နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ (၄/၂ဝ၂၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နေပြည်တော်   ဧပြီ   ၉

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏   (၄/၂ဝ၂၁) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၊     သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် တာဝန်ရှိသူများက    လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေး အတိုင်း နေရာချထားပေးသည်။

ထို့နောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၊    သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်   ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် မတ်လနှင့် ဧပြီလ ပထမပတ် ကာလအတွင်း ကောင်စီအစည်းအဝေး ၅ ကြိမ်၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ၂  ကြိမ်ပြုလုပ်ခဲ့ပြီး စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်အောင် တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်း နိုင်ငံသား မှတ်ပုံတင်ရရှိအောင် မဖြစ်မနေ ဆောင်ရွက်ရေးတို့ကို မူဝါဒချမှတ် လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ။

စီမံခန့်ခွဲရေး ကော်မတီအနေဖြင့်လည်း ဝန်ကြီးဌာနများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရေး၊ ဘဏ်၊ ကျောင်း၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအမံများ၊ ဘဏ္ဍာငွေအရ အသုံးစာရင်း လျာထားရာတွင် အမှန်တကယ် ရငွေ၊ သုံးငွေများကို သေချာစွာ စိစစ်ရန်နှင့်မဖောင်းပွရန်၊ လိုအပ်သည်များကိုသာ လျာထားရန်နှင့် တိုင်းပြည်အတွက် အရှုံးမဖြစ်စေရန်၊  ဖွံ့ဖြိုးတိုးတက်ရေး၌  သုတေသနနှင့် ဖွံ့ဖြိုးရေး (R&D)တွင်  အလေးထား ဆောင်ရွက်ရန် လိုအပ်သဖြင့် ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများတွင် သုတေသန လုပ်ငန်းများ ပြုလုပ်၍ နည်းလမ်းရှာဖွေဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်အောင် ချမှတ်ဆောင်ရွက်ခဲ့သည့် အခြေအနေများ။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မတ်လအတွင်း တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်မြို့၊ ကျွန်းစုမြို့၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊   မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိတ္ထီလာမြို့၊ မန္တလေးမြို့နဲ့   မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေးမြို့၊ ရွှေစက်တော်ဒေသများသို့ သွားရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး လုပ်ငန်းများ၊ တွေ့ဆုံအမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း   ကလော၊  အောင်ပန်း၊ ဗထူး၊  ပြင်ဦးလွင်နဲ့ မန္တလေးမြို့များသို့ သွားရောက်၍ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်း ပြောကြားခဲ့သည့် အခြေအနေများ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ယခုလ ၆ ရက်တွင် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးပြည်နယ် ဥက္ကဋ္ဌများ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများကို နေပြည်တော်၌ တွေ့ဆုံ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန် ရယူခဲ့ရမှုနှင့် စပ်လျဉ်းသည့် နောက်ခံအခြေအနေများ၊ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည့် နောက်ခံအခြေအနေများ၊ နိုင်ငံရေးတွင် စစ်မှန်ရိုးသားသည့် နိုင်ငံရေး၊   တရားမျှတမှုရှိသည့် နိုင်ငံရေးဖြစ်ရန်၊ လွတ်လပ်၍   တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးကြောင်းကို ရွေးကောက်ပွဲမတိုင်မီ ၂ နှစ် အလိုကတည်းက ပြောကြားခဲ့သည့် အခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်    တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ချက်၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်တို့နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည့် အခြေအနေများ။

ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဆက်လက် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ရာတွင် COVID-19 ကာကွယ်ဆေးများ   ဆက်လက်ထိုးနှံရေး၊ ပညာသင်ကြားနိုင်ရေး၊ စာတတ်မြောက်စေရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့သည့် အခြေအနေများ၊ တွေ့ဆုံပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက CDM  လှုပ်ရှားမှုနှင့် ပတ်သက်ပြီး '' CDM  လှုပ်ရှားမှုသည် နိုင်ငံဖျက်သည့် လှုပ်ရှားမှု Country Destructive Movement''ဟု ပြောကြားခဲ့ပြီး CDM လှုပ်ရှားမှုကြောင့် ပြည်သူများ အနေဖြင့် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်နေသည့် အခြေအနေများ၊   COVID-19  ရောဂါမဖြစ်ပွားမီ ၂ဝ၁၉ ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီး တစ်ခုတည်း၌ပင် တစ်လလူနာ ၇၄၂၂ ဦး တက်ရောက် ကုသလျက်ရှိပြီး  တစ်လ သေဆုံးသူ ပျမ်းမျှ ၅၃၉  ဦးရှိသည့် အခြေအနေများ၊ လက်ရှိအချိန်၌ တစ်နိုင်ငံလုံးတွင် ဆေးရုံ၊ ဆေးခန်းများကို ကျင့်ဝတ်ချိုးဖောက်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းအချို့ကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် အခြေအနေများ၊    ရန်ကုန်ဆေးရုံကြီး တစ်ခုတည်း၌ပင် တစ်လ လူနာ ၅ဝဝ ကျော် ပျမ်းမျှသေဆုံးမှု ရှိပါက လက်ရှိအခြေအနေတွင် လူနာများ  မည်မျှသေဆုံးနေသည်ကို စဉ်းစားစေလိုသည့် အခြေအနေများနှင့် ယင်းသို့ လုပ်ဆောင်နေမှုများသည် သွေးအေးအေးနှင့် လူသတ်နေခြင်းပင်ဖြစ်ပြီး Genocide ဟု ခေါ်ဆိုနိုင်သည်ဟု ထင်မြင်မိသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး လက်တွေ့ဖြစ်ပျက်နေသည့်  အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အခြေအနေအား ရှင်းလင်းပြောကြားမှု video clip ကို ပြသသည်။

ယင်းနောက် ထိုသို့ လုပ်ဆောင်နေမှုများကို  ပြည်တွင်းနှင့် ပြည်ပမှ အဖျက်အမှောင့် လုပ်ဆောင်သူများက ဦးဆောင်လျက်ရှိပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများ ပါရှိကာ ပြည်ပအထောက်အပံ့များကို မျှော်လင့်၍ လုပ်ဆောင်နေခြင်းဖြစ်သည့် အခြေအနေများ၊ မြန်မာ့ပြည်တွင်းရေးကို အစဉ်တစိုက် နှောင့်ယှက်နေသည့် ပြည်ပအဖွဲ့အစည်းများလည်း ပါရှိပြီး ပြည်တွင်း၌လည်း NLDအမာခံများ၊ အစွန်းရောက်များ ပါရှိကာ '' CRPHသည်လည်း     Committee Representing Pyi- Pyay Hluttaw ပြည်ပြေးလွှတ်တော်''ပင်ဖြစ်သည့် အခြေအနေများ၊  CDM ကို စတင်လှုံ့ဆော်ခဲ့သူ၊ ဦးဆောင်ခဲ့သူများအား ပြင်းပြင်းထန်ထန် ဥပဒေအရ  အရေးယူသွားမည် ဖြစ်သည့် အခြေအနေများ။

ဆက်လက်ပြီး တည်ငြိမ် အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားရာတွင် NLDပါတီဝင်များနှင့် ထောက်ခံသူများ အနေဖြင့် ပြည်သူများကို လမ်းပေါ်သို့ ရောက်ရှိလာစေရန် ရည်ရွယ်ပြီး နည်းမျိုးစုံနှင့် လှုံ့ဆော်ဆန္ဒပြခြင်းမှ တဖြည်းဖြည်း ခြိမ်းခြောက်အကျပ်ကိုင် ဖိအားပေးခြင်း၊ မပါဝင်သူများကို အသက်အန္တရာယ်ပြုသည်အထိ   ပြုမူလုပ်ဆောင်လာခဲ့သည့် အခြေအနေများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှု (Protest) မှတစ်ဆင့် ဆူပူ အကြမ်းဖက်မှု (Riot)၊ မင်းမဲ့စရိုက်ဆန်သည့်(Anarchy Mob) ဥပဒေချိုးဖောက်မှု အဆင့်များမှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်သည့် (Insurrection) အဆင့်သို့ ကူးစက်အသွင်ပြောင်း လာခဲ့သည်ကို တွေ့ရှိလာရသည့် အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ဥပဒေနှင့်အညီ တရားဥပဒေ စိုးမိုးရေး၊   ရပ်ရွာအေးချမ်း သာယာရေး ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမှုများကြောင့် ဆူပူအကြမ်းဖက်မှုများ အရှိန်လျော့လာသကဲ့သို့ CDM  လုပ်ဆောင်သူများ အနေဖြင့်လည်း ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ခန့်မှန်း ၃ဝ ရာခိုင်နှုန်းခန့်ရှိရာမှ ပြုလုပ်သူမရှိသည်အထိ ကျဆင်းလာသည်ကို တွေ့ရှိရသည့် အခြေအနေများ။

မတ်လအတွင်း ဆူပူအကြမ်းဖက်သူများ၏ ဖျက်ဆီး တိုက်ခိုက်မှုများ အနေဖြင့် ရဲစခန်း၊  ရဲကင်း ၄၉ နေရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၂၉ ခု၊ ရုံး၊ ဌာန   ၃၉ ခု၊ လမ်း၊ တံတား ၁၁ ခု၊ ဘဏ် ၁ဝ ခု၊ လူနေအိမ်များ၊ CCTV များ၊ ဖုန်းတာဝါတိုင်များ၊ ဂိုဒေါင်များ၊ ဈေးဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ ပါဝင်သည့် အခြားနေရာ ၇၂ နေရာကို မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည့် အခြေအနေများ၊ ထိုသို့ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကျဆုံးပြီး၂၆၃ ဦးဒဏ်ရာ ရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်  ၆ ဦးကျဆုံးပြီး   မိသားစုဝင် ၁ ဦး သေဆုံးခဲ့သည့် အခြေအနေများ၊ ဆူပူဆန္ဒပြသူ ကျား ၂၃၇ ဦး၊ မ ၁၁ ဦး ပေါင်း ၂၄၈ ဦး သေဆုံးခဲ့ပြီး ကျား ၃၈၆ ဦး၊ မ ၁၅ ဦး ပေါင်း ၄ဝ၁ ဦး ဒဏ်ရာ ရရှိခဲ့သည့် အခြေအနေများ၊  ဖြစ်ပေါ်ခဲ့သည့်  ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ရပ်များသည် သာမန်ဆူပူမှု အဆင့်မှကျော်လွန်ကာ အကြမ်းဖက်မှု ပုံသဏ္ဌာန်သို့ ပြောင်းလဲရောက်ရှိလာပြီး အပြစ်မဲ့ပြည်သူများနှင့် သံဃာတော်များကို ဖမ်းဆီးရိုက်နှက်ခြင်း၊   လူတစ်ဦးချင်း စီ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေပြီး လူ့အခွင့်အရေး ချိုးဖောက်ခြင်းများအထိ ဆောင်ရွက် လာခဲ့ကြသည်ကို တွေ့ရှိလာရသည့် အခြေအနေများ။

ဆူပူဆန္ဒပြမှု၊ မင်းမဲ့စရိုက် လှုပ်ရှားမှု၊ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် NLD နှင့်  NLD ထောက်ခံသူများသည် ဖောက်ခွဲဖျက်ဆီးမှု၊   မီးရှို့မှုများကို  ပိုမိုလုပ်ဆောင်လာတာကို တွေ့ရပြီး   ယင်းသို့ လုပ်ဆောင်နေခြင်းသည် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူလူထု အများစုမှ ၎င်းတို့၏ အဓိပ္ပာယ်မဲ့ ဆူပူဆန္ဒပြမှု၊ အကြမ်းဖက်မှု၊ မင်းမဲ့စရိုက်ဆန်ဆန် လှုပ်ရှားမှုများကို ထောက်ခံမှု မရှိခြင်းကြောင့်ပင်ဖြစ်သည့် အခြေအနေများ၊   အကြမ်းဖက်ဆန္ဒပြမှု၊  လမ်းပိတ်ဆို့ ဆန္ဒပြမှု၊ မီးရှို့မှု၊ ဒလန်စွပ်စွဲသတ်ဖြတ်မှု၊  ညှဉ်းပန်းနှိပ်စက်မှု၊ အမှိုက်သပိတ်ကဲ့သို့ အဓိပ္ပာယ်မဲ့ ဆောင်ရွက်ချက်များသည် ပြည်သူလူထု အများစု၏ နေ့စဉ် လူမှုစီးပွားဘဝကို ကြီးမားစွာ ထိခိုက်စေပြီး ယင်းဆန္ဒပြသူများ  လျော့နည်းသွားသည့်အခါတွင်  အကြမ်းဖက် လုပ်ရပ်များကို ဦးစားပေး လုပ်ကိုင်လာသည်ကို   တွေ့ရှိရသည့်  အခြေအနေများ၊  ဧပြီလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ နှစ်ရက်တည်း၌ပင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ မိုင်းခွဲတိုက်ခိုက်မှု ၆ ကြိမ်၊ ရပ်ကွက်ရုံးများကို မီးရှို့တိုက်ခိုက်မှု ၅ ကြိမ်ရှိခဲ့ပြီး ဒီလိုတိုက်ခိုက်မှုများကို NLD ပါတီဝင်များ၊ NLD  ကိုထောက်ခံသူ အကြမ်းဖက် အစွန်းရောက်များက  ဦးဆောင်ပြုလုပ်နေသည့် အခြေအနေများ၊ ထိုကဲ့သို့ တိုင်းဖျက်၊ ပြည်ဖျက်၊ ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝကို ပျက်အောင် လုပ်ဆောင်နေမှုများကို ဆက်လက်လုပ်ဆောင်ရန်  တွန်းအားပေး လှုံ့ဆော်သူများ ရှိနေသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံရေး၊   မိမိရပ်ကွက်၊ မြို့ရွာ လုံခြုံမှုရှိစေရေးတို့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုသည့်  အခြေအနေများနှင့် ဆူပူအကြမ်းဖက်သူများသည်    သာမန် လူငယ်များကို မြှောက်ပင့်ကာ    သွေးထိုးလှုံ့ဆော်ပေးပြီး လမ်းမှားရောက်အောင် တွန်းပို့လျက်ရှိနေသည့် အခြေအနေများ။

ဆက်လက်ပြီး တပ်မတော်ရဲ့ လုပ်ဆောင်ချက်များအား ရှင်းလင်း ပြောကြားရာတွင် (၇၆)နှစ်မြောက်    တပ်မတော်နေ့ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့် အခြေအနေများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတို့တွင် လူသားချင်း စာနာမှု မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ  ဘိန်းဖြူ ၁၉၈ ကီလိုကျော်၊ စိတ်ကြွဆေးပြား ၅၉၈ သိန်းကျော်၊ အိုက်စ် ၁၁၈၉ ကီလိုကျော် အပါအဝင် စုစုပေါင်းတန်ဖိုးကျပ်  ၁ဝ၂ ဘီလီယံကျော် ဖမ်းဆီးနိုင်ခဲ့သည့် အခြေအနေများ၊ စစ်နည်းဗျူဟာအဆင့်   ဝေဟင်ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း(နှစ်ဖက်တပ်ပါ)    လေ့ကျင့်ခန်းကို ၄-၄-၂ဝ၂၁ ရက်နေ့မှ ၁၁-၄-၂ဝ၂၁ ရက်နေ့အထိ ဘင်္ဂလား ပင်လယ်အော်တွင် ပြုလုပ်လျက်ရှိသည့် အခြေအနေများ၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည့် ဘူမိဖဿ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို    နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ်တွင် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

မီဒီယာများ၏ သတင်းမှားဖော်ပြချက်များ၊ သွေးထိုးလှုံ့ဆော်မှုများ အနေဖြင့်   အမေရိကန်စင်တာ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အချို့မီဒီယာများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်ဟု ချက်ချင်းသတင်းလိမ်လည် ထုတ်လွှင့်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်စင်တာကို    ပစ်ခတ်ခဲ့သည့် အေးသော်ကောင်းကို မတ်လ ၃ဝ ရက်တွင် ဖမ်းဆီးရမိခဲ့သည့် အခြေအနေများ၊  အချို့ Media များသည် လက်နက်ကိုင် သောင်းကျန်းမှုတွေ ဖြစ်လာအောင် သွေးထိုးလှုံ့ဆော်မှုများ၊ ပြည်တွင်းစစ် ဖြစ်လာနိုင်သည်ဆိုသည့် နှတ်ကြောင်းပေးမှုများကို တွေ့ရှိနေရပြီး ယင်းသို့ လုပ်ဆောင်နေမှုများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အန္တရာယ်များသည့် ကိစ္စဖြစ်ပြီး လူငယ်၊ လူရွယ်များကို လမ်းမှားရောက်အောင် တွန်းပို့နေခြင်း ဖြစ်သည့် အခြေအနေများ၊ ထို့ကြောင့် လက်ရှိ ဖြစ်ပွားနေဆဲဖြစ်သည့် အကြမ်းဖက် အဖျက်အမှောင့် လုပ်ငန်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း နှိမ်နင်းသွားမည်ဖြစ်ပြီး    ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်    မေတ္တာ ရပ်ခံလိုသည့် အခြေအနေများ။

နိုင်ငံတော်အဆင့် လာဘ်ပေး၊ လာဘ်ယူမှုတွေ၊ မသမာမှုများကို စုံစမ်းဖော်ထုတ်လျက် ရှိရာတွင်   မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ် ရာထူးနှင့်   လုပ်ပိုင်ခွင့်ကို အကြောင်းပြပြီး စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးများရယူသုံးစွဲခဲ့ပြီး    နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ-၅၅ အရ အမှုဖွင့်ထားသည့် အခြေအနေများ၊ အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဟောင်း  ဦးသန်းနိုင်တို့သည် ဘားအံမြို့၊   ကမ်းနားလမ်း သာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်းပြီး  နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သန်း ၅၃၇ဝ ကျော်ကို နစ်နာစေခဲ့မှု၊ ၂ဝ၁၈ ခုနှစ်၊ မေလ ၁၄ ရက်မှ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ  ကာလအတွင်း ဒေသဖွံ့ဖြိုးရေး အကြောင်းပြပြီး စီးပွားရေး လုပ်ငန်းအသီးသီးမှ ကောက်ခံခဲ့သည့် ရန်ပုံငွေများအား နိုင်ငံတော် ဘဏ္ဍာစာရင်းသို့ ပေးသွင်းရမည်ဖြစ်သော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပုဂ္ဂလိကဘဏ်များမှာ သီးခြားငွေစာရင်းများဖွင့်ကာ ငွေကျပ် သန်း ၉၆၉၇ ကျော်ကို လက်ခံရယူခဲ့ခြင်း၊ နိုင်ငံတော် ဘဏ္ဍာငွေနှင့်  သက်ဆိုင်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို   စုစုပေါင်းငွေကျပ်  သိန်း ၇၄၂၅ ကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်ချေးခဲ့ပြီး ပြန်လည်ပေးဆပ်မှု မရှိသည့်အတွက် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးခြင်း၊   အဆင့်မြင့် ဈေးဝယ် စင်တာ တည်ဆောက်ရေး လုပ်ငန်းနှင့်စပ်လျဉ်းပြီး လုပ်ငန်းတင်ဒါ အောင်မြင်သည့် ကုမ္ပဏီထံမှ ငွေကျပ် သိန်း ၅ဝဝဝ ကို ကြိုတင်လက်ခံ ရယူခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေစာရင်းသို့ ပေးသွင်းမှုမရှိခြင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ဆေးကုရာတွင် ပြည်နယ်ရန်ပုံငွေ ၁၆.၅ သိန်းကို ရယူသုံးစွဲခြင်း၊  ဦးသန်းနိုင်သည် ၂ဝ၁၈ ခုနှစ်၊ မတ်လအတွင်း ထိုင်းနိုင်ငံ၌ ဆေးကုသစဉ် လုပ်ငန်းရှင် တစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၁ သောင်းရယူခဲ့ခြင်း၊ ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ မဲဆွယ် စည်းရုံးရေးကာလ၌ ကျေးရွာများသို့ မဲဆွယ်ခရီးသွားစဉ် ကုန်ကျစရိတ် သိန်း ၅ဝ ကို လုပ်ငန်းရှင် တစ်ဦးထံမှ ရယူခဲ့ခြင်းတို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အမှုဖွင့်လှစ် ထားရှိသည့် အခြေအနေများနှင့် ဒေါ်နန်းခင်ထွေးမြင့် အနေဖြင့် ကျပ်သန်း ၁၆၃၂ဝ ကို အလွဲသုံးစား လုပ်ခဲ့သည်ကို တွေ့ရှိရသည့် အခြေအနေများ။

ဆန္ဒပြမှုတွေကို   သုံးသပ်ကြည့်ပါက NLD ကိုထောက်ခံပြီး    ရိုးရိုးသားသား မဲပေးသူများနှင NLDအစွန်းရောက်နှင့် အစွန်းရောက် ပါတီဝင်များဟူ၍ နှစ်မျိုးနှစ်စားရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး    ဒုတိယ အမျိုးအစားတွင် ပါဝင်သူများသည် မဲလိမ်မဲခိုးမှုများတွင်    ထဲထဲဝင်ဝင် ပတ်သက် ဦးဆောင်ခဲ့သည့်အခြေအနေများ၊ လက်ရှိ အကြမ်းဖက်လက်နက်ကိုင် ဆန္ဒပြမှုများတွင် ဒုတိယအုပ်စုများသည် ထဲထဲဝင်ဝင် ပတ်သက်နေပြီး ရွေးကောက်ပွဲ ကော်မရှင်က မဲလိမ်မဲခိုးမှုများကို ဖော်ထုတ်ပြီး  အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်း၊ ၎င်းတို့၏ မသမာမှုများကို  ပြည်သူများ သိရှိမည်ကိုစိုးရွံ့ခြင်း တို့အတွက်   အကြမ်းဖက် လုပ်ရပ်များကို မျက်လုံးစုံမှိတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး ၁၉၅၆ ခုနှစ် ဟယ်ရီတန် အရေးအခင်းကဲ့သို့ ဖြစ်သည့် အခြေအနေများ၊  ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၉ သန်းကျော်ရှိပြီး မဲမသမာမှု ၁ဝ.၄ သန်းရှိခဲ့ကာ မဲမပေးမီ ကြိုတင်အခင်းအကျင်းများ ကတည်းက   မတရားမှုများ ရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံ့ကံကြမ္မာ၊ ပြည်သူလူထု ကံကြမ္မာကို ဆောင်ရွက်မည့် အစိုးရ၊ လွှတ်တော် အဖွဲ့အစည်းသည် ''ဟယ်ရီတန်ကြောင့် စာမေးပွဲအောင်သလို''  လုပ်လို့မရဘဲ  မဲလိမ်၊ မဲခိုး၊ မဲမသမာခြင်းသည် ဒီမိုကရေစီစနစ်၊ ပြည်သူ့ဆန္ဒကို ပြက်ရယ်ပြုခြင်း၊ ဖျက်ဆီးခြင်းပင်ဖြစ်သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီ ရှင်သန်စေရေး ဆောင်ရွက်နေခြင်းပင် ဖြစ်ပြီး မသမာသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို မိဘပြည်သူများ အနေဖြင့် သတိရှိကြရန် လိုအပ်မည်ဖြစ်သည့် အခြေအနေများကို Powerpoint Presentation များ၊ Video Clip  များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု အခြေအနေများနှင့် ပတ်သက်၍    သက်သေအထောက်အထားများဖြင့်  ရှင်းလင်းပြောကြားသည်။

ထို့နောက်  တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊    သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင်   ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာ  သတင်းထုတ်ပြန်ရေး အဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ   သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက်   သတင်းစာ ရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏   လုပ်ဆောင်ချက်များ၊ မဲစာရင်း လက်တွေ့ စစ်ဆေးချက်များနှင့် သိရှိနိုင်ရန် လိုအပ်သည့် တွေ့ရှိချက် အထောက်အထားများ၊ သိမ်းဆည်းရမိသည့် ဆူပူအကြမ်းဖက် လှုပ်ရှားမှုများတွင် အသုံးပြုလာသော ဒေသန္တရ လုပ်လက်နက်၊ ကိရိယာပစ္စည်းများ စသည်တို့ကို ခင်းကျင်းပြသထားရှိရာ    သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာကြသူများက   လိုက်လံကြည့်ရှု လေ့လာကြပြီး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက  လိုက်လံရှင်းလင်း ပြသခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိ

သည်။