို   က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်း က လုပ်ငန်း ကော်မတီက ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

  ထို့နောက်အခမ်းအနား ကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဖိတ် ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကောမတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေး ဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေး ဆပ်ကော်မတီ၊ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေး ဆပ် ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်နှင့် ဦးမောင်မောင်ဝင်း တို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

  ထို့နောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

  ဆက်လက်၍ အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ၂၀၂၁ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆက်ကပ် လှူဒါန်းမည့် လှူဖွယ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။