နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

မေး။  ငွေကြေး ကျပ်တည်းမှုကို အခွင့်ကောင်းယူကာ ငွေကြေးချမ်းသာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းများ အပါအဝင် ၎င်းတို့နှင့်နီးစပ်သည့် စစ်တပ်အသိုင်းအဝိုင်းက ကျပ်ငွေသား လက်ဝယ်လိုချင်သူများကို အမြတ်တင် ရောင်းချနေတယ်ဆိုပြီး Irrawaddy  သတင်းဌာနက ဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖြစ်မှန် သိချင်ပါတယ်ခင်ဗျာ။

ဖြေ။   လက်ရှိနိုင်ငံမှာ Banking System ကြောင့် ပြည်သူများ ငွေကြေးကျပ်တည်းမှု ဖြစ်ပေါ်နေတယ်ဆိုပြီး မသမာသူ ဘူဇွာလူတန်းစားက ဘဏ်အကောင့် အချင်းချင်း  ငွေကြေးလွှဲပေးပြီး  ရာခိုင်နှုန်းဖြတ်၍ ငွေသားပေးချေမှုများ  ပေါ်ပေါက်လျက်ရှိတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိသည့်အတွက် အဖွဲ့ဖွဲ့၍ စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။ မေလ ၃၁ ရက်နေ့က တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများ ယူ၍ ငွေသားပေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ချိုချိုလှိုင်(၂၉)နှစ် (ဘ) ဦးသိန်းဝင်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး ကျန်ရှိသော တရားမဝင် ငွေလွှဲ/ငွေထုတ် ဆောင်ရွက်သူများအားလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မေး။  ယခင် NLD သက်တမ်းအတွင်း ဖမ်းမိထားတဲ့ သစ်တွေကို မြန်မာ့သစ်လုပ်ငန်းက သစ်လေလံပွဲ ပြုလုပ်ပြီး ရောင်းချမယ်လို့ Irrawaddyက ရေးထားတာ တွေ့ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေက အရင်က ရောင်းချမှုရှိပါလား။ ဘယ်လိုရောင်းချမှာလဲ ဖြေကြားပေးပါ။

ဖြေ။   မြန်မာ့သစ်လုပ်ငန်းသည် တရားဝင် သစ်ထုတ်ခွင့်ပြုထားသော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ ဌာနမှ ထုတ်လုပ်ရရှိ သစ်များနှင့် ဖမ်းဆီးရမိသစ်များကို ပြည်တွင်းရှိ ပုဂ္ဂလိကပိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ (ရုံးချုပ်) အိတ်ဖွင့်တင်ဒါ/ဒေသ အိတ်ဖွင့် လေလံစနစ်များဖြင့် ပွင့်လင်းမြင်သာစွာ   တရားဝင်ဖြန့်ဖြူး ရောင်းချလျက် ရှိပါသည်။ သစ်နှင့် ပတ်သက်သော (MSME)လုပ်ငန်းများ ကုန်ကြမ်းအဆင်ပြေချောမွေ့စွာ ရရှိစေရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သီးသန့်ဒေသ အိတ်ဖွင့်လေလံစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။ သစ်လုံး/ခွဲသား အိတ်ဖွင့်တင်ဒါ ဆောင်ရွက်မည့် အစီအစဉ်အား မြန်မာ့သစ်လုပ်ငန်း Web-Site ဖြစ်သော (www.mte.com.mm)နှင့် နိုင်ငံပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် (၃)ပတ်ကြိုတင် ကြေညာခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ တင်ဒါဆောင်ရွက်မည့် အစီအစဉ်နှင့် ကြော်ငြာအား အကြောင်းကြားခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန် ဆောင်ရွက်လျက်ရှိပါသည်။

မေး။  မနေ့က ဇွန် ၂ ရက်နေ့ ည ၉ နာရီကျော်မှာ ကျောက်ဆည်မြို့၊ ထားဝယ်လမ်းရှိ ပြည်ပန်းစစ်ဆေးရေးဂိတ်အား ကျောက်ဆည် ပြောက်ကျားတပ်ဖွဲ့က လက်လုပ်မိုင်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်သည် ၃ ဦး ကျဆုံးပြီး  ၂ ဦး Bago  Watch News agency  ကနေ သတင်းမျှဝေထားတာ ဖတ်ရပါတယ်။ ဒီသတင်း မှန်/မမှန်လေး သိပါရစေခင်ဗျာ။

ဖြေ။   မနေ့က ကျောက်ဆည်မြို့က စစ်ဆေးရေးဂိတ်ကို လက်လုပ်မိုင်းနဲ့ လာပစ်တာမှန်ပါတယ်။ ဒါပေမဲ့ အသံမိုင်းပါ။ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိပါဘူး။ လာပစ်တဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်။   စစ်သည်တွေ ကျဆုံးတယ်။ ဒဏ်ရာရတယ် ဆိုတာကတော့ သတင်းအမှားပါ။