နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် - ၆

        နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊  သိက္ခာတော်(၇၄)ဝါ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမ အဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ကျင်းပပြုလုပ်သည်။

        အဆိုပါအန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင် တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာ ပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိ ဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ဆရာ တော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒါယကာ၊ ဒါယိကာမများ၊ ရဟန်းသံဃာများနှင့် သာသနာ နွယ်ဝင်သီလရှင်များ၊ ဝတ်အသင်းအဖွဲ့များ၊ ဘာသာပေါင်းစုံ အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ တက်ရောက်ပူဇော်ကြသည်။

        ဦးစွာ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး တို့က ဗန်းမော် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်သည်။

        ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင် မင်းကျောင်းဆရာတော်ကြီးက ဖတ်ကြားပူဇော်သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး က ဖတ်ကြားပူဇော်သည်။ ဆက်လက်ပြီး ပြည်တွင်း၊ ပြည်ပအကြီးအကဲများနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ် လွှာများအနက် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်မှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ် လွှာနှင့် သီရိလင်္ကာနိုင်ငံ အမရပူရသံဃကောင်စီဥက္ကဋ္ဌ ဆရာတော်ကြီးမှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကလည်းကောင်း၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ် လွှာအား ရန်ကုန်ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် ရဟန်းအမတ် ကာဒီနယ် ချာလ်းစ်ဘို ကလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပေးပို့ သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဦးဝဏ္ဏရွှေကလည်းကောင်း၊ The Buddhist Association of China မှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာအား တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း အသီးသီး ဖတ်ကြားပူဇော် ကြသည်။

        ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းပြီး အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များ အား လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

        ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာ နာယက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ ထံမှ ဓမ္မသံဝေဂကထာ တရားနာကြားပြီး သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ရေစက်သွန်းချတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် အမျှ ပေးဝေကြသည်။ 

        ၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ၏ ထေရုပ္ပတ္တိအကျဉ်းကို အခမ်းအနားမှူးက ဖတ်ကြားပူဇော်သည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် တပည့် ဒါယကာ၊ ဒါယိကာမများက အပြစ်ရှိကခွင့်လွှတ်တော်မူရန် တောင်းပန်ကန်တော့၍ ဆရာတော်ဘုရားကြီးအား နောက်ဆုံးတောင်းပန် ကန်တော့ ကြသည်။

        ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် ချမ်းမြသာစည်မြို့နယ်ရှိ ဈာပနကွင်းသို့ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်ခြင်းအခမ်း အနားကို ဆက်လက်ကျင်းပရာ အခမ်းအနားမှူးက ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ ကြွချီတော်မူပါရန် အဘိယာစန နိမန္တန ဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ကရဝိက်ယာဉ်ပေါ်သို့ ပင့်ဆောင်ရန် အတွက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပင့်ဆောင်ရာတွင် တပည့်သံဃာ တော်  ၈ ပါးမှ ဗိမာန်တော်မှ ဗိမာန်တော်မုခ်ဦးအထိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် အကြီးအကဲ ၈ ဦးမှ ဗိမာန်တော်မုခ်ဦးမှ သတ်မှတ်နေရာအထိ၊ ထိုမှတဆင့် ဦးစီးကော်မတီ ၈ ဦး၊ ဆွေတော်မျိုးတော် ၈ ဦးတို့မှ သတ်မှတ်နေရာအသီးသီးမှ ကရဝိက်ယာဉ်တော်ပေါ်အထိ အသီးသီးပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ ချမ်းမြသာစည်မြို့နယ်ရှိ ဈာပနကွင်းသို့ပင့် ဆောင်ကြ သည်။

        ထိုသို့ ပင့်ဆောင်ရာတွင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို တင်ဆောင်ထားသည့် ကရဝိက်ယာဉ်တော်အား အုပ်ချုပ်မှုယာဉ်များ၊ သက်တော်ရှည် နိုင်ငံတော်ဩဝါဒဆရာတော်ကြီးများနှင့် မဟာနာယကဆရာတော်ကြီးများ၏ ယာဉ် များ၊ ဆရာတော်ကြီး၏ ပုံတော်တင်ယာဉ်၊ သာသနာ့အလံကိုင် ဥပါသကာများနှင့် ကြေးစည်ကိုင် ဥပါသကာများ၏ ယာဉ်များ၊ ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့ ယာဉ်များ၊ ကရဝိက်ယာဉ်တော်၏ ရှေ့တွင် သံဃာတော် အပါး ၅၀၀၊ အနောက်တွင် သံဃာတော် အပါး ၅၀၀ ၊ တပည့်သံဃာတော်များ၊ ဆွေတော်မျိုးတော်များ၊ ဝတ်အသင်းအဖွဲ့များ နှင့် တပည့် ဒါယကာ၊ ဒါယိကာမများ လိုက်ပါ၍ ကရိဝိက်ယာဉ်တော်၏ ဝဲ၊ ယာတွင် ဝတ်ဖြူစင်ကြယ်ဝတ် ဥပါသကာ ၅၀ ဦးစီနှင့် ဒါယကာဒါယိကာမများ၊ ဒေသခံပြည် သူများက ပိတ်ဖြူစ(တမုတ်ကြိုး)ဆွဲ၍ ပင့်ဆောင်ပူဇော်ကြသည်။ ပင့်ဆောင်ရာ လမ်းကြောင်း တစ်လျှောက်တွင် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ တပည့် ဒါယကာ၊ ဒါယိကာမ များ၊ ပြည်သူလူထုအပေါင်းတို့က လိုက်ပါခြံရံ၍ စည်ကား သိုက်မြိုက်စွာဖြင့် ပို့ဆောင်တော်မူကြသည်။ 

        ဆက်လက်ပြီး အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် အန္တိမ ဈာပနပူဇာ သဘင်ကိုကျင်းပပြုလုပ်ရာ ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ် တော်ပေါ်မှ လောင်တိုက်ပေါ်သို့ တပည့်သံဃာတော် ၈ ပါးတို့က စတင် ပင့်ဆောင် ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များက မင်္ဂလာ ပန်းရထားပေါ်သို့ ပင့်ဆောင်ကြသည်။

        ထို့နောက် အခမ်းအနားမှူးက ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူပါမည့်အကြောင်း အဘိယာစန နိမန္တနဂါထာ ဖြင့် တောင်းပန်လျှောက်ထားပြီး ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ အစီ အစဉ်အတိုင်း ပင့်ဆောင်ကြသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် အားဖူးမြော်ကြည်ညိုကြသည်။

        ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာ ဝတ သင်္ခါရာ အစ ချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများပြီး အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာဖြင့် နောက်ဆုံးတောင်းပန်ကန်တော့ခြင်းများကို ဆောင်ရွက် ကြသည်။

        ထိုသို့ တောင်းပန်ကန်တော့ခြင်းများ ပြုလုပ်ပြီး၍ သာဓုသုံးကြိမ်ခေါ်ဆို ကြပြီးနောက် တပည့်သံဃာတော်များက စက်ခလုတ်နှိပ်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြသည်။   

        နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးသည် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် သာသနာ့ဦးသျှောင် ဆရာတော်ဘုရားကြီးဖြစ် ကြောင်း၊ ဗန်းမော်ဆရာတော်ဘုရားကြီး အလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက် တို့မှ ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၀၄ ခုနှစ်၊ ဝါဆိုလဆန်း(၈)ရက်၊ တနင်္လာနေ့တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ တနင်္လာနေ့တွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော် ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ချီးမြှင့်တော်မူသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များစွာကို ရရှိတော်မူခဲ့ ကြောင်း၊ ဆရာတော်သည် ပထမအကြိမ်မှ ဆဋ္ဌအကြိမ် ၂၀၁၀ ပြည့်နှစ်၊ မတ်လအထိ နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့် နှစ်၊ ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များ၏ အဓိပတိ အဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ ကြောင်း။

        ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက် တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဇနဂုဏ်၊ ရတ္တညူ မဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီ ပေသလ သိက္ခာကာမဂုဏ် ပရဟိ တာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော် မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာ ရဋ္ဌ ဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ဆရာတော်ဘုရားကြီး သည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူလျက်ရှိစဉ် သက်တော်(၉၄) နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

        နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှော ပူဇော်ခြင်းအခမ်းအနားကို ဧရာဝတီမြစ်၊ မရမ်းခြံဆိပ်ကမ်း၌ ဇွန် ၇ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။