နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဒုတိယ တစ်လတာခရီး

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဒုတိယ တစ်လတာခရီး

စစ်တီးဝိုင်းအဖွဲ့သားများ တီးခတ်လိုက်သည့် စစ်ချီသီချင်းသံက ကောင်းကင်ယံသို့ ပျံ့လွင့်လျက်ရှိသည်။  

အနော်ရထာစစ်ကြောင်း၊  ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊  အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊    ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းကြီးများက စစ်ရေးပြကွင်း အတွင်းသို့  အစဉ်လိုက် ဝင်ရောက်နေရာယူကြသည်။ အစဉ်အလာကြီးမားသည့် တပ်မတော်အတွက် သမိုင်းဝင်အထိမ်းအမှတ်   (၇၆)နှစ်မြောက်  တပ်မတော်နေ့ အခမ်းအနား မြင်ကွင်းမှာ    ပြည်သူတစ်ဦး အနေဖြင့်  မမေ့ပျောက်နိုင်မည့် ဂုဏ်ယူဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင်ဖြစ်ပါသည်။

နိုင်ငံတော်အတွက် အသက်ကို အပ်နှင်းထားသည့် တပ်မတော်ကြီးကို ကိုယ်စားပြုထားသည့် ကြည်း၊ ရေ၊ လေ စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ ရေတပ်အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး အထူးတပ်ဖွဲ့ဝင်များ၊ ကြည်း၊ ရေ၊လေ ယန္တရားတပ်ဖွဲ့၊ လေယာဉ်၊ ရဟတ်ယာဉ် တပ်ဖွဲ့တို့သည် တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့်  လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှ ငွေရတု၊ ရွှေရတု၊ စိန်ရတုကာလ အဆက်ဆက် ဖြတ်သန်းခဲ့ရသည့် အတိတ်၊ ပစ္စုပ္ပန်တို့ကို ထင်ဟပ်စေလျက်   စစ်ရေးပြကွင်းအတွင်း  မြင်တွေ့ရသည်မှာ  အလွန်ပင် ကျက်သရေရှိလှပေစွ။  ခမ်းနားကြီးကျယ်လှပေစွ။ မြန်မာ့တပ်မတော်...။ ဤလူတို့သည်   မြန်မာနိုင်ငံတော်ကြီး အတွက်၊ တိုင်းရင်းသား လူမျိုးများအားလုံးအတွက် အသက်စွန့်၍ ကာကွယ်ပေးတတ်ကြသော တပ်မတော်သားများ ပါပေတကားဟု ဝံ့ကြွားသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာစေပါသည်။

ယခုနှစ်  မတ်လသည်  မြန်မာ့တပ်မတော်၏ အထိမ်းအမှတ် တပ်မတော်နေ့ အခမ်းအနားကို ကျင်းပသည့်လဖြစ်သကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူခဲ့သည့်   နှစ်လတာပြည့်မြောက်သည့် ကာလလည်းဖြစ်ပါသည်။   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ချက် ကိုးရပ်တို့ဖြင့်   မမှိတ်မသုန် ဆောင်ရွက်လျက်ရှိပါသည်။ များပြားလှသည့် နိုင်ငံတော်၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ကို ဦးထိပ်ပန်ဆင်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ  အကျိုးစီးပွားကို ဆောင်ကြဉ်း ပေးနိုင်ရန်နှင့်   နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ရည်မှန်းချက်များ၊   ဦးတည်ချက်များကို အထိရောက်ဆုံး   အကောင်အထည်ဖော်နိုင်ရန်   ကြိုးပမ်း ဆောင်ရွက်နေသည်ကို မတ်လအတွင်း   ဆောင်ရွက်ချက်များကို ကြည့်၍ သိရှိရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ မတ်လ၏ နေ့စွဲများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏မတ်လ ၁ ရက်နေ့တွင်   ကျင်းပသည့် (၄/၂ဝ၂၁) အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့်   သွေးထိုးဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊    ဒီမိုကရေစီစနစ်တွင်  ကြိုက်နှစ်သက်သည်၊  မကြိုက်နှစ်သက်သည် ရှိနိုင်ကြောင်း၊   ဒီမိုကရေစီ ရင့်ကျက်သည့်နိုင်ငံများတွင် စည်းကမ်းဥပဒေနှင့်အညီ တာဝန်ပေးအပ်မှုကို လက်ခံကြကြောင်း၊ ရပ်ကွက်၊ ကျေးရွာများနှင့် အနီးစပ်ဆုံးဖြစ်သည့်  မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများသည်  နိုင်ငံရေး အရောင်အသွေး ကင်းရှင်းရန် လိုအပ်ကြောင်း     စသည်ဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့အပြင်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်၏ ရှေ့ဆက်ရမည့် လုပ်ငန်းစဉ် ငါးရပ်အနက် စီးပွားရေး ကဏ္ဍတွင် ဒေသအလိုက်  ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေးကဏ္ဍ မြင့်မားလာစေရန်၊ ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်အတွက် တစ်နိုင်ငံလုံး အနေအထားဖြင့်   ပြင်ပတွင် ကစားရသည့် အားကစားပွဲများကို ပြန်လည်ကျင်းပရန်နှင့် မြန်မာ့သိုင်း အားကစားနည်းကို ထည့်သွင်းရန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး နည်းလမ်းများအတိုင်း စနစ်တကျ ပြန်လည်လည်ပတ်နိုင်စေရန်အတွက် အဓိကထား ဆွေးနွေးပြော ကြားခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၅/၂ဝ၂၁) အစည်းအဝေးကို မတ်လ ၈ ရက် ကကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့အနေဖြင့်   ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်လ ၂၈ ရက်မှစတင်၍  အကြမ်းဖက်လုပ်ရပ်များစတင်လာသည်ကို တွေ့ရှိရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား  အကြမ်းဖက် တိုက်ခိုက်ခြင်းများ ကြုံတွေ့ရလာပါကြောင်း၊  တရားဥပဒေ စိုးမိုးရေးနှင့်  လုံခြုံရေး ဆောင်ရွက် ရာတွင် အသက်သာဆုံးနှင့် အညင်သာဆုံး ဆောင်ရွက်ခဲ့ပါကြောင်း၊ CDM သည် နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ     ကြိုတင် ကြံစည်ထားခြင်းဟု ယူဆရပြီး စက်ရုံ၊ အလုပ်ရုံများ၊ ခရီးသွားလာရေး လုပ်ငန်းများ၊ ငွေကြေးလည်ပတ်မှုများ၊ ကုန်ထုတ်လုပ်မှုများ ထိခိုက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဆရာဝန်များ ဆေးကုသမှုမပြုလုပ်ကြသဖြင့် ပြည်သူလူထု ထိခိုက်နစ်နာရပါကြောင်း၊     ဘဏ်များ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မီဒီယာများက ဘက်မလိုက်မျှတစွာ ဖော်ထုတ်ရေးသားနိုင်ရေးတို့ လိုအပ်ပါကြောင်း ထည့်သွင်းဆွေးနွေးပြောကြားသည်။ နိုင်ငံတော် ကာကွယ်ရေးနှင့်  လုံခြုံရေး အတွက်  အင်အားရှိရန်နှင့်  အသင့်အနေအထား ဖြစ်အောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊   တိုင်းပြည်  တည်တည်ငြိမ်ငြိမ် ဖြစ်သွားလျှင် ၂ဝ၁ဝ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း အသိပေး ပြောကြားပြီး ကောင်စီဝင်များ၏ ဆွေးနွေးတင်ပြချက်များ ဖြစ်သည့် CRPH  နှင့် အခြား အဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်နေသူများအား စိစစ်ဖော်ထုတ် အရေးယူသွားရန်၊ နိုင်ငံရေးပညာပေး လုပ်ငန်းများ ပိုမိုဆောင်ရွက်သွားရန်၊    မဲမသမာမှု ကဲ့သို့သော ဥပဒေနှင့် မညီညွတ်သည့် ကိစ္စရပ်များကို အများပြည်သူများ သိရှိနိုင်ရေး ဆောင်ရွက်ရန်၊ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဥပဒေ နှင့်အညီသာ    ဆောင်ရွက်ပေးနိုင်ရန်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရန်၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို    ပြန်လည်ဆွေးနွေး ညှိနှိုင်းခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၆/၂ဝ၂၁) အစည်းအဝေးကို မတ်လ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှာကြားမှုများ အပြီးတွင် ကောင်စီ အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးအတွင်း ဘဏ်များအားလုံး ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော လုံခြုံရေးအစီအမံ များဆောင်ရွက်၍ ဖွင့်လှစ်ရန်၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပိတ်ထား ရသည့်အတွက်  ကျောင်းသားကျောင်းသူများနှင့် မိဘများအပြင် နိုင်ငံတော်အတွက်ပါ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ရသဖြင့် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအမံများ ချမှတ် ဆောင်ရွက်ရန်နှင့်    စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး အခြေခံသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်၊ တိုင်းရင်းသား စာပေသင်ကြားရေး ဆရာများအား ပိုမိုထောက်ပံ့မှုများ ပေးအပ်နိုင်ရန်၊ ပြည်တွင်းခရီးသွား လုပ်ငန်းများ  အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂ဝ၂၁)ကို  မတ်လ ၂၂ ရက်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအတွင်း    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းများနှင့် ပတ်သက်၍    ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  မြို့နယ်စည်ပင်သာယာရေး အဖွဲ့များကို ပြန်လည်စိစစ်နိုင်ရေး ညွှန်ကြား ဆောင်ရွက်သွားမည်

ဖြစ်ကြောင်း၊ ဘုရားသုံးဆူဒေသ လမ်းပန်းဆက်သွယ်မှ ုကောင်းမွန်စေရေးအတွက် ရေရှည်မျှော်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ဦးစီးကော်မတီ၊    လုပ်ငန်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံသား မှတ်ပုံတင်ရပိုင်ခွင့် ရှိသည့် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်း နိုင်ငံသား မှတ်ပုံတင်ရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြား ဆွေးနွေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီ   အစည်းအဝေး (၃/၂ဝ၂၁)ကို  မတ်လ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီးဌာနများတွင် ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ မိမိတို့သည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ဝါဒမဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာနများ အနေဖြင့်  ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအား နားလည်အောင် ရှင်းလင်း ပြောကြားစေလိုကြောင်း အမှာစကား အတွင်း ထည့်သွင်းပြောကြားသည်။ အဆိုပါ အစည်းအဝေးအတွင်း ဘဏ်လုပ်ငန်းများ စည်းကမ်းတကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ရေးနှင့်   ဆေးရုံများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက်    အစီအမံများကို ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်ကို   မြင်တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မတ်လ ၂ဝ ရက်တွင် မြိတ်၊   ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံခြင်း၊ မတ်လ ၂၈ ရက်တွင် တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မတ်လ ၂၉ ရက်တွင် ကျိုင်းတုံတပ်နယ်မှ  အရာရှိ၊  စစ်သည်၊ မိသားစုများနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

တပ်နယ်များမှ တပ်မတော်သားများနှင့် တွေ့ဆုံစဉ် လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားရသည့် အခြေအနေ အရပ်ရပ်တို့နှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လက်ရှိဆောင်ရွက်လျက် ရှိသည့် အစီအမံများနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း ထည့်သွင်း ပြောကြားသည်။  အဆိုပါတွေ့ဆုံပွဲများ အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာ ပစ္စည်းများကို  နယ်မြေခံတပ်ရင်းများထံ  ပေးအပ်ခဲ့ပြီး တပ်မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်ကိုလည်း မြင်တွေ့ရပါသည်။

ထို့အတူ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း  မတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ ကလော၊ အောင်ပန်း၊ ဗထူးနှင့်  ပြင်ဦးလွင် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား အရာရှိ၊စစ်သည် ဗိုလ်လောင်းများနှင့် တွေ့ဆုံအားပေးခြင်း၊ လက်ရှိ နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ရှင်းလင်း ပြောကြားခြင်းနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ခဲ့ပြီး မတ်လ ၂၉ ရက်တွင် မန္တလေးတပ်နယ်နှင့် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးများသို့ သွားရောက် တွေ့ဆုံခဲ့သည်ကိုလည်း  တွေ့ရပါသည်။ 

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၈/၂ဝ၂၁)ကို မတ်လ ၃ဝ ရက် တွင်ကျင်းပခဲ့ပြီး အခမ်းအနား၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ''ပြည်သူများ ရွေးချယ်ထားသည့် ဒီမိုကရေစီစနစ်ဆီသို့ မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရန်အတွက် ယခုအခါတွင် စုပေါင်း ဦးဆောင်မှုဖြင့်သာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ တပ်မတော်မှ ဝန်းရံပေးနေခြင်းသာဖြစ်ပါကြောင်း၊ ပြည်သူများ  မျှော်မှန်းထားသည်မှာ  စစ်မှန်သည့်ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သော်လည်း တတိယ သက်တမ်းအတွက် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် မဲမသမာမှုများ ပြုလုပ်၍ ပြည်သူများ ရွေးချယ်ထားသည့်   ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုပြီး ပြည်သူလူထုကို စော်ကားခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စစ်မှန်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း   ဖြစ်ပေါ်စေရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားပါကြောင်း၊ ဆက်လက်၍ နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းရေး၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရေး၊ လိုအပ်သည့်နေရာများတွင် အထူးတရားရုံးများ ဖွင့်လှစ်ရေး၊ အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဝင်ငွေခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ရေး၊ လူမှုကွန်ရက်ပေါ်မှာ ကောလာဟလများအား ထိန်းချုပ်ရေး၊ သတင်းမီဒီယာ အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းရေး အပါအဝင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်  ဘာသာရေး၊  လူမှုရေး၊ ဒေသ ဖွံ့ဖြိုးရေး စသည့် ကိစ္စရပ်များကို ကော်မတီဝင်များက စုစည်းညီညွတ်စွာဖြင့်  ဆွေးနွေး အဖြေရှာနေသည်ကိုလည်း အားရဖွယ် မြင်တွေ့ရပါသည်။

(၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို  နေပြည်တော် စစ်ရေးပြကွင်း၌   အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ စစ်ရေးပြ အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်ရေးပြကွင်းရှိ အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက အလေးပြုကြပြီး အမြောက် ၁၉ ချက်ကို   ဂုဏ်ပြုပစ်ဖောက်ခြင်း၊  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းကြီးများကို လိုက်လံစစ်ဆေးခြင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး  သစ္စာလေးချက်ကို သံပြိုင် ရွတ်ဆိုခဲ့သည်ကို ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုမှတစ်ဆင့် မြင်တွေ့ခဲ့ရပါသည်။

အဆိုပါ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ''စစ်ရေးပြ အခမ်းအနားသည် အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက် ဆက် ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားသည့် မြန်မာ့ တပ်မတော်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့်  စစ်ရေးပြ အခမ်းအနား ဖြစ်သကဲ့သို့  COVID – 19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားကို ပြန်လည်ကျင်းပသည့် စစ်ရေးပြအခမ်းအနားလည်း ဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတု ကျော်လာခဲ့သည့်တိုင် ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို     လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည့်   တပ်မတော်အတွက် ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါကြောင်း'' ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ မိန့်ခွန်းအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ''တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ မိမိတို့ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး လုံခြုံအေးချမ်းစွာနှင့် အေးအတူ၊ ပူအမျှလက်တွဲပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစွာ နေထိုင်လုပ်ကိုင်နိုင်အောင် ခိုင်မာစွာ ဆက်လက် လုပ်ဆောင်သွားမည်၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ တိုးတက်ရေး ကြိုးစားဆောင်ရွက်သွားမည်''ဟု နိုင်ငံအတွက် တပ်မတော်၏ ရပ်တည်ချက်၊  ခံယူချက်နှင့် အနာဂတ် ရည်မှန်းချက်တို့ကို ထပ်လောင်း၍   အတိအလင်း ပြောကြားခဲ့ခြင်းသည်လည်း  ပြည်သူများအတွက် ကျေနပ်အားတက်ဖွယ် ဖြစ်စေမည့် မိန့်ခွန်းတစ်ရပ် ဖြစ်လာခဲ့ပါသည်။

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက မတ်လ ၃ ရက်နေ့တွင် ပထမဆုံးအကြိမ် အစည်းအဝေး

ကိုကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအတွင်း  အမျိုးသား စည်းလုံးညီညွတ် ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က   မိန့်ခွန်းပြောကြားရာတွင်ငြိမ်းချမ်းရေးနှင့် ပတ်သက်ပါက  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ''တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွားမည်''ဟူသည့် လုပ်ငန်းစဉ်ချမှတ်ထားသကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏   နိုင်ငံရေး ဦးတည်ချက်တွင်လည်း   ယင်းအချက်ကို အလေးအနက်ထား ထည့်သွင်း၍ ဦးတည် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးအတွင်း ယခင်အစိုးရလက်ထက်တွင် တပ်မတော်အနေဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းမွန်စေရန်    ဖွဲ့စည်းပုံအခြေခံ ဥပဒေက သတ်မှတ်ထားသည့် အမျိုးသား ကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ အစည်းအဝေးကိုခေါ်ယူရန်  မိမိကိုယ်တိုင်  အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရကြောင်း၊ မဲမသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးရန်၊ ပြည်ထောင်စုလွှတ်တော်  အထူးအစည်းအဝေး ခေါ်ယူဖြေရှင်းပေးရန်နှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့်လမ်းကြောင်းကို   ငြင်းပယ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေက တာဝန်ပေးအပ်ထားချက်အရ   တပ်မတော်က မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်း ပြောကြားခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဓိကထား ပြောကြားခဲ့သည့်အကြောင်း အရာများကို  ကောက်နုတ်တင်ပြရလျှင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံ သည့်  ပြည်ထောင်စုတည်ဆောက်ရာတွင် ဒီမိုကရေစီနှင့် ပတ်သက်၍ လည်းကောင်း၊ ဖက်ဒရယ်နှင့် ပတ်သက်၍လည်းကောင်း မည်သို့ပင်  အယူအဆအမျိုးမျိုး ကွဲပြားနေပါစေ၊ မိမိတို့နိုင်ငံနှင့် သဟဇာတဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ မိမိတို့လိုရာ  အဓိပ္ပာယ်အမျိုးမျိုး၊  စံနှုန်း အမျိုးမျိုး ဖွင့်ဆိုပြီး ပြောနေကြသော်လည်း  အနှစ်သာရသည်   ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုးတည်းသာ  နေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများတွင်လည်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးများသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိခြင်းကြောင့်  ပြည်နယ်နှင့်တိုင်း ဒေသကြီးများအတွင်း နေထိုင်သည့် လူမျိုးအားလုံးက ပိုင်ဆိုင်ခြင်းဟူသည့် လက္ခဏာဆောင်သော   ဒေသအမည်ကို အစွဲပြု၍ ပြည်နယ်အမည် ဖြစ်ပေါ်လာနိုင်ပါက   အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ထို့အတူ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ ရပ်တည်ချက်၊ ခံယူချက်များနှင့် ပတ်သက်၍ မိမိတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်တာဝန်   လွှဲပြောင်း ရယူခဲ့ပြီးနောက်တွင် လိုအပ်သော တည်ငြိမ်အေးချမ်းမှုများကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို   အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည် အထိ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊တာဝန်ယူစဉ် ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် နယ်မြေအသီးသီးမှ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်လွဲချော်နေသည့်   လုပ်ငန်းစနစ်များ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့်  လုပ်ငန်းစဉ်များကိုလည်း    ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် အညီ ပြန်လည်တည့်မတ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ တပ်မတော်သည် အမျိုးသား အကျိုးစီးပွားကို ကာကွယ်သည့် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း   အလေးအနက် ထည့်သွင်း ပြောကြားထားခဲ့ပါသည်။

ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ် အပိုင်းလေးခု

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း လက်ရှိရောက်ရှိနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအရ တွေ့ဆုံဆွေးနွေးမှုများကို အပိုင်း ၄ ပိုင်းခွဲပြီး စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်နေရန် လိုအပ်ကြောင်း၊  အလွတ်သဘော  တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင် ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက် သွားရန် လိုအပ် ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေရေးအတွက Bilateral ဆွေးနွေးပွဲများကို သတ်မှတ်ချက်နှင့်အညီ  စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ NCA အရ  တရားဝင် အစည်းအဝေးများနှင့် ငြိမ်းချမ်းရေး ညီလာခံများ ကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

အမျိုးသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်၍

(က) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန်၊

(ခ) တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊

(ဂ) အမျိုးသား စည်းလုံးညီညွတ်ရေး အတွက် လိုအပ်သည့် မဟာဗျူဟာများ ချမှတ် ဆောင်ရွက်ရန်၊

(ဃ) ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့်အတူ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း စီမံချက်များ ချမှတ်ဆောင်ရွက်ရန်နှင့်

(င) လူ့အဖွဲ့အစည်း အတွင်းတွင် ကွဲပြားစေမည့် အခြေခံ အကြောင်းအရာများကို သုတေသနပြု ဖော်ထုတ်ပြီး ကာကွယ်တားဆီး ဆောင်ရွက်သွားရန် စသည်ဖြင့် လမ်းညွှန်ချက်များ ချမှတ်ပေးကာ ဆက်လက် အကောင်အထည်ဖော်ရန် တိုက်တွန်းပြောကြားခဲ့သည်မှာလည်း   နိုင်ငံတော်အတွက် ဒုတိယတစ်လတာ ခြေလှမ်းများပင် ဖြစ်ပါသည်။

(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ခဲ့ကြသည့်   ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) ၇ ဦး၏ ပုံစံတူရုပ်တုများ ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်တွင် နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်ရှိ မော်ကွန်းတိုက်မှူးရုံး ပြခန်း၌ ကျင်းပခဲ့ ပါသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  တက်ရောက်၍ စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံအတွက်   တပ်မတော်အား အင်အားတောင့်တင်း ခိုင်မာစေရန် ဦးဆောင်ဦးရွက် ပြုခဲ့သည့်ပုဂ္ဂိုလ်များကို ချီးကျူးဂုဏ်ပြုပြီး နောင်လာနောက်သား မျိုးဆက်သစ်များက  အမြဲအမှတ်ရနေစေရန်အတွက် ယခုကဲ့သို့ ခံ့ညားထည်ဝါစွာ ထုဆစ်ဂုဏ်ပြု၍ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသခြင်းဖြင့်  အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို တန်ဖိုးထားမြတ်နိုးလိုစိတ်၊  မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ပြီး  နိုင်ငံတော်ကြီး  တိုးတက်ခေတ်မီအောင် ဆောင်ရွက်လိုစိတ်များ ပွားများလာကာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာအောင် စွမ်းဆောင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ အဆက်မပြတ် ရှင်သန်လာစေရန်အတွက် ဆန္ဒပြုပါကြောင်း အဆိုပါ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။

နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မတ်လ ၂ ရက် မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြင့် ဒုတိယတစ်လတာ၏  နိုင်ငံတကာဆက်ဆံရေး အခြေအနေသည် တိုးတက်ကောင်းမွန်ခြင်းသို့ ဦးတည်ခဲ့ပါသည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့်  အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည့် အဆိုပါ အစည်းအဝေးအတွင်း ပြည်ထောင်စု ဝန်ကြီးက  မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ် တိုးတက်မှု အခြေအနေနှင့် စပ်လျဉ်း၍ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုဖြစ်ပွားခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ရှေ့ဆက်ဆောင်ရွက်မည့် ဦးစားပေး အစီအစဉ်များ၊ ပြည်သူများ၏ လုံခြုံမှုအတွက် တရားဥပဒေ စိုးမိုးမှုရှိ ရေး ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မဲစာရင်းများ စိစစ်နေသည့် အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

ယင်းနေ့တွင်ပင်   အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင်  ပုဂ္ဂလိက ကဏ္ဍ၏ အရေးပါမှုနှင့် ၂ဝ၂၁ ခုနှစ်တွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ချုပ်ဆိုခဲ့သည့် ဒေသတွင်းနှင့် နိုင်ငံတကာ သဘောတူစာချုပ်များကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း၊လက်ရှိ အစိုးရအနေဖြင့်    ယခင်အစိုးရ အဆက်ဆက်ခွင့်ပြုခဲ့သည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ   အကာအကွယ်ပေးရန် အာမခံကြောင်း၊ အထူးသဖြင့် ခွင့်ပြုပြီးသော စီးပွားရေး လုပ်ငန်းများတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်အတွက် ဦးစားပေး အစီအစဉ်များ ချမှတ် လုပ်ဆောင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

မတ်လ ၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr. Thomas L. Vajdaနှင့် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။ ဖေဖော်ဝါရီလ ၁ ရက် အရေးပေါ်ကာလ မတိုင်မီ   မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု အပါအဝင် အခြားသော ကိစ္စရပ်များအား  သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများထံ တွေ့ဆုံဆွေးနွေးရန်ကြိုးပမ်းသည့် အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအပေါ်  ဥပဒေနှင့်အညီ လုံခြုံရေး တပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်းနေသည့် အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်နေသည့် အခြေအနေများစသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ကိုလည်း မြင်တွေ့ရပါသည်။

ထို့ပြင် မတ်လ ၈ ရက် နံနက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမအား နေပြည်တော်ရှိ ဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသစ်မှ မဲစာရင်းစိစစ်သည့် အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်များနှင့် ပြည်သူများ၏ လုံခြုံရေးအတွက်  တရားဥပဒေ စိုးမိုးရေးကို အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။          

ဆက်လက်ဖော်ပြပါမည်။