နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာမှ တွေ့ဆုံမေးမြန်းခြင်း  အပိုင်း(၁)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာမှ တွေ့ဆုံမေးမြန်းခြင်း  အပိုင်း(၁)

မေး။  အခုလတ်တလောမှာပဲ ဗိုလ်ချုပ်မှူးကြီးကို မီဒီယာများမှာ မြင်ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းကျန်းမာမာရှိတာ တွေ့ရပါတယ်။

ဖြေ။   နေကောင်းပါတယ်။ ခရီးလည်း သွားနေတာဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ခုက ပြည်သူနဲ့ ထိတွေ့မှုရှိတာလည်း ပိုကောင်းတယ်လို့ ယူဆတဲ့အတွက်ကြောင့် ကျွန်တော်ကလည်း ပြောစရာရှိတာပြော၊ သွားစရာရှိတာသွား၊ လုပ်စရာရှိတာ လုပ်နေပါတယ်။

မေး။  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မင်္ဂလာပါရှင်။

အခု ကမ္ဘာ့အပြင်ဘက်မှာ  ပြောဆိုနေကြတဲ့အတိုင်း မြန်မာပြည်ဟာ ဖေဖော်ဝါရီလမှာ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သူတို့အနေနဲ့ သတိထားမိပါတယ်။ အဲ့ဒီအပေါ်မှာ အပြင်က လူတွေဟာ ပြောကြားနေတာကတော့ စစ်အာဏာသိမ်းမှုလို့  ပြောဆိုနေကြတာ ရှိပါတယ်။   အဲ့ဒီအပေါ်မှာ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်လိုများ တုံ့ပြန်ပြောဆိုချင်ပါသလဲ။

ဖြေ။   ဒါသူတို့ အမြင်ပြောတာပါ။ သေချာတာက မြန်မာနိုင်ငံရဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေကို   နားမလည်ဘူး ဆိုတာတော့ ထင်ရှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘူးဆိုတာ တစ်ချက်ပေါ့။  နောက် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေ ရှိတယ်။  အဲ့ဒီအခွင့်အရေးတွေက လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။

နောက်တစ်ခုက အာဏာသိမ်းတာနဲ့ အာဏာထိန်းသိမ်းတာ မတူဘူးဆိုတာ ကျွန်တော်ခွဲခြားပြီး ပြောချင်တယ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေပုဒ်မ ၄၁၇ မှာ ပြဋ္ဌာန်းထားတဲ့ တစ်ချက်ရှိတယ်။ အဲ့ဒီမှာ အရေးပေါ် အခြေအနေဖြစ်ပေါ်လာရင်   တပ်မတော်ကနေ နိုင်ငံတော်ကို ထိန်းသိမ်းပေးဖို့အတွက် တာဝန်ရှိတဲ့ တစ်ချက်ပါပါတယ်။ ဒီတာဝန်အရ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ တာဝန်ကိုယူရတာပါ။   ဒါကို ပြန်ပြီး အသေးစိတ်ပြောရရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ  ၆  မှာ တပ်မတော်သည် အမျိုးသားနိုင်ငံရေး တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတဲ့ တစ်ချက် ဖော်ပြထားတယ်။

ပုဒ်မ ၂ဝ မှာ  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုပြီး ဖော်ပြထားတာ တစ်ချက်ရှိတယ်။ ပုဒ်မ ၄၁၇ မှာ နိုင်ငံတော်မှာ  အရေးပေါ် အခြေအနေဖြစ်ပေါ်လာရင် တပ်မတော်က ဝင်ရောက် ထိန်းသိမ်းနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ ဖော်ပြထားတယ်။ ဒီအချက်ကြောင့် ကျွန်တော်တို့က အာဏာသိမ်းစရာ မလိုဘဲနဲ့ တိုင်းပြည်ကို ဝင်ရောက် ထိန်းသိမ်းပေးတာ ဖြစ်တယ်ဆိုတာကို ကျွန်တော် ကနဦး ရှင်းပြလိုပါတယ်။

အရေးပေါ် အခြေအနေကြေညာပြီး   တိုင်းပြည်ထိန်းသိမ်းတဲ့ အခါမှာ တပ်မတော်က ထိန်းသိမ်းတဲ့ အစိုးရတစ်ခု ဖွဲ့စည်းထားပါတယ်။  အဲ့အစိုးရထဲမှာ တပ်မတော်ကလည်း ပါတယ်၊ အရပ်ဘက် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ပါပတယ်။ တပ်မတော်သားချည်း အားလုံးက တာဝန်ယူထားတာ မဟုတ်ဘူး။ နံပါတ်(၁) အချက်အနေဖြင့် ခင်ဗျားတွေ့ရလိမ့်မယ်။ ဒုတိယ အချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ  ကျွန်တော်တို့ သွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပယ်ဖျက်ဘူး  ဥပဒေကြီးရှိနေတယ်။

မေး။  အခုမေးချင်တဲ့ မေးခွန်းအတိုလေးက အခုလိုမျိုး တာဝန်ယူရတယ်ဆိုတာ မြန်မာပြည်ရဲ့ အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် ဆောင်ရွက်တယ်လို့ ဆိုလိုချင်တာလား။

ဖြေ။   ဟုတ်ပါတယ်။ မှန်ပါတယ်။

မေး။  အဲ့လိုမျိုး အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှု ပုံစံမျိုးဖြစ်လာတယ်ဆိုတာ  ဘယ်လိုအခြေအနေမျိုးတွေကို ပြောလိုပါသလဲ။အဲ့အခြေအနေတွေကြောင့် အခြေခံဥပဒေကို ကာကွယ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါသလား။

ဖြေ။   ဟုတ်တယ်။ နိုင်ငံတော်၏ အာဏာကို   အဓမ္မနည်းနဲ့ ယူတယ်ဆိုတာလည်း ခြိမ်းခြောက်မှု တစ်ခုပါ။

ကျွန်တော်တို့က ရွေးကောက်ပွဲမှာ ဖြစ်လာတဲ့ရလဒ်တွေအရ ဒါတွေဟာ ဥပဒေနဲ့မညီဘူးဆိုတာ ဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် ဒါကိုဥပဒေနဲ့အညီ ရှင်းဖို့လုပ်တဲ့ အချိန်မှာ အနိုင်ရတဲ့ပါတီက   ဒီဟာကို ရှင်းလင်းဖို့ မကြိုးစားဘဲနဲ့ လွှတ်တော်ခေါ်ပြီးတော့မှ အာဏာကို ဆက်ပြီး တည်မြဲအောင် လုပ်ဖို့ကြိုးစားတဲ့အတွက်ကြောင့်  အဓမ္မနည်းနဲ့ အာဏာယူဖို့  ဆောင်ရွက်ခြင်းဖြစ်တယ်။  ဒါကို ကျွန်တော်တို့က  ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။  ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရအနေနဲ့ သူတို့ဘက်က ကြေညာတာက ၈ဝ ရာခိုင်နှုန်းလောက် အထိကိုနိုင်တယ်လို့ ပြောပါတယ်။ အဲ့တော့ တပ်မတော်ဘက်က   ဘယ်လို ကိန်းဂဏန်းတွေအရ သူတို့သည်   မဲမသမာမှု လုပ်သွားတယ်လို့ ပြောဆိုနိုင်ပါသလဲ။

ဖြေ။   သူတို့ပြောတာကတော့ ၈ဝ ရာခိုင်နှုန်း နီးပါးအထိ နိုင်တယ်လို့ ပြောတာပေါ့။   ဒါကတော့ သူတို့ရဲ့ ရွေးကောက်ပွဲရလဒ်ကိုပြောတာ။ ဒါပေမဲ့ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ မဲပေးခဲ့တဲ့ မဲစာရင်းတွေဟာ လုံးဝမှားယွင်းနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိတဲ့သူဟာ UEC လို့ခေါ်တဲ့ Union Election Commission ကြေညာတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့သူသည် ၃၈ ဒသမ ၂၇ သန်းရှိတယ်။ ဒါပေမဲ့ အဲ့လူတွေကို စာရင်းစစ်ကြည့်တဲ့အခါမှာ ၁ဝ ဒသမ ၄၈ သန်းက စာရင်းမှားနေတာကို တွေ့ရတယ်။

ဒီမိုကရေစီမှာ  ရွေးကောက်ပွဲသည်  တကယ့်အရေးကြီးတဲ့ စနစ်တစ်ခုပါပဲ။ ဒီမိုကရေစီတင်မဟုတ်ဘူး တစ်ပါတီ ဆိုရှယ်လစ်စနစ်မှာလည်း ရွေးကောက်ပွဲနဲ့ သွားတယ်။ ပါတီစုံစနစ်မှာလည်း ရွေးကောက်ပွဲနဲ့ သွားတယ်။ ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ မဲစာရင်းတွေ မှန်ကန်ဖို့က သိပ်အရေးကြီးတယ်။ မဲစာရင်းတွေမမှန်မကန်ဘဲနဲ့ ရွေးကောက်ပွဲကို လုပ်လိုက်ရင် ရလဒ်တွေက ဘယ်လိုမှကို အနှစ်သာရပြည့်ဝတဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်နိုင်ဘူးဆိုတာ နိုင်ငံတိုင်းက လက်ခံထားတယ်။

မေး။  အခုလိုမျိုး ဗိုလ်ချုပ်မှူးကြီးဘက်က ပြန်ဖြေတာကိုလည်း နားလည်ပါတယ်။ တကယ်တမ်းပြောရရင် NLD ဘက်ကနေပြီးတော့ မဲစာရင်းတွေကို တမင်တကာ   ဒီလိုမျိုး လုပ်သွားတယ်ဆိုတဲ့ သဘောမျိုးပြောလိုပါသလား။

ဖြေ။   မဲစာရင်းအမှားတွေကို အများကြီး ပြုစုထားတာရှိတယ်။ မဲစာရင်းကို စစ်တဲ့အခါမှာ ၁ဝ ဒသမ ၄၈ သန်း မဲစာရင်းမှားတယ်။ အဲ့မှာ နိုင်ငံသား စိစစ်ရေးကတ် တစ်ခုတည်းမှာနာမည်တွေ မျိုးစုံထပ်နေတာ ရှိတယ်။

အဖေတူတယ် အမေမတူဘူး။ အမေတူတယ် အဖေမတူဘူး စသည်ဖြင့် ဒီလိုဟာတွေက ၅ သန်းကျော်ရှိတယ်။ နောက်တစ်ခါ အသက် ၁ဝဝ ကျော်နေတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ မှတ်ပုံတင်မရှိတဲ့ သူတွေပါတယ်။ ဒါတွေက ၄ သန်းကျော်ရှိတယ်။ ပေါင်းလိုက်ရင် ၁ဝ ဒသမ ၄၈ သန်းရှိတယ်။ ဒီလူတွေရဲ့ စာရင်းဇယား မမှန်ကန်မှုက ဘယ်လိုလုပ် မဲစာရင်းမှန်ကန်မှုဖြစ်နိုင်မလဲ ခင်ဗျားတို့ စဉ်းစားကြည့်လို့ ရတယ်။

မေး။  ပြီးခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ် အပြီးမှာတော့ ပြည်သူတွေရဲ့   တုံ့ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။ အဲ့အတွက်ကော အဆွေတော်ဘက်က  မှန်းဆခဲ့တာမျိုး၊  ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးရော ရှိခဲ့ပါသလား။

ဖြေ။   ပြောရရင် အဲ့လောက်ထိတော့ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။   ခံစားချက်တော့ ရှိပါလိမ့်မယ်။ အဲ့လိုမျိုး ဖြစ်စဉ်တစ်ခုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ဖူးတာကို   ကျွန်တော်ဥပမာတစ်ခုပြောချင်တယ်။

၁၉၅၆ ခုနှစ်က ကျွန်တော်တို့ဆီမှာ အစိုးရက လုပ်တဲ့ စာမေးပွဲတစ်ခုရှိတယ်။ ၇ တန်းစာမေးပွဲ။  မေးခွန်းတွေ ပေါက်တဲ့အတွက်ကြောင့် စာမေးပွဲမှာ ပြဿနာတွေ တက်ပြီးတော့ စာမေးပွဲဖြေတဲ့ အတွင်းမှာပဲ အစိုးရက ဒီစာမေးပွဲကို ရွှေ့ဆိုင်းခဲ့တယ်။ ရွှေ့ဆိုင်းလိုက်တယ်။

ရွှေ့ဆိုင်းလိုက်တော့ စာမေးပွဲဖြေတဲ့  ကျောင်းသားတွေမှာ ပြဿနာတက်ကြတယ်။ တစ်နှစ်လုံး စာကြိုးစားလာခဲ့တဲ့ ကလေးတွေက စာမေးပွဲကို ဖျက်လိုက်တဲ့အခါမှာ သူတို့မကျေနပ်လို့ ဆန္ဒပြတာရှိတယ်။ ဘာကြောင့် စာမေးပွဲရွှေ့လည်း ဆိုရင် မေးခွန်းပေါက်တဲ့အတွက်ကြောင့် ရွှေ့လိုက်တာ။ မေးခွန်း မတရားနည်းနဲ့ ရလိုက်တဲ့ လူတွေကျတော့၊ ပိုက်ဆံပေးပြီး ယူထားတဲ့မေးခွန်း ရတဲ့လူတွေကလည်း သူတို့  ပိုက်ဆံအကုန်အကျခံပြီးတော့ စာမေးပွဲဖြေတဲ့အချိန်မှာ စာမေးပွဲ ပယ်ဖျက်ခြင်း ခံလိုက်ရတဲ့အတွက်ကြောင့် မကျေနပ်ဘူး။  အဲ့တော့ ရိုးရိုးသားသား ဖြေတဲ့သူကလည်း မကျေနပ်ဘူး။ မရိုးမသားနဲ့ လုပ်ပြီးယူတဲ့ လူကလည်း မကျေနပ်ဘူး။ အစိုးရကို ဆန္ဒပြလို့  ရဲက နှိမ်နင်းတဲ့အခါမှာ  ကျောင်းသားတစ်ယောက် သေသွားခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိတယ်။ ဒီဖြစ်စဉ်လည်း ဒီလိုပဲ ရိုးရိုးသားသား ဖြေတဲ့ ထောက်ခံတဲ့သူတွေကလည်း သူတို့ ရိုးရိုးသားသားဖြေတဲ့ ထောက်ခံတဲ့ဟာတွေကို ကျွန်တော်တို့က ဒါတွေမဟုတ်ဘူး ဆိုပြီးတော့ မမှန်ဘူးလို့ပြောတဲ့အချိန်မှာ သူတို့မကျေနပ်လို့  ဆန္ဒပြတာလည်း ရှိလိမ့်မယ်။  မရိုးမသားလုပ်တဲ့ သူတွေကလည်း မရိုးမသား လုပ်တာတွေကို မဟုတ်ဘူးလို့ပြောတဲ့အချိန်မှာ  သက်သေမပြနိုင်ရင်   သူတို့တရားစွဲခံရမယ်။ ဒါကို ပျောက်အောင်ဆိုပြီး ဆန္ဒပြတဲ့ ဖြစ်စဉ်မျိုးတွေဖြစ်တယ်။ ဒါကြောင့် ဒါဟာ အင်အား အင်မတန် ကြီးမားလာတာဖြစ်ပါတယ်။

မေး။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသလိုပါပဲ။ ဆန္ဒပြတဲ့ သူထဲမှာ နှစ်ပိုင်းခွဲပြီး မြင်ရမယ်လို့ မိမိအနေနဲ့ မျက်လုံးထဲပေါ်ပါတယ်။ တစ်ခုကတော့ သူတို့ ရိုးရိုးသားသားနဲ့ မဲပေးပြီးတော့ ဒီလိုဖြစ်ရပ်ဖြစ်သွားတာကို မကျေနပ်လို့ ဆန္ဒပြတဲ့လူရှိသလို တချို့ကတော့ သူတို့ရည်ရွယ်ချက် ရှိရှိနဲ့လုပ်ပေမယ့် မအောင်မြင်လို့ ဆန္ဒပြတာ ဒီလိုပဲ နားလည်တယ်လို့  ပြန်ပြောလိုပါတယ်။

ဖြေ။ ဟုတ်ပါတယ်၊ အဲ့ဒီအတိုင်းပါပဲ။

မေး။ ကျွန်မတို့ သတိပြုမိတာက ဒီနိုင်ငံရေးဖြစ်စဉ်မှာ မီဒီယာတွေပြောကြားမှုအရတော့ သေဆုံးရသူပေါင်း ၇ဝဝ ကျော် ရှိတယ်လို့ပြောပါတယ်။ အဲ့ဒီအတွက် ဘယ်လို အဖွဲ့အစည်းအနေနဲ့   တာဝန်ရှိပါသလဲ၊ နောင်ရော  ဒီလိုမျိုး သေကျေမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဘယ်လိုများ ဆောင်ရွက်သွားမယ်လို့ ယူဆပါသလဲ။

ဖြေ။  ၇ဝဝ ကျော်လို့ ပြောတယ်။ သူတို့ ပြောတဲ့ စာရင်းက ဘယ်ဟာကို အထောက်အထား ယူပြီးတော့ အတည်ပြုပြီးပြောသလဲ ပြန်ပြီးမေးလို့ ရပါတယ်။

ခင်ဗျားတို့ကလည်း ဒီ ၇ဝဝ ကို ဘယ်လိုမျိုး အတည်ပြုလို့ရမလဲ။ ကျွန်တော်တို့ လုံးဝအတည်ပြုလို့ မရဘူး။

တကယ်သေတာကတော့ ၃ဝဝ နီးပါးလောက်တော့ ရှိပါတယ်။ အားလုံးလည်း ကြေညာထားပါတယ်။

အကြမ်းဖက်လို့ သေတာတွေ ရှိပါတယ်။ အကြမ်းဖက်မှာလည်း စတဲ့အချိန်တုန်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာရှိတယ်။ ဒါကို ကျွန်တော်တို့ ဘာမှပြန်မလုပ်ဘူး။ ဘေးကနေပဲကြည့်နေတယ်။ အဲဒီကနေ လူစုလူဝေးနဲ့ ဆန္ဒပြတာတွေ ဖြစ်လာတယ်။ နည်းနည်း Riot အဆင့်ကို ပြောင်းလာတယ်။ အဲ့ကနေ အကြမ်းဖက်တဲ့ အဆင့်ကို  ပြောင်းလာတယ်။ Anarchy Mob လိုဖြစ်လာကြတယ်။ အဲ့ဒီကနေ ဘာဖြစ်လာလဲဆိုတော့ လက်နက်နဲ့ တိုက်ခိုက်လာတယ်။ အဲဒီတော့ Terrorism အဆင့်ကို ရောက်လာတယ်။ အဲဒီတော့ လက်နက်နဲ့ တိုက်လာတဲ့လူ၊ အကြမ်းဖက် ဆူပူဆန္ဒပြမှုနဲ့ဖြစ်လာတယ်ဆိုရင်  ရဲက ဒီအတိုင်းတော့ ကြည့်နေလို့မရတော့ဘူး လိုအပ်တဲ့တုံ့ပြန်မှုတော့ လုပ်ရမယ်။ လိုအပ်တဲ့ တုံ့ပြန်မှုလုပ်တဲ့ အခါကျတော့ ထိခိုက်သေဆုံးမှုတော့ရှိမှာပါ။ ရဲမှာလည်း သေတဲ့သူတွေ အများကြီး ရှိတယ်။ ရဲမှာလည်း ၄၇ ယောက်သေခဲ့တယ်။ ၂ဝဝ ကျော် ဒဏ်ရာရတယ်။ ဒီလူစုလူဝေးတွေ၊ ဆူပူဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေကို တုံ့ပြန်ရင်း ရဲတွေသေသွားတယ်။ ရဲတွေ အသက်ပေးပြီး ကာကွယ်တာကျတော့ ဘာမှမပြောဘဲ စာရင်းမရှိ အင်းမရှိပြောကြတဲ့ ၇ဝဝ လောက်သေတဲ့ကိစ္စကို  မီဒီယာတွေက ထည့်ပြောတာက မျှတမှုမရှိဘူးလို့ ပြောလိုတယ်။ ပြောချင်တာက ဒီအကြမ်းဖက်မှု ကိစ္စနဲ့ပြောရရင်  လူသေဆုံးမှု မဖြစ်အောင်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖက်ကလည်း အကြမ်းဖက်မှု မလုပ်ဖို့တော့လိုတယ်။ ဥပမာ- အကြမ်းဖက်မှုလုပ်ရင် အကြမ်းဖက်မှုနဲ့ လျော်ညီတဲ့ တုံ့ပြန်မှု၊ ထိန်းသိမ်းမှုတော့ ရှိမှာပေါ့။ တစ်ဖက်က အကြမ်းဖက်မှု မလုပ်ဘူး၊ ဗုံးတွေမခွဲဘူး၊ မီးတွေမရှို့ဘူး၊ လူအန္တရာယ် မပြုဘူးဆိုရင် ကျွန်တော်တို့ဒီဘက်ကလည်း ထိန်းသိမ်းတဲ့အဖွဲ့တွေကလည်း ဥပဒေနဲ့အညီ ထိန်းသိမ်းတဲ့အခါမှာလည်း ဘယ်လိုမှ လွန်လွန်ကျူးကျူး လုပ်စရာအကြောင်းမရှိဘူး၊ တုံ့ပြန်စရာ အကြောင်းမရှိဘူး။ တစ်ဖက်ကလည်း ဒါတွေ မလုပ်ဖို့လည်း လိုပါတယ်။ ဒါဆိုရင် သေဆုံးမှုတွေက ရှေ့ဆက်ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ ကျွန်တော်ပြောချင်တယ်။

မေး။ ဒါ့အပြင် မေးခွန်းမေးချင်တာတော့ ထိန်းသိမ်းထားတဲ့သူ  အားလုံးပေါင်းက ၃ဝဝဝ ကျော်တာ တွေ့ရပါတယ်။ တချို့ကျတော့ အရင်တုန်းက အမတ်ဟောင်းတွေ၊ နိုင်ငံရေး သမားဟောင်းတွေပါတယ်။ တချို့ကျတော့လည်း အနုပညာရှင်တို့၊ သာမန်ပြည်သူတွေပါ

ပါတယ်။ အဲ့ဒီသူတွေအတွက်ကော  ရေရှည်ဘယ်လိုများ စဉ်းစားမှု၊ ဘယ်လိုများ ကိုင်တွယ်မှုရှိနိုင်မလဲ  သိလိုပါတယ်။

ဖြေ။ ကျွန်တော်က နည်းနည်းခွဲတော့ ခွဲခြားထားတယ်။ ဒီမိုကရေစီမှာတော့ အစိုးရတစ်ရပ်ကို မကျေနပ်ရင် ဆန္ဒပြရမှာတော့ သူ့သဘာဝပဲ။ ရိုးရိုးဆန္ဒပြတာတော့ ကျွန်တော် ဘာမှပြောစရာ အကြောင်းမရှိဘူး။ သို့သော် ဆူပူမှုဖြစ်လာအောင်၊ အကြမ်းဖက်မှု ဖြစ်လာအောင် လှုံ့ဆော်တာကျတော့ ရာဇဝတ်မှု၊ ပြစ်မှုများလာတယ်၊ ပြစ်မှုကျူးလွန်လာတယ်။ ဒါကျတော့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ရမှာပေါ့။      အရေးယူမှုကလည်း နှစ်ပိုင်းခွဲထားတယ်။  သာမန်လေး  လှုံ့ဆော်တာတို့၊ ဝန်ထမ်းဆိုလည်း သတိပေးတာလောက် လုပ်ပါတယ်။ ဒါမှမဟုတ် သာမန်ပြည်သူထဲက ဆိုရင် ဆိုဆုံးမမှုတွေ ပြုလုပ်တယ်။ သူတို့ရဲ့ပြစ်မှု ကျူးလွန်မှုအပေါ် မူတည်ပြီး ဥပဒေအရ အရေးယူတာတွေ ရှိတယ်။ တိုင်းပြည်ကို ထိန်းသိမ်းလို့မရအောင်  ဆူပူဆန္ဒပြမှုတွေဖြစ်လာအောင် လှုံ့ဆော်တာကို ကျွန်တော်တို့က ဒီအတိုင်းတော့ ခွင့်လွှတ်လို့တော့ မရဘူး။ အတိုင်းအတာ တစ်ခုတော့ အရေးယူရမှာရှိတယ်။ သို့သော် အရမ်းကာရော တစ်ဖက်သတ်ကြီး ကြောက်သွားအောင် လုပ်တာမျိုးတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ ထိန်းထိန်းသိမ်းသိမ်း လုပ်တာကို ပြောလိုပါတယ်။ အခုချိန်က ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်တယ်။ ကျွန်တော်တို့က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်လို့ ကန့်သတ်ချက်အများကြီး ပေးထားပါတယ်။ လူဘယ်နှယောက်ထက်ပိုပြီး မစုရဘူး။  တစ်ယောက်နှင့်   တစ်ယောက် ဘယ်လောက် အကွာအဝေးမှာ ရှိရမယ်။   Social distancing စနစ်နဲ့ ပေးထားတယ်။ ဒါတွေ အကုန်လုံး ချိုးဖောက်နေတယ်။ ဒါတွေချိုးဖောက်တဲ့ အချိန်မှာ သည်းခံနေရတယ်။ ဒီလိုချိုးဖောက်တာတွေကို အရေးယူမည်ဆိုလျှင် အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး။

မေး။ မြန်မာနိုင်ငံမှာ ကြိုးမဲ့ အင်တာနက်တို့၊ မိုဘိုင်းစနစ်တွေ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေဘယ်လိုများ ရှိနေပါသလဲ၊  ပုံမှန်အနေအထားကို ရောက်နေပြီလို့ ပြောနိုင်ပါသလား။

ဖြေ။ စဖြစ်တဲ့အချိန်မှာ Social media ကနေပြီး သတင်းမှားများကို ဖြန့်တယ်။ ဒါတွေကို ကျွန်တော်တို့ ထိန်းဖို့အတွက် Media ဖြတ်ခဲ့တာရှိပါတယ်။ Media က ပြည်သူ့အတွက်ဖြစ်ရမယ်လို့ ကျွန်တော်တို့ခံယူထားတယ်။ ကျွန်တော့်ရဲ့ ခံယူချက်တစ်ခုကိုပြောရရင် ပြည်သူရယ်၊ အစိုးရရယ်၊ လွှတ်တော်က မဏ္ဍိုင်သုံးရပ် ရှိတယ်။ ဒါကိုထိန်းတာက Media ကထိန်းပေးတယ်။ ဒါကြောင့် မီဒီယာကို ကျွန်တော်က စတုတ္ထမဏ္ဍိုင်လို့ အမြဲသတ်မှတ်တယ်။ မီဒီယာနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ပေးထားပါတယ်။ သို့သော် မီဒီယာက တလွဲလုပ်လာရင်တော့ တိုင်းပြည်အတွက် တော်တော်လေးကို  ပြင်းထန်တဲ့ သက်ရောက်မှုတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော်က မီဒီယာကို ထိန်းလိုက်တာဖြစ်တယ်။ မီဒီယာကို ထိန်းဖို့အတွက်  အင်တာနက်ကို ကျွန်တော် ရအောင် ထိန်းလိုက်တာဖြစ်တယ်။ ခင်ဗျားတို့လည်း အင်တာနက်မှာ အများကြီး အတွေ့အကြုံရှိပါတယ်။  Facebook ပေါ်မှာ မဟုတ်တဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ အများကြီး လှုံ့ဆော်မှုတွေ အများကြီး တွေ့ရတယ်။ ခုနကပြောတဲ့ အရေးယူမှုဖြစ်စဉ်တွေအပေါ်မှာ Facebookကနေပြီးတော့ မဟုတ်တဲ့ဝါဒဖြန့်ဝေတဲ့ လူတွေကို အရေးယူတဲ့ လူတွေအများကြီးရှိတယ်။ အခု အခြေအနေက တည်ငြိမ်တဲ့အခြေအနေ ဖြစ်လာတဲ့အတွက်ကြောင့် တချို့လိုက်လျောမှုတွေလည်း အများကြီး ဖြေလျော့ပေးတာဖြစ်ပြီး ပုံမှန်နီးပါးလောက် ဖြစ်နေပြီလို့ ပြောချင်ပါတယ်။

မေး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလို့ပဲ ပြောပြော တပ်မတော်က တာဝန်ယူ ထိန်းသိမ်းထားတယ်လို့ပဲ ပြောပြော အခုလို အာဏာထိန်းသိမ်းထားမှု အခြေအနေ ဘယ်လောက်ထိ ကြာမြင့်နိုင်မယ်လို့ မှန်းဆပါသလဲ။

ဖြေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြောရရင်တော့ အရေးပေါ်အခြေအနေက တစ်နှစ်ပဲ လုပ်လို့ရတယ်။ တကယ်လို့ အရေးပေါ် အခြေအနေအတွင်းမှာ တာဝန်မပြီးဆုံးသေးဘူး ဆိုရင် သမ္မတ(သို့မဟုတ်)ယာယီသမ္မတကနေ ခြောက်လတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်/နှစ်ကြိမ် ခွင့်ပြုပေးတယ်။ နှစ်နှစ်ထက်ပိုပြီး လုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့သည် အများဆုံးက နှစ်နှစ်ပဲ ဖြစ်ပါတယ်။ နှစ်နှစ်ထက် ပိုလုပ်လို့မရပါဘူး။

မေး။ အကယ်၍ ဒီကြားထဲမှာ ထောက်ခံလာသူတွေက တိုးတက်လာတယ်၊ အခြေအနေက  တည်ငြိမ်လာတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တခြားပြောင်းလဲ ချင်တဲ့ အခြေအနေများ စဉ်းစားထားမှု ရှိပါသလား။

ဖြေ။ ကျွန်တော်တို့ တပ်မတော်က လက်ခံထားတာသည် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့ပါ။ ဒီစနစ်ကို သွားနိုင်ဖို့အတွက် စိတ်ချရတဲ့ အခြေအနေရှိတယ်ဆိုရင် ကျွန်တော်တို့လုပ်မှာပါ။တကယ်လို့ တစ်နှစ်အတွင်းမှာ ရသွားရင် တစ်နှစ်အတွင်းပေါ့၊ နောက်ထပ်ခြောက်လတိုးပြီး ခြောက်လအတွင်းမှာ ရရင်လည်းရပေါ့။ ဒါပေမဲ့ လက်ရှိ အခြေအနေအရဆိုရင် တစ်နှစ်အတွင်းမှာ ပြင်းပြင်းထန်ထန် လုပ်ရမယ့် အနေအထားရှိတယ်။ နောက်ထပ်ခြောက်လတော့ ကျွန်တော်မပြောနိုင်ဘူး။ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာရဲ့ နားလည်ပူးပေါင်း ဆောင်ရွက်မှုအပေါ်မှာလည်း တည်လိမ့်မယ်လို့ ကျွန်တော်ပြော လိုပါတယ်။

မေး။ အကယ်၍   နှစ်နှစ်ပြီးမြောက်သွားရင်ရော ဗိုလ်ချုပ်မှူးကြီး   စဉ်းစားထားတာမျိုး ရှိသေးလား။ ဒါမှမဟုတ် တခြားအစီအစဉ်များ ရှိပါသလား။

ဖြေ။  ကျွန်တော်ကတော့ တိုင်းပြည်ကို ကောင်းအောင်လုပ်ပေးဖို့၊  တိုင်းပြည်ကို ဒီမိုကရေစီစနစ်အရ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်ဖို့ပဲ။ ကျွန်တော့်ရဲ့ လိုလားချက်ကတော့ ရိုးသားတဲ့ နိုင်ငံရေး၊ စစ်မှန်တဲ့ဒီမိုကရေစီကို ကျွန်တော်လိုချင်တယ်။ ဒါက ကျွန်တော်ရွေးတာမဟုတ်ဘူး။

ပြည်သူက ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ့နော်။ ပြည်သူကနေ ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်တဲ့အချိန်မှာ ပါတီစုံလမ်းကြောင်းကိုွားမယ်ဆိုပြီး ရွေးချယ်တဲ့အတွက်ကြောင့်  တပ်မတော်က  ဒီလမ်းကြောင်း အပေါ်မှာ ရောက်အောင်တင် ပေးထားခဲ့တာ။ ပြည်သူတွေရွေးချယ်တဲ့ အတွက်ကြောင့် ကျွန်တော်ဖျက်လို့မရဘူး။  ပြည်သူရဲ့ ဆန္ဒအတိုင်းပဲဖြစ်ရမယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို  ကျွန်တော်မဖျက်ဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ကျွန်တော်သွားခြင်းဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရွေးချယ်တဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့ ရပ်တည်တယ်ဆိုတာကို လည်း ခင်ဗျား သတိပြုနိုင်ပါတယ်။

မေး။  ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာရော Constitution ကို ပြောင်းမယ့် အပိုင်းမှာရော စဉ်းစားထားတာမျိုး  ရှိပါသလား။ ပြင်ဆင်ဖို့ ရှိပါသလား။

ဖြေ။  ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကတည်းက Constitution ပြင်ဖို့လိုတဲ့ အချက်တွေ  ပြင်ဖို့ကြိုးစားခဲ့တယ်ဗျ။ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၅ အထိလည်း ပြင်ခဲ့တယ်။ အချက်တွေတော်တော်များများလည်း ပြင်ပေးနိုင်ခဲ့တယ်။ တချို့ကလည်း  referendum လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။ referendum မလုပ်နိုင်သေးလို့ အတည်မပြုရသေးတာတွေ ရှိတာပေါ့။ ကျွန်တော်တို့ အရမ်းပြင်လို့ မရပါဘူး။ အခြေခံဥပဒေထဲမှာ အခန်း (၁၂)မှာ  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပြင်ရမလဲဆိုတာ သူ့ရဲ့ပြဋ္ဌာန်းချက်တွေ ရှိတယ်။

ဒီအတိုင်းပဲ သွားလို့ရတယ်။ အဲ့ဒါတွေက လွှတ်တော်လမ်းကြောင်းကနေပဲ သွားလို့ရတယ်။ လွှတ်တော်လမ်းကြောင်းမှာပဲ သွားလို့ရတဲ့ အတွက်ကြောင့် ကျွန်တော်က သွားပြင်လို့ မရဘူး။  ရွေးကောက်ပွဲပြီးမှပဲ ဒီဟာကိုပြင်ရမယ့် သဘောကိုတော့ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားတယ် ဆိုတာလေးကိုတော့ နားလည်စေချင်တယ်။

မေး။အကယ်၍  ဒီဟာအားလုံး  ရွေးကောက်ပွဲ ပြီးသွားမယ်၊ ပြီးတော့ လွှတ်တော် နောက်တစ်ရပ်ပေါ်လာလို့ အခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ သူတို့ဆန္ဒတွေပေါ်လာရင်ရော    တပ်မတော်ရဲ့ ရပ်တည်ချက်အနေအထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ပြည်သူရဲ့ ဆန္ဒအတိုင်းပဲ ပြင်ဖို့ရှိတဲ့ အချက်တွေ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့လိုတဲ့အချက်တွေလည်း   ကျွန်တော်တွေ့တယ်။

မေး။  တပ်မတော်က နိုင်ငံအတွက် အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲ့ဒီတော့ အခုလက်ရှိ မြန်မာပြည်ရဲ့ အခြေအနေနဲ့ပြောရင်  နိုင်ငံတော် ကာကွယ်ရေးက နံပါတ်(၁)လို့ ပြောနိုင်ပါသလား။   ဒါမှမဟုတ် အခြေခံဥပဒေကို ကာကွယ်ဖို့က နံပါတ် (၁)လို့ ပြောနိုင်ပါသလား။   ဘယ်ဟာက ပိုအရေးကြီးပါသလဲ။  အခုမေးချင်တဲ့ မေးခွန်းကတော့ အဓိကကတော့ နိုင်ငံတော်ကို ကာကွယ်မယ်၊     ပြည်သူကိုကာကွယ် မယ်ဆိုတဲ့ မူရင်းတာဝန်အပြင်ကို အခြေခံဥပဒေကို ထိန်းသိမ်းမယ်ဆိုတဲ့   တာဝန်လည်း ရှိပါတယ်။ ဘယ်ဟာက ပိုပြီးအရေးကြီးတယ်လို့ ယူဆပါသလဲ။

ဖြေ။ နိုင်ငံရေးအရ ပြောရမယ်ဆိုရင်တော့ အခြေခံဥပဒေကို ကာကွယ်ရေးက ပိုပြီးအရေးကြီးတာပေါ့။ နိုင်ငံနဲ့ပြောမယ်ဆိုရင်တော့ နိုင်ငံတော် ကာကွယ်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ပြောရမယ်။