နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

မေး။ ၂၈ ရက်နေ့ ည ၁ဝ နာရီ ၄၅ မိနစ် အချိန်တွင် မြိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း  ဗုံးကွဲမီးလောင်မှုကြောင့် အဆောက်အဦတစ်ခု မီးလောင်ကျွမ်း ပျက်စီးခဲ့မှုသည် စစ်ကောင်စီ လက်ချက်ဟု ၂၉ ရက်နေ့ ခေတ်သစ်မီဒီယာက သတင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မှန်/မမှန် သိလိုပါတယ်ခင်ဗျာ။

ဖြေ။ မေ ၂၉ ရက်နေ့မှာ ခေတ်သစ်မီဒီယာက တင်ထားတဲ့ မြိုင်မြို့နယ် အထက ၂ ကျောင်း ဗုံးကွဲမီးလောင်တာ တပ်မတော်ကြောင့်ဆိုတဲ့ သတင်းကတော့ လုပ်ကြံသတင်းပါ။ ကျောင်းအပ်နှံရေးကာလ COVID-19 ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားခဲ့ရတဲ့ အတွက် ကလေးတွေပညာရေးမှာ တစ်နှစ်လည်း နောက်ကျပြီးပါပြီ။  ဒါကို COVID- 19 ရောဂါ ကာကွယ်ရေးစည်းမျဉ်းတွေနဲ့အညီ ကျောင်းတွေပြန်လည်ဖွင့်လှစ်ပြီး  ပညာရေး နောက်ကျမှု မဖြစ်စေဖို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်နေတာကို ကျောင်းမတက်ရေး လှုံ့ဆော်မှုတွေ၊ ဆရာ၊ ဆရာမတွေကို CDM လုပ်ဖို့ ဖိအားပေးနေတာတွေကို အကြမ်းဖက် အဖွဲ့တွေက လုပ်ဆောင်နေတာကိုလည်း အားလုံး မြင်နေ၊ တွေ့နေကြရတာပဲ။ စာသင်ကျောင်းတွေ ပြန်လည်မဖွင့်လှစ်နိုင်ဖို့ နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတာလည်း အားလုံးသိပြီးသားပါ။ ဒီ မြိုင် အထက ၂ မီးလောင်တဲ့ ဖြစ်စဉ်ကလည်း  NUG နဲ့  CRPH ပြည်ပြေးအဖွဲ့ကို ထောက်ခံတဲ့  အကြမ်းဖက်ဆူပူသူတွေရဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

မေး။ SNA ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ စဝ်ခွန်ကျော်ကို အာဏာသိမ်း စစ်တပ်က လုပ်ကြံခြင်း ဖြစ်ကြောင်းSNAပြောခွင့်ရ ဗိုလ်မှူးကြီးအဆင့်ရှိသူ ဆေးစိုင်းထွန်းက ဧရာဝတီက သတင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှန်/မမှန် သိလိုပါတယ် ခင်ဗျာ။

ဖြေ။ SNA ရဲ့ ဒုဦးစီးချုပ်ဆိုသူဟာ ယခင်က ABSDF အဖွဲ့ကပါ။ ပါဂျောင်မှာဖြစ်ခဲ့တဲ့ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် လူမဆန်တဲ့ နည်းတွေနဲ့သတ်ခဲ့သူ၊ ကျောင်းသူအချင်းချင်း လူမြင်ကွင်းမှာ လိင်ဆက်ဆံစေသူ ဆိုပြီး နာမည်ကြီး ပါဂျောင် လူသတ်ပွဲရဲ့ တရားခံလို့လည်း အမည်ရှိသူပါ။ ကြိုးလေးကြိုး သေဒဏ်ပေးခံရပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါလာလို့ အငြင်းပွားခံနေရတဲ့ သူလည်း ဖြစ်ပါတယ်။ မြေပြင်သတင်းအရတော့ သူ့အဖွဲ့က မကြိုက်တဲ့ အခြားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ကို ဆက်သွယ်ရာကနေ အဖွဲ့အတွင်း သဘောထားကွဲလွဲတာတွေ ရှိတယ်လို့တော့ ကြားသိရပါတယ်။

မေး။ တပ်မတော်စစ်ကြောင်းက   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းကြီး ကျေးရွာသို့ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့် ကားများဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်း ဝင်ရောက်၍ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ သောက်စားမူးယစ်ခြင်းများ ပြုလုပ်ပြီး ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြန်သွားကြောင်းနှင့် ဦးတင်အေး(NLD လက်ထက် အုပ်ချုပ်ရေးမှူးဟောင်း)အိမ်ကနေ ငွေ ၈ သိန်း၊ ရွှေဆွဲကြိုးနဲ့ လက်စွပ်များ ယူဆောင်သွားကြောင်း၊ အခြားရွာသားများအိမ်မှ  ပဲဆီ ၂ ပုံး၊ ဘီယာဖာများ၊ မှန်၊ ပေါင်းအိုး၊ အအေးဘူး အပါအဝင် စားသောက်စရာများ လုယူသွားကြောင်း   Khit ThitMedia ကဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှန်/မမှန် သိရှိလိုပါတယ် ခင်ဗျာ။

ဖြေ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ခင်ဦးမြို့နယ် အင်တိုင်းကြီး ကျေးရွာဘက်မှာ တပ်မတော်နဲ့ ရဲကနေပြီး လုံခြုံရေး ဆောင်ရွက်နေတာမရှိပါဘူး။ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့  မင်းမဲ့စရိုက် ဆန်တာတွေ  လုပ်ဆောင်လို့ မရပါဘူး။ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားပါ။ အဲလို လုပ်ဆောင်မှုတွေ ရှိရင်လည်း စစ်ဆေးပြီး အရေးယူရတာပါ။ တကယ်ဖြစ်ခဲ့တယ်ဆိုရင် မီဒီယာကနေ ပြောနေမယ့်အစား တရားဝင် အထောက်အထားတွေနဲ့ တိုင်ကြားလို့ ရပါတယ်။ ဒါကြောင့် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်တဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

မေး။  Mizzima- News In Burmese က မေလ ၃ဝ ရက်နေ့မှာ ဖော်ပြတဲ့ သတင်းထဲမှာ တပ်မတော်က ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ ရက်ပေါင်း ၁ဝဝ ကျော်အတွင်း အပြစ်မဲ့ပြည်သူ ၈ဝဝ ကျော် ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုပြီး ဖော်ပြထားတာ တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖြစ်မှန် သိချင်လို့ပါ ခင်ဗျာ။

ဖြေ။ ဖားကန့်မြို့နယ် တာမခန်မြို့သစ်မှာ ရက်ပေါင်း ၁ဝဝ အတွင်း ပြည်သူ ၈ဝဝ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းကတော့ဗျာ ဖတ်ကြည့်တာနဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းဆိုတာ သိသာနေတာပဲ။ ဒီသတင်း မီဒီယာအနေနဲ့ နိုင်ငံပျက်စီးရာ ပျက်စီးကြောင်းနဲ့ ပြည်သူတွေ စိုးရိမ်ကြောက်လန့်အောင် ကောလာဟလသတင်းတွေ အမြဲတမ်း ထုတ်လွှင့်နေတာပါ။ ဒီသတင်းဌာနက တင်တဲ့ သတင်းတွေကို ပြည်သူတွေအနေနဲ့ ချင့်ချိန်ပြီး နားထောင်ကြဖို့ တိုက်တွန်းပါတယ်။

မေး။ NLD ပါတီဝင်ကို စစ်တပ်က ဖမ်းမမိသဖြင့် သားသမီးများကို ဖမ်းဆီးပြီး ရွှေထည်၊ ကျပ်သိန်း ၃ဝဝ ကျော်ဖိုး ယူသွားတယ်လို့ DVB သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အဖြစ်မှန်သိလိုပါတယ် ခင်ဗျာ။

ဖြေ။ မေလ ၂၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ကို ဧည့်စာရင်း စစ်ဆေးခဲ့တာရှိပါတယ်။ အဲ့လိုစစ်ဆေးတဲ့အခါမှာ တပ်၊ ရဲနဲ့ ရပ်ကွက်က တာဝန်ရှိသူတွေ ပါပါတယ်။ လမ်း ၅ဝ နဲ့ ၅၁ လမ်းကြား၊ ၁ဝ၅(ဗ) လမ်းမှာရှိတဲ့ NLD ပါတီရပ်/ကျေး ဘဏ္ဍာရေးမှူး ဒေါ်မေသူအိမ်ကို စစ်ဆေးတဲ့အခါမှာလည်း ကလေးတွေကိုပဲတွေ့လို့ သူတို့အမေ ဘယ်သွားလဲ မေးခဲ့တာပဲရှိပါတယ်။ ဖမ်းတာဆီးတာ မရှိပါဘူး။ ရွှေသိန်း ၃ဝဝ ဖိုးနဲ့ ငွေ ၁ဝ သိန်း ယူတယ်ဆိုတာလည်း မဟုတ်ပါဘူး။   လီဆယ်လုပ်ကြံပြီး သတင်းမှား ဖြန့်ချိတာပဲဖြစ်ပါတယ်။

Myanmar Now သတင်း Page ကလဲ ဒီငွေသိန်း ၃ဝဝ ကျော် ရွှေနဲ့ငွေ ယူသွားတာကို ကာယကံရှင်က အတည်ပြုတယ်လို့ ရေးထားတာပဲ တွေ့ရပါတယ်။ အဖြေကတော့  ရှင်းရှင်းလေးပါ။ တပ်မတော်က ဧည့်စာရင်းဝင်စစ်ချိန် ရဲနဲ့ရပ်ကွက်က တာဝန်ရှိသူ အရပ်သားတွေ ပါပါတယ်။ လူအများကြီးပါ။ ပစ္စည်းကိုယူရင် အရေးယူခံရမှာပါ။ အပေါင်ဆိုင်ဖြစ်တဲ့အတွက် အပေါင်ဆိုင်ပိုင်ရှင် ဒေါ်မေသူက ပစ္စည်းတွေ ယူသွား တယ်လို့ လီဆယ်လုပ်ကြံပြီး ပစ္စည်းအပျောက် ဖျောက်တာပဲ ဖြစ်နိုင်ပါတယ်။

မေး။ မေလ ၃၁ ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာ တိုက်ပွဲမှာ တပ်ကနေပြီး ၈ဝ ကျော်သေဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားတာကို လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့နေရပါတယ်။ ဒီသတင်းမှန်/မမှန် သိချင်ပါတယ်။

ဖြေ။ မေလ ၃၁ ရက်နေ့က ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာမှာ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေက တပ်မတော်စစ်ကြောင်း တစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့တာတော့ရှိပါတယ်။ ဒါပေမဲ့  တပ်မတော်သား ၈ဝ ဦး ကျဆုံးခဲ့တယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး။ သတင်းအမှားပါ။ KNDF အကြမ်းဖက်သူတွေ အနေနဲ့မကြာခဏ သတင်းမှားတွေကို ကြေညာချက် ထုတ်လေ့ရှိပါတယ်။

မေး။ မေလ ၃၁ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက်ကြားမှာ တပ်နဲ့ CDF တိုက်ပွဲဖြစ်ပွားပြီး တပ်ဘက်ကနေ ၈ ယောက် ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို Khit Thit Media သတင်း Page ကနေမျှဝေထားပါတယ်။ အဲဒီအခြေအနေလေး သိချင်ပါတယ်။

ဖြေ။ ပြန်ကြားရေးဝန်ကြီးဌာနကနေ ၂ဝ၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်အမှတ်(၁/၂ဝ၂၁) အမိန့်ထုတ်ပြန်ချက်မှာ Khit Thit Media ၊ Mizzima ၊Myanmar Now ၊ 7Days ၊ DVB သတင်းဌာနတွေရဲ့   ထုတ်ဝေခြင်း လုပ်ငန်း အသီးသီးကို ပိတ်သိမ်းကြောင်း ထုတ်ပြန်ထားပါတယ်။ ကျနော်တို့ ဒီ Khit Thit Media နဲ့ပတ်သက်ပြီး အမြဲပြောလေ့ရှိပါတယ်။ သူတို့ရဲ့ သတင်းအရင်းအမြစ်တွေသည် ခိုင်မာမှု မရှိပါဘူး။ ကောလာဟလတွေ၊ လုပ်ကြံဝါဒဖြန့် သတင်းတွေကိုပဲ တစိုက်မတ်မတ် ရေးသားပြီး နိုင်ငံပြိုကွဲဖို့၊ မတည်မငြိမ်ဖြစ်ဖို့ ကြိုးစားနေတဲ့ သတင်း Page ပါ။ ဒီသတင်း Page က ရေးသားချက်တွေကို ယုံကြည်မှု မထားဖို့ တိုက်တွန်းလိုပါတယ်။ မေလ ၂၉ ရက်နေ့ကနေ ၃၁ ထိ ချင်းပြည်နယ်၊ ကန်ပက်လက်မှာ ဘာတိုက်ပွဲဖြစ်စဉ်မှ မရှိပါဘူး။

မေး။ DVB TV News မှာတင်ထားတဲ့ သတင်းအရ မေလ ၃၁ ရက်နေ့  ညနေပိုင်းမှာ  ပေါက်မြို့နယ်၊ ကြည့်ငိုတောင် တိုက်ပွဲအတွင်း တပ်မတော်ဘက်က ၃ဝ ယောက် သေဆုံးခဲ့တယ်လို့ သတင်း တင်ထားတာ တွေ့ရပါတယ်။ ဒီအခြေအနေကိုလည်း သိပါရစေ။

ဖြေ။ DVB TV News ကတင်ထားတဲ့ ပေါက်မြို့နယ် ကြည့်ငိုတောင်တိုက်ပွဲ သတင်းကို  ဖတ်ရပါတယ်။ သူ့သတင်းထဲမှာ တပ်မတော်ဘက်က လူ ၃ဝ ဦးက မိုင်းနင်းမိပြီး သေဆုံးတယ်ဆိုပြီး ရေးထားတော့ သူတို့တင်တဲ့သတင်းက ဖြစ်နိုင်လား/ မဖြစ်နိုင်ဘူးလား ဆိုတာကို အယ်ဒီတာတွေ၊ သတင်းရေးသားသူတွေက စိစစ်နိုင်မှု မရှိဘူးဆိုတာ ပေါ်လွင်နေပါတယ်။ သတင်းအရင်းအမြစ် မသေချာတဲ့အပေါ်မှာ မူတည်ပြီး ရေးထားတာကိုလည်း တွေ့ရပါတယ်။ မကွေးတိုင်း ကြည့်ငိုတောင်ဘက်မှာ ဘာတိုက်ပွဲဖြစ်စဉ်မှ မရှိပါဘူး။

မေး။ မနေ့က Myo Yan Naung Thein ဖေ့ဘုတ်ပေ့ချ်ကနေ ကလေးတွေကျောင်းတက်မယ့်ကိစ္စ အထူးသတိပေးချက် ဆိုပြီး   သူတို့ရဲ့ တော်လှန်ရေးကြီး နိုင်ငံလုံးဆိုင်ရာ ထိုးစစ်ကြီးက ဆင်တော့မှာ။ တစ်နိုင်ငံလုံး ကိုသိမ်းမယ်။ လေးငါးလနဲ့ အောင်မြင်မှာဆိုပြီး ပြောထားတာကို တွေ့ရပါတယ်။ ထပ်မံပြီး ကလေးတွေကို ကျောင်းသွားရင် ခြေပြတ်လက်ပြတ်ဖြစ်မယ်။ သေဆုံးမှုတွေ ဖြစ်နိုင်မယ်လို့ ခြိမ်းခြောက်ထားတာလည်း တွေ့ရပါတယ်။ BBC Burmese သတင်းဌာနကနေ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်း တက်ပြီးနောက် မြို့ထဲပြန်ဝင်လာသူဆိုတဲ့ ခေါင်းစဉ်နဲ့ လူငယ် ကိုဖိုးဇော် ကို မေးမြန်းနေတာတွေကို နားထောင်လိုက်ရပါတယ်။ ဒီအင်တာဗျူးထဲမှာ သူတို့က ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရတယ်၊ ပြောက်ကျား စစ်ဆင်ရေးတွေ ဆင်နွှဲမယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ထောက်တိုင်တွေကို တိုက်ခိုက်မယ်။ ယိုင်နဲ့သွားအောင် လုပ်မယ်၊ CDM မလုပ်တဲ့ဌာနတွေကို တိုက်ခိုက်မယ်လို့ ပြောသွားပါတယ်။ ဒီပြောကြားချက်တွေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဘယ်လိုမျိုး ဆက်လက် စီမံဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ဒီအင်တာဗျူးတွေအရ ကျောင်းနေအရွယ် ရိုးသားတဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့နဲ့ CDM မလုပ်တဲ့ hJNON CDM ဝန်ထမ်းတွေကို လုပ်ကြံ တိုက်ခိုက်ဖို့ စီစဉ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒီလို ကျောင်းနေအရွယ် ကလေးသူငယ်တွေနဲ့ လက်နက်မဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို  တိုက်ခိုက်လာခဲ့ရင် အကြမ်းဖက် ဆူပူသောင်းကျန်းသူတွေကို ပြင်းထန် ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။