နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည် ဖြေကြားခြင်း

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်-

မေး။  ခေတ်သစ်မီဒီယာတွင် ကယားပြည်နယ်မှာ မေလ ၂၇  ရက်နေ့ ကယားပြည်သူ့ ကာကွယ်ရေးတပ်နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ရာမှာ တပ်မတော်မှ စစ်သည် ၁၂ ဦး ကျဆုံးခဲ့တယ်။ ခေတ်သစ်မီဒီယာက ဖော်ပြထားတာကို တွေ့ရှိရပါတယ်။  ဒါနဲ့ပတ်သက်ပြီး မှန်မမှန် သိလိုပါတယ်ခင်ဗျာ။

ဖြေ။   ကယားပြည်နယ်မှာ မေလ ၂၇ ရက်နေ့က တပ်မတော်နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ကြားထဲ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိပါဘူး။ ငွေတောင်နဲ့ ဒီးမော့ဆို မှာရှိတဲ့ နယ်မြေခံတပ်တွေကိုပဲ ည ၉ နာရီခွဲလောက်မှာ အဝေးကနေပြီး အကြမ်းဖက်အဖွဲ့တွေက နှောင့်ယှက်ပစ်ခတ်ခဲ့တာပဲ ရှိပါတယ်။  ဒီဖြစ်စဉ်မှာလည်း တပ်ဘက်က ထိခိုက်ကျဆုံးမှု  မရှိပါဘူး။ သတင်းအမှားပါ။

မေး။  စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော် ရွာမှာ မေလ ၂၇ ရက်နေ့က တပ်မတော်မှ စစ်သည်၄ဝ ဦးခန့်ရောက်ရှိလာပြီး နေအိမ်သုံး ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း၊ ရွှေတစ်ကျပ်သား၊ ငွေ သိန်း ၃ဝ လောက်ပါသွားကြောင်း၊ RFA   Burmese က သတင်း ဖော်ပြထားတာကို  တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှန်မမှန်သိလိုပါတယ်ခင်ဗျာ။

ဖြေ။   စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော် ရွာမှာ မေလ ၂၇ ရက်နေ့က တပ်ဘက်က နေအိမ် ၃ အိမ်က ပစ္စည်းတွေ ယူသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲ့ဒေသဘက်တွေမှာ အကြမ်းဖက် ဆူပူသူတွေက မင်းမဲ့စရိုက်တွေ လုပ်နေလို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွား ရောက်ရှင်းလင်း နေရတာတွေတော ့ရှိပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ အိမ်တွေကို အကြောင်းမဲ့ဖျက်ဆီးပြီး ရွှေငွေတွေ လုယူတာတော့ လုံးဝလုံးဝ မလုပ်ပါဘူး။

တပ်မတော်ကို အထင်အမြင်လွဲစေဖို့ ဖန်တီးလုပ်ကြံထားတဲ့ သတင်းသာဖြစ်ပါတယ်။ သတင်းမှာကိုက အမည်မဖော်လိုသူ ရွာသားတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရေးထားတာပါ။ လုပ်ကြံလီဆယ်ပြီး ဖန်တီးထားတဲ့ သတင်းဖြစ်ပါတယ်။ တကယ်တမ်းကတော့ မီဒီယာတွေ အနေနဲ့ မိမိသတင်းရဲ့ သတင်းရင်းမြစ်တွေကို သေချာစိစစ်ပြီးမှ သတင်း ထုတ်ပြန်သင့်ပါတယ်။

မေး။  လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့များမှာ တပ်မတော်မှ တိုက်ပွဲများ မရှိဘဲ ဆက်တိုက်ပစ်ခတ်မှုများ ရှိနေကြောင်း Mizzima  News  in  Burmese က ဖော်ပြ ထားတာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှန်မမှန်သိရှိလိုပါတယ်ခင်ဗျာ။

ဖြေ။   လွိုင်ကော်နဲ့ ဒီးမော့ဆိုက နယ်မြေခံတပ်တွေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် ဆူပူသူတွေက လာရောက်ပစ်ခတ်တဲ့အချိန်မှာ တပ်ကနေပြန်လည်ပြီး ခြောက်လှန့် ပစ်ခတ်ခဲ့တာပဲ ရှိပါတယ်။ အကြောင်းမဲ့ ပစ်ခတ်တာတွေ မရှိပါဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေ နဲ့ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (ROE)အတိုင်း လိုက်နာ ဆောင်ရွက်လျက် ရှိပါတယ်။