နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာမှ တွေ့ဆုံမေးမြန်းခြင်း  အပိုင်း(၂)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာမှ တွေ့ဆုံမေးမြန်းခြင်း  အပိုင်း(၂)

မေး။  အခု NLD ဘက်ကလည်း အမျိုးသားစည်းရုံးရေး အစိုးရအနေနဲ့   ဖွဲ့စည်းတာတွေလည်း ရှိသလို လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ဖွဲ့စည်းမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ကြားနေရပါတယ်။ အဲ့ဒီတော့ နိုင်ငံရဲ့ တရားဝင် တပ်မတော်အနေနဲ့ ဘယ်လိုထင်မြင် ယူဆချက်ရှိပါသလဲ။

ဖြေ။   သူတို့ကတော့ တကယ်တမ်း ပြောရရင်တော့ မတရားအသင်းပါပဲ။ မတရားအသင်း  ကြေညာထားတယ်။ အကြမ်းဖက်အဖွဲ့လို့လည်း ကြေညာထားတယ်။ ပထမတော့ နိုင်ငံရေးအရ လုပ်လာတဲ့အခါမှာ မတရားအသင်းလို့ ကြေညာတယ်။ နောက်တော့ လက်နက်ကိုင်ပြီးတော့ ဆန့်ကျင်တာတွေ ဖြစ်လာတဲ့အတွက်ကြောင့်၊  အဖျက်လုပ်ငန်းတွေ ပါလာတဲ့ အတွက်ကြောင့် အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတယ်။ နိုင်ငံတကာမှာ မတရားအသင်း ကြေညာထားတယ်၊ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတယ် ဆိုရင် လုံးဝအသိအမှတ်ပြုလို့ မရပါဘူး။ ကျွန်တော်တို့က သူတို့ကိုလည်း လုံးဝအသိအမှတ် မပြုပါဘူး။   သူတို့က လေထဲမှာ လုပ်နေတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။

မေး။  ဒီလိုမျိုးဖြစ်နေတဲ့အတွက် ပြည်တွင်းစစ် ပုံစံမျိုးတွေရော ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရောက်လာနိုင်ပါသလား။ ဘယ်လိုများ ထင်မြင်ပါသလဲ။

ဖြေ။   ကျွန်တော်ကတော့  မထင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိမြန်မာပြည်တွင်းရဲ့ အခြေအနေဟာ နယ်စပ်ဒေသနဲ့ နယ်အချို့မှာပဲ  ပဋိပက္ခဖြစ်တာပဲ ရှိတာ။ အားလုံးတည်ငြိမ် အေးချမ်းလျက်ရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခဖြစ်လာတာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကတည်းကဖြစ်လာတယ်။ အဲ့ဒီကနေပြီးတော့   လက်ရှိ ၂ဝ၁၁ ခုနှစ်မှာ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ  တင်နိုင်ခဲ့ပြီးဖြစ်တယ်။  ငြိမ်းချမ်းရေးတွေလည်း ကျွန်တော်တို့ယူခဲ့ပြီး ဖြစ်တယ်။ ငြိမ်းချမ်းရေးလည်း ၂ဝ၁၂ ခုနှစ်မှာ ဆွေးနွေးပြီးတော့ ၂ဝ၁၅ ခုနှစ်မှာ  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး  သဘောတူစာချုပ် ချုပ်ခဲ့ပြီးဖြစ်တယ်။  အဲ့ဒီအချိန်အထိ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခပဲဖြစ်တယ်။   ပြည်တွင်းစစ် မဖြစ်ခဲ့ဘူး။  အခုက  အဲ့ဒီအခြေအနေတွေထက် အများကြီး ကောင်းပါတယ်။ ဒါကြောင့် လက်နက်ကိုင် ပဋိပက္ခဖြစ်တယ်ဆိုတာတော့ ရှိတော့ရှိမယ်။ ဘာလို့လဲဆိုတော့ EAOs တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေသေးတာကိုး။ သူတို့ နယ်စပ်ဒေသမှာ အများကြီး ရှိနေသေးတယ်။ ဒါကြောင့် ပြဿနာတော့ ရှိကောင်းရှိနိုင်သေးတယ်။ ပြည်တွင်းစစ်ဖြစ်လောက်တဲ့ အခြေအနေမျိုးတော့ လုံးဝမဖြစ်နိုင်ဘူး။

မေး။  အဲ့ဒီတော့  အခု သူတို့ပြန်ပြီးတော့ အသစ်ဖွဲ့ထားတယ်ဆိုတဲ့ ဟာတွေလည်း ရှိကြပါတယ်။ အဲ့ဒီသူတွေဆီကိုရောက်နေတဲ့ အထောက်အကူပြု ပစ္စည်းတွေ၊ နောက်ပြီး သူတို့ဆီမှာရောက်နေတဲ့ လက်နက်တွေ အဲ့ဒီအရင်းအမြစ်ကိုရော   ဘယ်လိုများ မှန်းဆနိုင်ပါသလဲ။

ဖြေ။   သူတို့တကယ် တိုက်ပွဲဝင်နေသည့် လက်နက်တွေကတော့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီက ရနိုင်တာလည်း ရှိတယ်။ ဝယ်လို့ရတာလည်းရှိတယ်။ နိုင်ငံတကာမှာလည်း လက်နက်တွေ အများကြီး ဝယ်လို့ရတာ မှောင်ခိုဝယ်လို့ရတာ အများကြီးရှိတယ်။ ကိုယ်ကိုယ်တိုင် လုပ်လို့ရတဲ့ လုပ်သေနတ်တွေရှိတယ်။ ဒါတွေကြောင့် ရတယ်လို့ ကျွန်တော်ယူဆပါတယ်။ လက်နက်တွေဝယ်လို့ ရတာတော့အမှန်ပဲ။

မေး။  နောက်ထပ်မေးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေကို သိချင်ပါတယ်ရှင့်။ နောက်ပြီး သူ့အနေနဲ့ကကော အခြားအပြင်ထွက်ပြီး တရား ရင်ဆိုင်တာတို့ အခြားအပြင် ထွက်လာနိုင်တဲ့ အခြေအနေမျိုးတွေရှိလားဆိုတာ သိချင်ပါတယ်။

ဖြေ။   ဒေါ်အောင်ဆန်းစုကြည်    ကျန်းမာရေး ကောင်းပါတယ်။ သူ့ရဲ့အိမ်မှာပဲ စနစ်တကျရှိပါတယ်။ ကျန်းကျန်းမာမာလည်း ရှိပါတယ်။ မကြာခင် ရက်ပိုင်းတွင်း တရားရုံးမှာပဲ သူတို့ တရားဥပဒေအရ ရင်ဆိုင်ဖို့ရှိပါတယ်။ ရက်ပိုင်းတွင်းမှာ သူထွက်လာဖို့ရှိပါတယ်။

မေး။ သူ့ရဲ့ တရားခံဘက်ကရှေ့နေရော သူနဲ့တွေ့ခွင့်ရှိပါသလား။

ဖြေ။   ရှိပါတယ်။

မေး။  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာပြည်တွင်းသာမက ပြည်ပမှာလည်း ထောက်ခံသူတွေရှိပါတယ်။ နောက်သူက နိုဗယ်ဆုရှင် တစ်ယောက်လည်းဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်၍သော် လည်းကောင်း၊ သူ့ရဲ့နိုင်ငံခြား ဆက်ဆံရေး ဆောင်ရွက်ခဲ့တဲ့အနေအထားပေါ်မှာ   ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်လိုများ မှတ်ချက်ပြုလိုပါသလဲ။

ဖြေ။ သူလည်းသူ့ရဲ့အသက်အရွယ်၊ သူ့ရဲ့အတွေ့အကြုံ၊ တတ်စွမ်းသမျှ လုပ်တယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်တို့ တာဝန်ယူပြီး လေးလလောက် ရှိပါပြီ။

ကျွန်တော်တို့ ပြီးခဲ့သည့်အစိုးရ လုပ်ဆောင်ချက်တွေကို အကုန်လုံး ဆန်းစစ် ကြည့်လိုက်ရင်တော့ ခုနကကျွန်တော် ပြောတဲ့အတိုင်းပဲ သူ့ရဲ့အတွေအကြုံ၊ သူ့ရဲ့အသက်အရွယ်အရ သူတတ်စွမ်းသမျှ၊ တတ်နိုင်သမျှ သူလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တွေ့ပါတယ်။

မေး။ သူကငြိမ်းချမ်းရေးကို တကယ်လုပ်နိုင်ခဲ့သလား။ မလုပ်နိုင်ခဲ့ဘူးလား။

ဖြေ။ ခုနက ကျွန်တော်ပြောသလိုပဲ။ သူ့ရဲ့အတွေ့အကြုံ၊ သူတတ်စွမ်းသမျှ တတ်နိုင်သမျှ လုပ်ခဲ့တာကို ကျွန်တော်တွေ့ပါတယ်။

မေး။ဗိုလ်ချုပ်မှူးကြီး အနေနဲ့   ပြောချင်တာက သူတတ်နိုင်သမျှ လုပ်ခဲ့တယ်လို့ပဲ ဆိုလိုတာပေါ့။

ဖြေ။ ဟုတ်ပါတယ်။

မေး။  အစိုးရအနေနဲ့ အာဆီယံ အထူးအစည်းအဝေးကို တက်ရောက်ခဲ့တယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် အချက်ငါးချက်ကိုလည်း ချမှတ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အဓိကကတော့ ပြဿနာတွေ အဆုံးသတ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးမှုတွေပေါ်ထွက်ဖို့၊ အာဆီယံရဲ့ အထူးကိုယ်စားလှယ် စေလွှတ်ဖို့နဲ့ သူနဲ့ဆွေးနွေးဖို့၊ အကူအညီပေးဖို့ဆိုတဲ့ ဒီအချက်တွေ ပါဝင်တယ်ဆိုတဲ့ အကြောင်း သူတို့အနေနဲ့ လေ့လာသိရှိရပါတယ်။ အဲဒီတော့ ဒီအချက်ငါးချက်ကို   လက်တွေ့တိတိကျကျ အကောင်အထည်ဖော်ဖို့ အတွက် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီဟာကို ခက်ခဲတယ်လို့ ယူဆနိုင်ပါသလား။

ဖြေ။   တကယ်တော့ ခက်ခက်ခဲခဲ လုပ်ရတာတော့ မရှိပါဘူး။ သို့သော် အခြေအနေ အချိန်အခါပေါ်မှာတော့ ကြည့်ပြီးလုပ်ရမှာရှိတယ်။ ချက်ချင်းကြီး လုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ အချိန်ယူပြီးတော့မှ တိုင်းပြည်အခြေအနေ၊ အာဆီယံ၏  အခြေအနေ၊ နိုင်ငံတကာရဲ့အခြေအနေကို မူတည်ပြီး ပြောဆိုလုပ်ကိုင်တဲ့အခါ ဘာမှခက်ခဲတာ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်ပြောခဲ့တယ်။ သူတို့ပြောတဲ့ အကြံပြုချက်များက ကောင်းမွန်တဲ့ အကြံပြုချက်များ ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေအပေါ်မှာအလေးထားဉ်းစားဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့တာ ရှိပါတယ်။ နိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုတယ်။

နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြင်ပကနေ လာရောက်ပြီး ပြောဆိုလုပ်ကိုင်လာရင် ကောင်းတာဖြစ်နိုင်သလို၊  မကောင်းတာလည်း ဖြစ်နိုင်တယ်။   ကျွန်တော်တို့ကလည်း အခြေအနေ အချိန်အခါပေါ်မှာ မူတည်ပြီး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာရှိပါတယ်။ အာဆီယံ Charters  အာဆီယံ Ways အာဆီယံ spirits  ဒီသုံးခု ရှိပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး လုပ်ဖို့လည်း လိုပါတယ်။ ဒီလိုမဟုတ်ဘဲ တခြားလမ်းကြောင်း ရွေးပြီးလုပ်ရင်တော့  အခက်အခဲရှိတယ်။  ဒါကြောင့် ကျွန်တော်တို့ဘက်က ပြန်ကြည့်ရင် ခက်ခဲတာမရှိပါဘူး။ နှစ်ဖက်လုံးကနေပြီး ဒီအပေါ်မှာ နားလည်မှုရှိရှိနဲ့ လုပ်မယ်ဆိုရင်  လုပ်လို့ရတဲ့ အပိုင်းတွေရှိပါတယ်။

မေး။ဆိုလိုချင်တာက ဒီငါးချက်ကို လုပ်ဖို့အတွက် မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုက  အရေးကြီးဆုံးလို့ ပြောချင်တာပါလား။

ဖြေ။မှန်ပါတယ်။

မေး။  အခုလက်ရှိ  မြန်မာနိုင်ငံဖြစ်ပေါ်နေသည့် အခြေအနေကို ဗိုလ်ချုပ်မှူးကြီး အနေနဲ့ထိန်းချုပ်နိုင်မှု အောက်မှာ ရှိတယ်လို့ ဆိုလိုချင်တာပါလား။

ဖြေ။   ၁ဝဝ ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီလို့ မပြောနိုင်ဘူး။ တချို့နေရာတွေမှာ အဖျက်လုပ်ငန်းတွေ ရှိနေဆဲဖြစ်ပါတယ်။

မေး။  အခုအနေအထား ပြောရရင် တည်ငြိမ်မှု ၁ဝဝ ရာခိုင်နှုန်း မရှိသေးဘူးဆိုတဲ့အတွက် ဒီအချက် ငါးချက်ကို စပြီး အကောင်အထည်ဖော်ဖို့ အတွက် အသင့်မဖြစ်သေးဘူးလို့ ဆိုနိုင်ပါသလား။

ဖြေ။   မှန်ပါတယ်။

မေး။  အဲဒီတော့  အခြားနိုင်ငံတွေ၏ ယူဆချက်တွေကို ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဘယ်လိုများ ထင်မြင်ချက်တွေ ရှိပါသလဲ။

ဖြေ။   သူတို့လည်း သူတို့ဘက်က အမြင်ပေါ့။ သူတို့နိုင်ငံဘက်က အမြင်၊ သူတို့ကျင့်သုံးတဲ့  နိုင်ငံရေး လမ်းကြောင်းပေါ်မှာ အမြင်အမျိုးမျိုး ရှိကြပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပါဘူး။ အဓိကကတော့ သူတို့လိုချင်တာက ဒီမိုကရေစီ နည်းလမ်းတကျ  အစိုးရတစ်ရပ်ကို ဖြစ်စေချင်တဲ့သဘောပါ။ ပထမဦးဆုံး ခင်ဗျား ကျွန်တော့်ကိုစမေးတဲ့  အာဏာသိမ်းတဲ့ ဖြစ်စဉ်ကိုမေးတဲ့ အချိန်မှာ သူတို့အခြေခံဥပဒေကို နားမလည်ဘူးလို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒီလိုအခြေအနေပေါ်မှာ မူတည်ပြီး နိုင်ငံကြီးတွေရဲ့အမြင်ကလည်း ဒီလိုဖြစ်နေတယ်လို့ ကျွန်တော်ပြောလိုပါတယ်။

မေး။  အကယ်၍ အာဆီယံပဲပြောရင် အာဆီယံက မြန်မာပြည်ကိုဖြစ်စေချင်တဲ့ ဆန္ဒကရော ခုနကသဘောထဲမှာ ပါဝင်ပါသလား။

ဖြေ။   ပါပါတယ်။ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ၏  တည်ငြိမ်အေးချမ်းမှုကို လိုချင်တယ်။ ပြည်သူပြည်သားတွေ စည်းစည်းလုံးလုံး ရှိတာကို လိုချင်တယ်။ သူတို့ ခေါင်းဆောင်တွေပြောတဲ့စကားထဲမှာ ဒီလိုပဲမြင်ပါတယ်။

မေး။ အာဆီယံရဲ့ငြိမ်းချမ်းမှု အဆိုပြုချက်များကို သဘောတူပါသလား။

ဖြေ။မူအားဖြင့် သဘောတူပါတယ်။ ကျွန်တော်က သဘောမတူစရာ အကြောင်းမရှိပါဘူး။   မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို မူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်ဖို့ ကျွန်တော်ပြောခဲ့တာပါ။

မေး။  နိုင်ငံတော်ကောင်စီဝင်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိကလည်း မြန်မာပြည်ကို ထောက်ခံမှုသုံးခုနှင့်  ရှောင်ရှားမှု အချက်သုံးချက်ကို အဆိုပြု အကြံပြုခဲ့တာရှိပါတယ်။  အဆွေတော် အနေနဲ့ ဘယ်လိုများ အမြင်ရှိပါသလဲ။

ဖြေ။   နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ပြောခဲ့တာကလည်း အပြုသဘောဆောင်တဲ့ ဟာတွေဖြစ်ပါတယ်။ တကယ်လည်း ကောင်းမွန်တဲ့ အချက်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒါတွေကို  လက်ခံပါတယ်။  သဘာဝလည်း ကျပါတယ်။ လက်တွေ့လည်း ကျပါတယ်။

မေး။  တရုတ်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စကိုလည်း သူတို့အနေနဲ့ တွေ့ရှိရပါတယ်။ အဆွေတော်အနေနဲ့ ဒီကုမ္ပဏီအပေါ်မှာ လုံခြုံမှုကိစ္စကို ဘယ်လိုများ   စီမံ ဆောင်ရွက်ပေးမလဲ၊ ဘယ်လိုများ အလေးထားလဲ၊ ဘယ်လိုများ အမြင်ရှိပါသလဲ၊ အဲဒါတွေကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဖြေ။   တရုတ်နိုင်ငံက ကုမ္ပဏီရင်းနှီးမြှုပ်နှံမှု အားလုံးပေါင်း လုပ်ငန်းပေါင်း ငါးရာကျော်လောက်ရှိပါတယ်။ အကြမ်းဖျင်း အားဖြင့် ဒေါ်လာ ၂၁ ဘီလီယံကျော် လောက်ရှိပါတယ်။ ပြီးခဲ့သည့် ဖြစ်စဉ်ကာလမှာ တရုတ်လုပ်ငန်း စက်ရုံ၊ အလုပ်ရုံ ၁၃ ခု၊  ၁၄ ခုလောက်ပါတယ်။ အားလုံးပေါင်း မီးရှို့ခံရတာ ၂၁ ခုလောက်ရှိပါတယ်။ တရုတ်နိုင်ငံသားတွေနှင့် လုပ်နေတာ ၁၃ ခု၊ ၁၄ ခု လောက်ရှိပါတယ်။ တရုတ်နိုင်ငံတင်မဟုတ်ဘူး။ တခြားနိုင်ငံနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအများကြီးရှိပါတယ်။ တချို့လည်း ဖျက်ဆီးခံရတဲ့အထဲမှာ ပါတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ကတော့ ပြင်ပရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကို ကာကွယ်ပေးထားပါတယ်။ လက်ရှိ  ကျွန်တော်ကိုယ်တိုင်လည်း  သွားရောက်ကြည့်ရှုပြီးတော့မှ   လိုအပ်တာတွေကို အမြန်ဆုံးပြန်ပြီးလုပ်ငန်း လည်ပတ်နိုင်ဖို့ ကူညီဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ လိုအပ်တဲ့လုံခြုံမှုတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။  တချို့မြန်မာလူမျိုးတွေအနေနဲ့ တရုတ်ရင်းနှီးမြှုပ်နှုံမှုမှာ အမြင်နည်းနည်း စောင်းနေတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုများ မှတ်ချက်ပြုလိုပါသလဲ။

ဖြေ။   အဲဒါကတော့ နိုင်ငံရေး ပါပါတယ်။ လှုံ့ဆော်မှုကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတင် မကဘူး။ တခြားနိုင်ငံသား ရင်းနှီးမြှုပ်နှုံမှုတွေလည်း အများကြီးရှိပါတယ်။ အခုမှရှိတာ မဟုတ်ဘူး။ ဟိုးအရင် လွတ်လပ်ရေးရကတည်းက တရုတ်နိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေရှိတယ်။ အိန္ဒိယ နိုင်ငံသားတွေရဲ့ စီးပွားလုပ်ငန်းတွေ၊  မျိုးစုံရှိကြတယ်။ အရင်တုန်းက  အိန္ဒိယရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းများမှာ အဓိကရုဏ်းတွေဖြစ်ခဲ့တဲ့ သာဓကတွေရှိတယ်။  ဟိုအရင်တုန်းကလည်း ရှိခဲ့ဖူးတယ်။ ဒီဘက်မှာလည်း ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလို့ပဲ ကျွန်တော်ကမြင်တယ်။ နိုင်ငံသားတွေက  တရုတ်မုန်းတီးရေး လုပ်တာမဟုတ်ဘူး။

နိုင်ငံရေးအရ မုန်းတီးအောင် လုပ်လာတဲ့ ကိစ္စရပ်တွေသာ ဖြစ်တယ်။ အခံမှာတော့ ဘာမှမရှိဘူး။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက   အခုမှရင်းနှီးမြှုပ်နှံခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ရှိတဲ့မြန်မာနိုင်ငံသား/ တရုတ်တွေရှိတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ တရုတ်တွေရှိတယ်။ မြန်မာနိုင်ငံသား/ တရုတ်ရှိတယ်။ သူတို့ရင်းနှီးမြှုပ်နှံတဲ့  လုပ်ငန်းတွေက ဟိုးအရင်ကတည်းက ရှိခဲ့တယ်။ အခုလည်း အများကြီးရှိတယ်။ သူတို့ ဘာမှမဖြစ်ပါဘူး။  လက်ရှိမှာ  စီးပွား လုပ်ကိုင်နေကြတယ်။ နိုင်ငံရေးအရ  လုပ်တာဖြစ်ပါတယ်။     

မေး။  ဗိုလ်ချုပ်မှူးကြီး ပြောတာကို နားလည်ပါတယ်။ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ဟာကို  နည်းနည်းပေါ်လွင်စေတဲ့ အချက်ကို  ပြောပြပေးလို့ရနိုင်မလား။

ဖြေ။   လှုံ့ဆော်တယ် ဆိုတာဟာ  ဥပမာအားဖြင့် ဒီလူတွေရဲ့ လုပ်ငန်းတွေကို ပျက်စီးအောင် လိုက်လုပ်တယ်။ တခြားလုပ်ငန်းတွေကို မလုပ်ဘူး။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ၅ဝဝ ကျော်လောက် ရှိတာကို ၅ဝဝ ကျော် လုံး ဖျက်ဆီးတာ မဟုတ်ဘဲ ဆယ်ဂဏန်းလောက်သာ ဖျက်ဆီးတာဖြစ်တယ်။  ဒါကိုကြည့်လိုက်လျှင် နိုင်ငံရေးအရ  လုပ်တယ်လို့ပြောလို့ရတယ်။  စီးပွားရေးအရ လုပ်ချင်လို့ရှိရင်  အကုန်လုံးကို ရအောင်တိုက်မှာပေါ့။

မေး။  အဲဒီတော့ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ တရုတ်စက်ရုံတွေအပေါ်မှာ လုပ်သွားတဲ့ လုပ်ရပ်တွေက  မြန်မာပြည်ထဲက လူတွေပဲလား။ အခြားသောပြင်ပက ဆက်သွယ်ပြီး လုပ်နေတဲ့အဖွဲ့အစည်းတွေ ရှိနိုင်လား။

ဖြေ။   ခိုင်မာတဲ့ သက်သေတော့ မပြနိုင်သေးပါဘူး။

မေး။  နောင်အချိန်ကျရင်တော့ အပြင်ကနေ လှုံ့ဆော်မှုကြောင့် ဖြစ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်နိုင်တဲ့ အချိန်ကျရင် ထုတ်ပြန်ပေးနိုင်မလား။

ဖြေ။   အသိပေးသင့်တဲ့ ကိစ္စဆိုရင် ကျွန်တော်တို့အသိပေးမှာပါ။ တကယ်တော့ အခုလုပ်တဲ့ ကိစ္စကိုကြည့်လိုက်လျှင် တိုင်းပြည်စီးပွား ပျက်အောင် လုပ်တာပါ။ တရုတ်နိုင်ငံသား စက်ရုံကိုဖျက်တာက တရုတ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု နောက်ဆုတ် သွားလိမ့်မယ်။ ဒါကြောင့်  နိုင်ငံရေးအရ လုပ်တာဖြစ်တယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့တချို့စက်ရုံတွေက တခြားနိုင်ငံကိုရွှေ့ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေကို အွန်လိုင်းက ဖြန့်နေကြတာရှိတယ်။ ဒါတွေကနိုင်ငံရေးပါ။

မေး။  အခုထပ်မေး လိုတာကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလို့ပြောနေတဲ့ ဒုက္ခသည်ကိစ္စပဲဖြစ်ပါတယ်။  အဲဒီမှာရှိတဲ့ မူဆလင်ဘာသာဝင်တွေ နိုင်ငံသား မရသေး တဲ့သူတွေလည်း ရှိနေပါတယ်။မြန်မာနိုင်ငံအနေနဲ့ သူတို့ကိုဘယ်လိုများ သုံးနှုန်းခေါ်ဆိုပါသလဲ။ သူတို့ကိုယ် သူတို့ကတော့ ရိုဟင်ဂျာလို့   ပြောနေတာရှိပါတယ်။ အဲဒီအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ အမြင်လေးကိုပြောပြပေးဖို့  ဖိတ်ခေါ်ပါတယ်။

ဖြေ။   ပြောရရင် ရိုဟင်ဂျာဆိုတာ မရှိဘူး။ စိတ်ကူးယဉ်ပြီး ပြောတဲ့နာမည်တစ်ခုပဲ။  တကယ်တော့   အရှေ့ဘင်္ဂလားနယ်ရဲ့  စစ်တကောင်း ဒေသကလာတဲ့သူတွေကို သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေကြတာဖြစ်တယ်။  ဘယ်ခေတ်အဆက်ဆက်မှ  ရိုဟင်ဂျာလို့  မခေါ်ခဲ့ဘူး။ ကျွန်တော်တို့က အင်္ဂလိပ်ရဲ့ ကိုလိုနီလက်အောက် ရောက်ခဲ့ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ အဲဒီတော့ အင်္ဂလိပ်တွေခေတ်က သန်းခေါင်စာရင်းကောက်တယ်။ ၁၉၁၁ ခုနှစ်၊  ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ် ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာ ဘင်္ဂါလီဆိုတဲ့စကား၊ စစ်တကောင်းသားဆိုတဲ့ စကားတွေပဲတွေ့တယ်။  ရိုဟင်ဂျာလို့ မတွေ့ဘူး။   လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ကောက်ခဲ့တဲ့စာရင်းမှ ဘင်္ဂါလီဆိုတဲ့ စကားရယ်၊  ပါကစ္စတန်ဆိုတဲ့ စကားရယ်၊ နောက်တစ်ခါ စစ်တကောင်းသား ဆိုတဲ့စကားပဲ  ကျွန်တော်တို့တွေ့တယ်။ ရိုဟင်ဂျာဆိုတာမရှိဘူး။ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့လက်လည်းလက်မခံဘူး။  မြန်မာနိုင်ငံရဲ့တိုင်းရင်းသား တရားဝင် လက်ခံထားတာ ၁၃၅ မျိုးရှိပါတယ်။ သို့သော်လည်း ဒါကတော့  နည်းနည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။  ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ မပါပါဘူး။ ဘင်္ဂါလီလည်း မပါပါဘူး။ တရားဝင် တိုင်းရင်းသားလည်း မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ စိတ်ကူးနဲ့ခေါ်ထားတဲ့  နာမည်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ဒါကို အသိအမှတ်မပြုပါဘူး။

မေး။  မြန်မာအစိုးရတွေ အနေနဲ့ ရိုဟင်ဂျာဆိုတာ တရားဝင်မရှိဘူး။ လက်ခံထားခြင်းလည်း မရှိဘူးလို့   သူတို့ နားလည်လိုက်ပါတယ်။ အနောက်နိုင်ငံတွေ အနေနဲ့ ဘင်္ဂါလီရှင်သန်နေထိုင်မှု အပေါ် စိတ်ဝင်စားမှု မြင့်မားတယ်။ သူတို့က ရိုဟင်ဂျာလို့ ပြောကြတယ်။ ဒေသခံနဲ့ သူတို့ကြားမှာ   ဖြစ်တဲ့ ပြဿနာအရင်းခံကိုရော   အဆွေတော်အနေနဲ့  ဘယ်လိုများ ထင်မြင်ယူဆချက် ရှိပါသလဲ။

ဖြေ။ သူတို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေတဲ့သူတွေက  သူတို့ဘာသာ သူတို့နေတယ်။ နှစ်ပေါင်းများစွာလည်း ရှိနေပြီး ဘာမှပြဿနာ မရှိဘူး။  အဲဒီဒေသမှာ ရှိတဲ့ ရခိုင်တွေလည်း ဘင်္ဂါလီတွေနဲ့ အတူတူနေကြတယ်။  ဘာမှ ပြဿနာမရှိဘူး။ ဘင်္ဂါလီမှာလည်း နှစ်ပိုင်းရှိတယ်။ ဘင်္ဂါလီ/ ဟိန္ဒူ၊ ဘင်္ဂါလီ/အစ္စလမ် ဆိုပြီး နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့မေးခဲ့ပြီး ဒီအရာတွေ ရှိတာကို တွေ့ခဲ့ပြီးပြီ။ ဒီလူတွေနဲ့နေကြတဲ့ ဒေသခံ တိုင်းရင်းသားတွေနဲ့အတူတူနေကြတာ ဘာမှပြဿနာမရှိပါဘူး။ ဒီအတိုင်းပဲ နေကြပါတယ်။  လှုံ့ဆော်လို့ ဖြစ်လာတဲ့ ပြဿနာတွေကြောင့်သာ ဒေသမှာ ပဋိပက္ခတွေဖြစ်လာတာ။ နောက်တစ်ခုက  နဂိုမူလကတည်းက ရောက်နေတဲ့သူတွေရှိတယ်။ သူတို့က စူးအက်တူးမြောင်း  လုပ်တဲ့အချိန်မှာ  ဆန်စပါးဈေးတွေကောင်းလာတဲ့အခါ အရှေ့ဘင်္ဂလားမှာရှိတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံကို ခေါ်ပြီးတော့ အင်္ဂလိပ်တွေက  လယ်စိုက်ခိုင်းတယ်။ အဲဒီ အချိန်ကတည်းက မပြန်တော့ဘဲ သူတို့တွေက ကျန်ခဲ့တဲ့အတွက် အခုလို အခြေအနေဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ များလာတဲ့ လူတွေဖြစ်တယ်။ ဒီလူတွေရှိနေတဲ့ အခြေအနေမှာလည်း အရင်ကတော့ ပဋိပက္ခတော့ ဖြစ်ခဲ့ဖူးတယ်။ သို့သော်လည်း  နောက်ပိုင်းမှာ ပဋိပက္ခတွေ မရှိဘဲ အေးအေးချမ်းချမ်းပဲ နေကြတယ်။ အထိုက်အလျောက် ပဋိပက္ခတွေရှိတယ်။  သို့သော်လည်း တကယ်ကို ပြင်းပြင်းထန်ထန်နဲ့ ဖြစ်တဲ့ပြဿနာမရှိဘူး။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုပဲရှိတယ်။  ၁၉၄၂ ခုနှစ်က  အလယ်သံကျော် အရေးအခင်းဆိုတာ ဖြစ်ခဲ့တယ်။ ၁၉၄၂ ခုနှစ်အဖြစ်အပျက်က တော်တော်လေးဆိုးပါတယ်။  ဒီနောက်ပိုင်းမှာ အဲဒီလောက်ဆိုးတဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး။

မေး။ အခုက  အနောက်နိုင်ငံတွေက  ဒီလူတွေကို နိုင်ငံသားအဖြစ် စဉ်းစားပေးဖို့၊ နေရာချထားပေးဖို့ကို တစိုက်မတ်မတ် တောင်းဆိုနေတာရှိတယ်။ အကယ်၍ ဒီလူတွေကို လက်ခံမယ်ဆိုရင်  လက်ခံဖို့ အစီအစဉ်ရော ရှိပါသလား။ အကယ်၍ လက်ခံမယ်ဆိုရင် ဘယ်လိုအချက်အလက်တွေ အပေါ်အခြေခံပြီး လက်ခံမှုပြုသွားမလဲ။

ဖြေ။  ဒီလူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှ သူတို့တင် မဟုတ်ဘဲ အိမ်နီးနားချင်း ၅ နိုင်ငံရှိတယ်။ အင်္ဂလိပ်ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့အတွက်ကြောင့်   ကျွန်တော်တို့နိုင်ငံမှာ အကြောင်း အမျိုးမျိုးနဲ့ရောက်နေတဲ့ နိုင်ငံခြားသားတွေ  အများကြီးရှိတယ်။ အဲဒီအတွက် ရည်ရွယ်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေရေးခဲ့တာ ရှိတယ်။ မြန်မာနိုင်ငံသား ဥပဒေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး အကျုံးဝင်တဲ့သူတွေကို သူ့စည်းကမ်းနဲ့အညီ ပြန်လက်ခံဖို့ လုပ်ထားတာရှိတယ်။ ကျွန်တော်တို့ သဘောတူပါတယ်။ လက်မခံစရာ အကြောင်းမရှိပါဘူး။  မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အတူနေခဲ့ပြီး ကိုက်ညီရင် ပြန်လက်ခံဖို့ လုပ်နေတာရှိတယ်။ ဒါလည်း သဘောတူလို့ ဆွေးနွေးနေတာရှိတယ်။  အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတာတွေရှိတယ်။  ကျွန်တော်တို့အနေနဲ့ လက်မခံစရာအကြောင်းမရှိဘူးလို့ ကျွန်တော်ပြောလိုပါတယ်။

မေး။ အကယ်၍  ၁၉၈၂  ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ  ချမှတ်ထားတာ ရှင်းလင်းပါတယ်။ တချို့သော အကျုံးမဝင်တဲ့သူတွေရော  ဘယ်လိုများ စဉ်းစားနိုင်ပါသလဲ။

ဖြေ။ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံမှ သူတို့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ကျော်လွန်ပြီးတော့ မလုပ်ကြဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး။ ဥပဒေအတိုင်းပဲ လုပ်မယ်။   နိုင်ငံတကာ တောင်းဆိုမှုရှိလာရင်လည်း  ဒီဟာတွေကို ရှင်းပြပေးသွားမယ်လို့ နားလည်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီစပြီး ဖွဲ့စည်းတဲ့အချိန်ကတည်းက ဥက္ကဋ္ဌအနေနဲ့ ပြင်ပမီဒီယာကို လက်ခံပြီး ဖြေကြားပေးတာ ဒါပထမဦးဆုံးအကြိမ်လို့ သိထားပါတယ်။ အဲဒါမှန်တယ်ဆိုရင် ဘာကြောင့် တရုတ်မီဒီယာကို  ပထမဦးဆုံး အကြိမ် လက်ခံပေးတဲ့ အကြောင်းကို ဖြည့်စွက်ပြီး ဆွေးနွေးပေးပါ။       

ဖြေ။ အမေးရှိရင် အဖြေရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ကိုယ့်ရဲ့ ပြောဆိုချက်တွေကို မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်  ဖြေကြားပေးတာပါ။ နောက်တစ်ခုလည်း ပြောလိုတာရှိပါတယ်။ ခင်ဗျားတို့နဲ့ဖြေတာက ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ တခြားမီဒီယာနဲ့ ဖြေခဲ့တာတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မပါလာသေးတာ ဘဲဖြစ်မှာပါ။

မေး။  ဆက်မေးချင်တာက တရုတ်-မြန်မာ ဆက်ဆံရေး အပေါ်ကို  ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်လိုမျိုး  ထင်မြင်ချက်ရှိပါသလဲ။ ရှေ့လျှောက်ပြီးတော့ တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအပေါ်ကို ဘယ်လိုမျိုး မြှင့်တင်ဆောင်ရွက်ဖို့ ဆန္ဒရှိပါသလဲ။

ဖြေ။  မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေတယ်။  ကီလိုမီတာပေါင်း ၂၂ဝဝ ကျော်လောက် ထိစပ်နေတဲ့နိုင်ငံဖြစ်တယ်။ နောက်တစ်ခါ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ရှိပြီး နယ်စပ်မှာနေတဲ့ တိုင်းရင်းသားတွေကလည်း တူညီမှုရှိကြတယ်။  ခင်ဗျားတို့ဆီမှာ ဂျိန်းဖောရှိမယ်၊ ကျွန်တော်တို့ဆီမှာ ကချင်ရှိမယ်။ ခင်ဗျားတို့ဆီမှာ 'ဝ' ရှိမယ်။ ကျွန်တော်တို့ဆီမှာ  'ဝ' ရှိတယ်။ ခင်ဗျားတို့ဆီမှာ ရှမ်းရှိတယ်။ ကျွန်တော်တို့ဆီမှာ ရှမ်းရှိတယ်။ ခင်ဗျားတို့ဆီမှာ လားဟူ ရှိတယ်။ ကျွန်တော်တို့ဆီမှာ လားဟူရှိတယ်။ တော်တော်လေး နီးစပ်မှု  လူနေမှုတူညီကြတယ်။

သမိုင်းကြောင်းပြန်ကြည့်ရင်လည်း ၁၉၄၅-၁၉၅ဝ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွေမှာ မြန်မာနယ်စပ်နဲ့ မြန်မာနိုင်ငံမှာလည်း ရိုက်ခတ်မှုတွေ ရှိခဲ့တယ်။ ထို့အတူပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွေမှာလည်း မြန်မာနိုင်ငံ၊ တရုတ်နယ်စပ်နဲ့ တရုတ်နိုင်ငံမှာလည်း ရိုက်ခတ်မှုတွေ ရှိခဲ့တယ်။ ဒါဟာ ထူးခြားတဲ့ဟာဖြစ်တယ်။ ကျွန်တော်တို့က နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံရေးကို ယုံကြည်မှုနဲ့ ချစ်ချစ်ခင်ခင်နေတာက အကောင်းဆုံးလို့ ကျွန်တော်က ခံယူထားတယ်။ အိမ်နီးနားချင်းထက် စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံဆိုတာ မရှိဘူး။ အိမ်နီးချင်းဆိုတာ အရင်းနှီးဆုံးနိုင်ငံဖြစ်ရမယ်။ အိမ်နီးချင်းကောင်းပဲ ဖြစ်ရမယ်။ နိုင်ငံအားလုံးနဲ့ အိမ်နီးနားချင်း ငါးနိုင်ငံနဲ့ ချစ်ကြည်အောင် ဆောင်ရွက်ပါတယ်။ တရုတ်နဲ့ မြန်မာကလည်း ငြိမ်းချမ်းစွာ အတူယဉ်တွဲရေးမူငါးချက်ကို ကမ္ဘာမှာ စပြီး လက်မှတ်ထိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်။ ဒါကတော့ ထူးခြားတဲ့ဟာပါ။ 

မေး။  ခု တရုတ်ဘက်ကနေ လုပ်ကိုင်နေတဲ့ စီးပွားရေး ရပ်ဝန်းနဲ့လမ်းကြောင်း အပေါ်မှာရော မြန်မာဘက်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ အားဖြည့်ဖို့အတွက် စဉ်းစား ထားမှုလေးရှိရင် အတိုချုပ် မှတ်ချက်ပြုပေးပါ။

ဖြေ။ တရုတ်က အခုလုပ်နေတဲ့   စီးပွားရေးစင်္ကြံ လမ်းကြောင်းက အခုမှမြန်မာနိုင်ငံနဲ့ လုပ်တာမဟုတ်ဘူး။ ဟိုးရှေးကာလကတည်းက ပူးပေါင်းပြီး လုပ်လာခဲ့တယ်။ အဲဒီကတည်းက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍပေါင်းစုံရှိတယ်။  ခုကတော့  ပိုပြီးတော့မှ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်ပြီး လုပ်လာတဲ့ကိစ္စတွေက ပိုပြီးတော့ လေးနက်လာတဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံကတော့ အခုမှ လုပ်တာမဟုတ်ဘူး။ လုပ်လာတာ ကြာလှပြီ။ ပူးပေါင်း ဆောင်ရွက်မှုကတော့ ဒီထက်ပိုပြီး ကောင်းအောင်လုပ်ဖို့ပဲ ရှိတယ်။  မြန်မာပြည်သူတွေရဲ့ အကျိုးရှိမယ်။ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှု လုပ်မှာပဲဖြစ်တယ်လို့ ပြောချင်တယ်။

မေး။ မေးခွန်းနှစ်ခု ပေါင်းရမယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ တရုတ်အကြား နယ်စပ် တည်ငြိမ်ရေးကို အဆွေတော်အနေနဲ့ ဘယ်လို ဆက်လက်ပြီး ထိန်းသိမ်းမလဲ။ မြှင့်တင်မလဲဆိုတာ ထင်မြင်ချက်ရှိမလဲ။ နောက်တစ်ခုက နယ်စပ်ဒေသမှာ ကိုဗစ်ပြန့်ပွားမှုတွေ အပေါ်မှာရော ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မလဲ။

ဖြေ။ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးကတော့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မှာ အပြည့်အဝ ဆောင်ရွက်သွားမယ်ဆိုရင်တော့ လုံးဝကို တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ရောက်သွားမယ်။ တရုတ်နယ်စပ်ပဲ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ နယ်စပ်တွေမှာလည်း ရှိပါတယ်။ လာအိုနိုင်ငံ နယ်စပ်တွေမှာလည်း ရှိပါတယ်။ အိန္ဒိယနယ်စပ်မှာလည်း ရှိပါတယ်။ အခုဘင်္ဂလား နယ်စပ်မှာလည်းရှိပါတယ်။ နယ်စပ်တွေ တည်ငြိမ်ဖို့ကတော့  နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ မရှိအောင် သူတို့မြန်မာနိုင်ငံရဲ့ လျှောက်လှမ်းနေတဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန် ပူးပေါင်း ဆောင်ရွက်နိုင်အောင် ဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကတော့ ခိုင်ခိုင်မာမာ ရှိတယ်လို့ ပြောချင်ပါတယ်။  အဲ့ဒီတော့ ဒီမှာလည်း နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားရေး တိုးတက်အောင် ဆောင်ရွက်ပေးရမယ်။ ဒါလည်းမဖြစ်မနေ လုပ်ပေးရမယ်။ တရုတ်ဘက်က နိုင်ငံရေးအခြေအနေနဲ့ ကျွန်တော်တို့ဘက်က နိုင်ငံရေး အခြေအနေနဲ့ ကွာဟနေလို့မရဘူး။ အဲဒီလိုကွာဟနေတယ် ဆိုရင်တော့ ပြဿနာ ရှိမယ်ပေါ့။ ကွာဟမှုမရှိအောင်တော့ ကျွန်တော်တို့ဘက်က  ကြိုးစားရမယ်။ တစ်ဖက်ကလည်း  တည်ငြိမ်အောင် ကြိုးစားရမယ်။ ဒီဘက်ကလည်း တိုးတက်အောင် ကြိုးစားရမယ်။ 

ဒီနှစ်ခုရှိမှသာ နှစ်နိုင်ငံ ဆက်ဆံရေး အခိုင်အမာ ရှိလိမ့်မယ်လို့ ကျွန်တော်တော့မြင်တယ်။ နောက်တစ်ခုက ခင်ဗျားမေးတဲ့အထဲမှာ ကိုဗစ်-၁၉ ပါတယ်နော်။ ကိုဗစ်-၁၉ ကတော့  ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာ ထိန်းနိုင်ပြီ။ ကျွန်တော်တို့ တော်တော်လေး ထိန်းနိုင်တဲ့ အနေအထား ရှိပါတယ်။ Second Wave ကတော့ ကျွန်တော်တို့ အများကြီး ဖြစ်ခဲ့ပါတယ်။ Third Wave မှာ ဖြစ်စဉ်က တော်တော်လေး နည်းပါတယ်။ သို့သော်လည်း လုံးဝပျောက်ပြီတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားပြီး ထိန်းရလိမ့်မယ်။ နယ်စပ်ဒေသမှာ ကိုဗစ် မဖြစ်ပွားရေးနဲ့ ပတ်သက်ရင် သူ့စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာဖို့တော့လိုတယ်။  အားနာလို့တော့မရဘူး။ ခင်ဗျားတို့ဘက်က စည်းကမ်းထိန်းသိမ်းရေး အပိုင်းကလည်း သူ့စည်းကမ်းနဲ့ ထိန်းဖို့လိုတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိန်းဖို့လိုပါတယ်။သူ့ရဲ့ သတ်မှတ်တဲ့ စည်းကမ်းချက်တွေရှိတယ်။ နောက်တစ်ခုက လူတွေက ဒါနဲ့ပတ်သက်ပြီး အသိရှိဖို့လိုတယ်။ ကိုယ့်အသိနဲ့ကိုယ် မလိုက်နာဘူးဆိုရင် တားလို့ဆီးလို့ မရတဲ့ရောဂါဖြစ်တဲ့အတွက် ပြဿနာတော့ ရှိလာဖို့မြင်တယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကလည်း တော်တော် အရေးကြီးတယ်လို့မြင်တယ်။

မေး။ နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် လွန်စွာပဲ တန်ဖိုးထားပါတယ်။ အလေးအမြတ် ထားပါတယ်။ နောက်တစ်ခုကတော့ ခုနကပြောသလိုပဲ နှစ်နိုင်ငံ တည်ရှိနေတဲ့ သမိုင်းကြောင်း တည်ရှိနေတဲ့ Background တွေအရ နှစ်ဖက်က ဦးစားပေးပြီးတော့ ပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတာ ယုံကြည်ပါတယ် ဆိုတာ Phoenix က နိဂုံးချုပ်ပြောလိုပါတယ်။

ဖြေ။ ကောင်းပါပြီ။  ပြည့်စုံပါတယ်။ ကျွန်တော့်အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကျွန်တော်ဦးဆောင်တဲ့ အဖွဲ့ရဲ့ ထားရှိတဲ့ အနေအထား၊ ထားရှိတဲ့ သဘောထားတွေကို ကျွန်တော်ပြောခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပြောတဲ့ဆိုတဲ့အချက်တွေပေါ်  မူတည်ပြီး နိုင်ငံတကာကိုလည်း အားလုံးသိရှိအောင်  ဆောင်ရွက်ပေးနိုင်မယ်လို့  အပြည့်အဝ ယုံကြည်ပါတယ်။  ။