နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၉

သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit)ကို ယနေ့နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

ဦးစွာ သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး(7th GMS)  ဖွင့်ပွဲ အဖြစ် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏အောင်မြင်မှုများ ဗွီဒီယိုကိုပြသသည်။ ယင်းနောက် အိမ်ရှင်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန် က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ နိုင်ငံ့ အကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌတို့က မိန့်ခွန်း အသီးသီး ပြောကြား ကြသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်းပြောကြားရာတွင် ၁၉၉၂ ခုနှစ်မှစ၍ ဆယ်စုနှစ် ၃ ခုနီးပါး လျှောက်လှမ်းလာခဲ့သော GMS အစီအစဉ်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လုပ်ဆောင်ရာတွင် သိသာထင်ရှားသော အောင်မြင်မှုများရရှိခဲ့သဖြင့် ဂုဏ်ယူပါ ကြောင်း၊ “ခွန်အားသစ်များဖြင့် ဆယ်စုသစ်၏စိန်ခေါ်မှု များကို ရင်ဆိုင်မည်” ဆိုသည့် ယခု ထိပ်သီးအစည်းအဝေး ခေါင်းစဉ်သည် GMS ဒေသခွဲ အတွက် လက်ရှိအချိန်နှင့် အကိုက်ညီဆုံး၊ အသင့်တော်ဆုံးပင် ဖြစ်ပါကြောင်း၊ GMS မဟာဗျူဟာမူဘောင် (၂၀၁၂-၂၀၂၂) အရ ကဏ္ဍအလိုက် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအနေဖြင့် မဟာမဲခေါင် ရထားအဖွဲ့အစည်း (Greater Mekong Railways Association - GMRA) ကို ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ပို့ဆောင် ရေး လွယ်ကူချောမွေ့စေမှု (Cross-border Transport Facilitation Agreement-CBTA) စာချုပ်များနှင့် နောက်ဆက်တွဲများကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။

ဒေသတွင်းကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ဖွံ့ဖြိုးမှုအတွက် GMS အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးစင်္ကြံများမှာ အလွန် အရေးပါ ကြောင်းနှင့် ၎င်းတို့အနက် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်းသည် မြန်မာ နိုင်ငံအတွက်အလွန်အရေးပါသည့် လမ်းကြောင်းဖြစ်ပါကြောင်း၊ ဗီယက်နမ်(ဒါနန်း) မှ ရန်ကုန်(သီလဝါ)အထိ ဆက်သွယ်ထားသည့် အဆိုပါစင်္ကြံသည် မဟာမဲခေါင် ဒေသခွဲ နိုင်ငံများအတွင်း ချိတ်ဆက်မှုအားကောင်းစေပြီး ကုန်သွယ်မှုပိုမို အဆင်ပြေချောမွေ့ စေမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် GMS ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အတွက် လမ်းပြမြေပုံအဖြစ် ဖော်ဆောင်ပေးမည့် ယနေ့ ထိပ်သီး အစည်းအဝေးတွင် အတည်ပြုထုတ်ပြန်မည့် GMS စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀ ကို ကြိုဆိုပါ ကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် GMS ဒေသ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား၌ ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပြီး လူသားများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် ထိခိုက်မှုများ ဖြစ်ပွားစေခဲ့ကာ အခက်အခဲများကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးရရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ ငွေရေးကြေးရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အရင်းအမြစ်တို့အပြင် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ဖြေရှင်းရေး အစ ရှိသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကပ် ရောဂါ သက်‌ရောက်မှုကြောင့် ထိခိုက်ခဲ့ရသည့်အခြေအနေများကို တုံ့ပြန်ဆောင်ရွက် ရာတွင် GMS ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေး စီမံချက် (၂၀၂၁-၂၀၂၃)ကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေ ဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကပ်ရောဂါကြောင့် ထိခိုက် ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွား ရေး ဟူသောနည်းလမ်းနှစ်ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိပါကြောင်း။

စိန်ခေါ်မှုများ မည်သို့ပင်ရှိစေကာမူ မိမိတို့အနေဖြင့် အခက်အခဲအမျိုးမျိုးကြား က ရင်ဆိုင်ကြုံတွေ့နေရသည့် တတိယလှိုင်းကို ကျော်ဖြတ်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ကာကွယ်ဆေးထိုးခြင်း လွှမ်းခြုံမှု ၅၀% ရှိစေရေး မျှော်မှန်း၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် နိုင်ငံများနှင့် မိတ်ဖက် အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် အခက်အခဲများရှိနေသော်လည်း လိုအပ်တဲ့ဆေးဝါးနှင့် ဆေး ပစ္စည်းများကို အဆွေတော် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန် ၏ စီစဉ်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ အထူး လေယာဉ်များဖြင့် ပို့ဆောင်လှူဒါန်း ပေးမှုနှင့် နယ်စပ်ကတစ်ဆင့် တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေသည့် တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ကြီးမားသည့် မဲမသမာမှုများပြုလုပ်ပြီး လွှတ်တော်ခေါ်ယူရန် ကြိုးစားခဲ့ခြင်းကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး မြန်မာ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁ ရက် နေ့မှစပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို စတင် ထမ်းဆောင်ခဲ့သည်မှာ ယခုဆိုလျှင် ၇ လ ကျော်ကာလရှိပြီဖြစ်ပါကြောင်း၊ ထိုသို့ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်းတွင် နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်က သွေဖီမသွားစေရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ အနက် ပထမအချက်ဖြစ် သည့် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အခြားလုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အသစ်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေး တွေ့ရှိချက်အရ မဲမသမာမှု ပြုလုပ်ခဲ့သည့် မဲပေါင်း ၁၁ ဒသမ ၃ သန်းကျော် ရှိသည်ကို တွေ့ရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍  အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်း အဝေး၏ သဘောတူညီချက်(၅)ရပ်ကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) H.E Dato Erywan Pehin Yusof ကို အာဆီယံဥက္ကဋ္ဌ၏  အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အဆိုပြုချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်ခံခဲ့ပြီး အာဆီယံခေါင်းဆောင်များ သဘောတူညီချက်(၅)ရပ်၏ မူဘောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် မူဘောင်၊ အာဆီယံမူဘောင်များနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ရှိရင်းစွဲ နှစ်နိုင်ငံသဘောတူညီချက် များနှင့် အပြည်ပြည်ဆိုင်ရာကတိကဝတ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။ 

မိမိတို့အားလုံး ပူးပေါင်း၍ ဒေသတွင်းရှိ ပြည်သူအားလုံးအတွက် အကျိုး ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးနှင့် အားလုံးပါဝင်နိုင်ရေး တို့ကို ဆက်လက်ဦးစားပေး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် GMS အပြင် အာဆီယံနှင့်ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အခြားသော ဒေသတွင်းနှင့် ဒေသခွဲ စီးပွားရေး ပေါင်းစည်းမှုများတွင်လည်း ကတိကဝတ်များကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မိမိတို့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်အနေဖြင့် အသိအမှတ်ပြုဖွယ်ကောင်းသည့် တိုးတက်မှုများရရှိခဲ့သော်လည်း ဒေသ ခွဲအတွင်း ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် သတင်းအချက်အလက် ချိတ်ဆက်ပေါင်းစပ်မှု ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရေး၊ ယှဉ်ပြိုင်စွမ်းအားတိုးမြှင့်ရေးနှင့် အသိုက်အဝန်း ပုံသဏ္ဍာန် ပိုမိုပီပြင်ရေး စသည့်နယ်ပယ်များတွင် စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ပါကြောင်း၊ ယင်းတို့ကို ကျော်လွှားနိုင်ရေးအတွက် ခိုင်မာသည့်လုပ်ငန်းစဉ်များနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အားထုတ်လုပ်ဆောင်နိုင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။

ယနေ့ထိပ်သီးအစည်းအဝေးတွင်ချမှတ်မည့် မဟာဗျူဟာနှင့်စီမံချက်များသည် ဆယ်စုနှစ်အသစ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး  ပိုမိုကျစ်လစ်ခိုင်မာ အားကောင်းသည့် အသိုက်အဝန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဟုလည်း ယုံကြည်ပါ ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ GMS ဆိုင်ရာ ဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး တွဲဖက် ဝန်ကြီးနှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ မစ္စတာ ဆော့ခ် ချန်ဒါ ဆွန်ဖား က  GMS ဒေသခွဲအနေဖြင့် ရရှိခဲ့သည့် အောင်မြင် မှုရလဒ်များကို ရှင်းလင်းတင်ပြသည်။  

ထို့နောက် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန် က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ယင်းနောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀၊ GMS ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး စီမံချက် (၂၀၂၁-၂၀၂၃) နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်း တို့ကို နိုင်ငံ့ခေါင်းဆောင်များက အတည်ပြုခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
    
အဆိုပါ သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ GMS ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်နှင့် သက်ဆိုင်သည့် လုပ်ငန်းကော်မတီများအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ အဆင့်မြင့် အရာရှိကြီးများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များသည်လည်း အွန်လိုင်း စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။  
    
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program) ကို ၁၉၉၂ ခုနှစ်မှ စတင် ခဲ့ခြင်းဖြစ်ရာ ဆယ်စုနှစ် ၃ ခုနီးပါး အောင်မြင်စွာရပ်တည်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း၊ GMS အစီအစဉ်အရ ထိပ်သီး အစည်းအဝေး များကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀)နှစ် ပြည့်မြောက်သည့် ၂၀၀၂ ခုနှစ်မှ စတင်၍ (၃)နှစ်လျှင်တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ(၆)နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာ မဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ကြောင်း၊ ထိပ်သီး အစည်းအဝေးများတွင် အနာဂတ်ကာလ ဒေသခွဲဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းသည့် မျှော်မှန်း ချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင် များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယနေ့ကျင်းပသည့် သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀၊ ဂျီအမ်အက်စ် ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးစီမံချက် (၂၀၂၁-၂၀၂၃)နှင့် ထိပ်သီး အစည်းအဝေး ပူးတွဲကြေညာချက်စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သတင်းရရှိ သည်။