နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို ပြန်လည် ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်ကြီးဒေါ်အေးသဇင်မြင့်က အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်-

မေး။  ချင်းပြည်နယ်အတွက်ပို့တဲ့ ကျောင်းသုံးစာအုပ်တွေ ဟားခါးနဲ့ဂန့်ဂေါကြားမှာ   မီးရှို့ခံရတဲ့သတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားတာဟာ ယုတ္တိမရှိပါဘူး ဆိုပြီး Eleven Media ရဲ့  ဟုမ္မလင်းမြို့ သတင်းထောက် တစ်ဦးဖြစ်သူ  Nyein  Pyay Nyein  fb အကောင့် ပိုင်ရှင်ကစတင်ပြီး post  တင်ခဲ့ပါတယ်။ သူတင်ထားတဲ့ fb post မှာတော့  ''စာအုပ်ဖြန့်ဝေတဲ့ စနစ်မသိတဲ့လူတွေကတော့ ယုံကြမှာပေါ့၊ အကြောင်းသိသူတွေ အတွက်တော့ သတင်းထုတ်ပြန်ချက်တွေဟာ ကြာလေလေ အယုံအကြည် ကင်းမဲ့စရာဖြစ်လာလေပဲ''စသည်ဖြင့် ရေးသားခဲ့တာပါ။ Nyein Pyay Nyein fb အကောင့်ပိုင်ရှင် ရေးသားထားသော သတင်း Online စာမျက်နှာမှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိချင်ပါတယ်။

ဖြေ။   ကျွန်တော်တို့  ဒီဟားခါးနဲ့ဂန့်ဂေါကြားမှာ ကျောင်းသုံးစာအုပ်တွေ မီးရှို့ခံရတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ ဇွန်လ ၁၃ ရက်နေ့မှာ သတင်းအပြည့်အစုံကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ထပ်ပြီး ပြောပြစရာ မလိုတော့ပါဘူး။ အကောင်းမြင်စိတ် မရှိတဲ့သူက ခင်ဗျားတို့ ကျွန်တော်တို့ ဘာပဲလုပ်နေနေ အကောင်းမြင်မှာ မဟုတ်ပါဘူး။    ကလေးတွေကို ထောက်ပံ့ပေးမယ့် စာအုပ်တွေ မီးရှို့ဖျက်ဆီးခံရတယ် ဆိုတာ အကြမ်းဖက်တာပါ။ မင်းမဲ့စရိုက် အပြုအမူပါ။

ဒါကို ကာကွယ်ရေးသားနေတာ၊ ဖာထေးရေးသားနေတာကတော့ သတင်းသမား ကျင့်ဝတ်မရှိလို့ပါပဲ။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့က ကျောင်းလာအပ်တဲ့ ကလေးတိုင်းကိုတောင် ကျောင်းသုံးစာအုပ်စာတမ်းတွေ  အခမဲ့ပေးဝေပေးနေတာပါ။ စာအုပ်စာတမ်းတွေ အခမဲ့ပေးဝေပေးပါမယ်ဆိုတာကိုလည်း သတင်းတွေ ထုတ်ပြန်ထားတာရှိပါတယ်။

မေး။  စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြသိန်းတန်ဘုန်းကြီးကျောင်းကို စစ်တပ်ကဝင်စီးပြီး  ဆန်အိတ် ၁ဝဝ ကျော် ယူသွားတယ်ဆိုပြီး  DVB TV News မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မှန်/မမှန် ဖြေကြားပေးစေလိုပါတယ်။

ဖြေ။  ၂ဝ၂၁ ခုနှစ် ဇွန်လ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ သတင်းပေးပို့ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်မှာ ရှိတဲ့ မြသိန်းတန် မြို့လယ်ဘုန်းကြီးကျောင်းကို  ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒြာစာရမှာ ခရီးထွက်သွားတာကြောင့် လက်ထောက်ကျောင်းထိုင်ဆရာတော် ဥူးဝိဇ္ဇောဘာသကို ဦးတိုက်ပြီးတော့မှ ရှာဖွေဆောင်ရွက်ခွင့် လျှောက်ထား တောင်းခံခဲ့ပါတယ်။ ဆရာတော် အရှေ့မှာပဲ ရှာဖွေခဲ့တဲ့အခါမှာ ကျောင်းထိုင်ဆရာတော် သီတင်းသုံးနေထိုင်တဲ့ နှစ်ထပ်ကျောင်းဆောင် အတွင်းမှာ NLD  တံဆိပ်နှင့် ခွပ်ဒေါင်းအလံ ၂ ထည်၊ NLD  တံဆိပ်ပါ လွယ်အိတ်အသေး ၁ လုံး၊  ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနှင့် Our leader   စာတန်းပါ Mask ၁ ခု၊ ဆန္ဒပြသူများ ဆောင်းရာတွင် အသုံးပြုသည့် ဦးထုပ်အဖြူရောင် ၉၃ လုံး၊ ဆောင်ဓား ၈ ချောင်း၊  ဘိလပ်မြေရောစပ်ပြီး လောက်စာလုံးအဖြစ် လုံးထားသည့်အလုံး ၁ဝဝဝ လုံး၊ သံဘောစေ့ ၁ ဘူးကို ၁ဝဝ စေ့ပါ ၈ ဘူး ၈ဝဝ စေ့ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီကျောင်းထဲမှာပဲ Crown အမျိုးအစား ဆလွန်းအဖြူရောင်ယာဉ် ၁ စီး၊ AD ဘင်အမျိုးအစား အဖြူရောင်ယာဉ် ၁ စီး၊ NOAH အမျိုးအစား အဖြူရောင်ယာဉ် ၁ စီး၊ KLUGER အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး စုစုပေါင်း လိုင်စင်စိစစ်ဆဲ မော်တော်ယာဉ် ၄ စီးကို  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ပိုင်ရှင်ကို   ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိပါတယ်။