နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၀

  တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်း တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရခဲ့သည်မှ ယနေ့အချိန်အထိ တပ်မတော်က နိုင်ငံတော်ကို လွတ်လပ်ရေးရရှိ အောင်နှင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ခဲ့ရသဖြင့် နိုင်ငံတော်၏ သမိုင်းနှင့် တပ်မတော်၏ သမိုင်းကိုခွဲခြား၍ မရကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍသည် နိုင်ငံတော်က ပေးအပ်ထားသော နိုင်ငံရေး အမွေပင်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတမှ နိုင်ငံတော်ပြန်တမ်းဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲကျင်းပမှုမှ တစ်ဆင့် သမ္မတကိုရွေးချယ်ခြင်း၊ ဥပဒေပြု လုပ်ငန်းများနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲပုံစံအရ လွှတ်တော်အား ဒေသ အလိုက် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များစုပေါင်း၍ ပြည်သူ့လွှတ်တော်ဖြစ်လာကြောင်း၊ အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အချိုးညီရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များသည်လည်း အမျိုးသားလွှတ်တော် ဖြစ်လာ ကြောင်း၊ လွှတ်တော်နှစ်ရပ်ပေါင်း၍ ပြည်ထောင်စု လွှတ်တော်ဖြစ်လာကြောင်း၊ မိမိတို့ရွေးချယ်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များက သမ္မတကို ရွေးချယ် ရကြောင်း၊ အချို့နိုင်ငံများတွင် သမ္မတအား ပြည်သူများကတိုက်ရိုက်ရွေးချယ်ကြပြီး အချို့နိုင်ငံများတွင် အာဏာရပါတီ ခေါင်းဆောင်များက ဝန်ကြီးချုပ် အစိုးရအဖွဲ့ အကြီးအကဲများအဖြစ် တာဝန်ယူ၍ အဆောင်အယောင် သမ္မတများခန့်အပ်ထား ကြကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုမရှိဘဲ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဥပဒေပြ ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်ကြသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ သည်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ လျှောက်လှမ်းလျက် ရှိကြောင်း။

၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မိမိအနေဖြင့် ကြိုတင်မဲပေးခြင်း မပြုခဲ့ဘဲ တပ်မတော်သားများနှင့်အတူ ပါဝင်ဆန္ဒမဲပေးခဲ့ကြောင်း NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ချိန်၌ အားနည်းချက်များ ရှိခဲ့သဖြင့် ပြည်သူများက အားမလိုအားမရမှု များဖြစ်ခြင်းကြောင့် ၂၀၁၉ ခုနှစ် ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ချိန် တွင် ပျမ်းမျှအားဖြင့် ၁၄ ရာခိုင်နှုန်းကျော်ခန့်သာ မဲပေးခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း မဲမပေးရေး (No Vote) ဟု လှုံ့ဆော်မှုများ ရှိခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ်အထွေထ ွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ရှိသည့် ဒေသများတွင် ဒေသခံတိုင်းရင်းသားပါတီများက အနိုင်ရရှိခြင်း မရှိဘဲ NLD ပါတီကသာ အနိုင်ရရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ အချို့ကိုယ်စားလှယ်လောင်း များအနေဖြင့် မိမိတို့ဒေသတွင် ဆန္ဒမဲရရှိမှု လုံးဝမရှိသည်အထိရှိခဲ့သည်မှာ မဲမသမာမှုများ ဆောင်ရွက်ခဲ့ခြင်းသည် ပေါ်လွင်နေကြောင်း၊ ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဲမသမာမှုပြုလုပ်ခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း၊ ပြည်သူလူထုက မျှော်မှန်းထားသည့် ဒီမိုကရေစီ မျှော်မှန်းချက်များကို ရိုက်ချိုးခံရခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးလောဘ၊ အာဏာလောဘများဖြင့် မသမာသည့် နည်းလမ်းများနှင့် တိုင်းပြည် အပေါ်ဆောင်ရွက်သွားခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အာဏာကို ထိန်းသိမ်းပေးခြင်းဖြစ်ပြီး အာဏာ သိမ်းခြင်းမဟုတ်ကြောင်းကို နားလည်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီများ ဖွဲ့စည်းရာတွင် တပ်မတော် သားများဖြင့်ဖွဲ့စည်းထားခြင်းမရှိဘဲ အရပ်သားများပါဝင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးနေခြင်းသာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ယွင်းမှုမရှိဘဲ မိမိတို့အနေဖြင့် အခြေခံဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီအလေ့ အကျင့်မပျက်စေရန်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့်ပတ်သက်ပြီး ပါဝင်ပြီးဖြစ်ကြောင်း၊ ယခုအခါအကြမ်းဖက်ဆူပူမှု များဖြစ်ပွား ချိန်တွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်လျက်ရှိ ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) အား ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် သတ်မှတ်ကာလအတွင်း ကျင်းပနိုင်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်သားများ အားလုံးသည် ပြည်သူများကြားမှ ပေါက်ဖွားလာခြင်း ဖြစ်သဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ ဆက်ဆံရေး ကောင်းမွန်စေရေးအတွက် တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကို ယခင်ကတည်းကပင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများ၏ လိုအပ်ချက် များကိုဖြည့်ဆည်း‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု အပေါ် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကာကွယ် ဆောင်ရွက်ပေးနေကြောင်း၊ ယခု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး နှစ်လတာ ကာလအတွင်း နေရာ တော်တော်များများတွင် ပြန်လည်တည်ငြိမ်လာခြင်းသည် တပ်မတော်သည် နိုင်ငံတော် အတွက်၊ ပြည်သူအတွက် ခိုင်ခိုင်မာမာ ရှိနေခြင်းကို ပြခြင်းဖြစ်ကြောင်း။

ဆူပူဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုနှင့်  လုယက် မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဆူပူမှုများကိုဖြိုခွင်းရာတွင်လည်း ဒီမိုကရေစီနည်းလမ်း အရ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ အကြမ်းဖက်ဆူပူမှုများကို ဖြိုခွင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့ အကြမ်းဖက် ဆူပူသူများ ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲသဖြင့် (၇၆)နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်များချီးမြှင့်ခဲ့ကြောင်း။

    တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေး အတွက် အဓိကဆောင်ရွက်ရမည်ဖြစ် ပြီး တပ်မတော်သားများ အနေဖြင့် စစ်သားပီသစွာ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေး အရတာဝန်ယူချိန်တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အစဉ်အလာကောင်းများ ရှိနေသည့် မိမိတို့တပ်မတော်ကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သား တစ်ဦးချင်း၏ အရည်အသွေး၊ တပ်ဖွဲ့တစ်ခုချင်း၏ အရည်အသွေး၊ ဌာနချုပ်များ အလိုက်ရှိသည့် စုစည်းသည့် အင်အားနှင့် အရည်အသွေးများကို ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သည်စုစည်းသည့်အင်အား ခိုင်ခိုင်မာမာရှိခြင်းကြောင့် မိမိတို့အနေဖြင့် တိုင်းပြည်ကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း ပင်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံ့အရေးတာဝန်၊ နိုင်ငံရေးတာဝန်ကို ယူထားရခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် လုပ်ငန်းများအား တာဝန်ကျေစွာ ဆောင်ရွက် သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာ ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။

    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပုသိမ်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး၊ ပုသိမ်တက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့ရှိ အစည်းအဝေးခန်းမ များတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဆရာ၊ ဆရာမ များအတွက်  ပညာရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား၍ လိုအပ်သည်များ မှာကြားခဲ့သည်။

   အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည်လည်း ပုသိမ်မြို့ရှိ၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် ဒေသခံပြည်သူများအား ကြည့်ရှုအားပေးစကား ပြောကြားပြီး တိုင်းသံဃာ့ဆေးရုံခန်းမ၌ ဆေးရုံမှဝန်ထမ်းများအား တွေ့ဆုံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက COVID-19 ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

    ထို့နောက် ပုသိမ်မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရုံး၌ ဒေသခံပြည်သူများ COVID-19 ရောဂါကာကွယ်ရေး လာရောက် ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။