နိုင်ငံတော် တည်ငြိမ်ရေးအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မင်းမဲ့စရိုက်ဆန်စွာ အဖျက်အမှောင့် လုပ်ဆောင်နေမှုများ၊ ဖြစ်ပေါ်လာအောင် လှုံ့ဆော်နေသူများအား ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်

နိုင်ငံတော် တည်ငြိမ်ရေးအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မင်းမဲ့စရိုက်ဆန်စွာ အဖျက်အမှောင့် လုပ်ဆောင်နေမှုများ၊ ဖြစ်ပေါ်လာအောင် လှုံ့ဆော်နေသူများအား ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်

မတ် ၁၅
    
မြန်မာနိုင်ငံအတွင်း၌ အချို့မြို့ကြီးများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်ရေးအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မလိုလားသော အကြမ်းဖက်ရမ်းကားသည့် လူအုပ်စုများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် မှုများနှင့် ရဲတပ်ဖွဲ့စခန်းများသို့ စီးနင်းဝင်ရောက်ခြင်း၊ မီးရှို့ခြင်းနှင့် အကြမ်းဖက်ရန်ပြုခြင်းများ ယခင်ကာလများထက် ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေသည်ကို တွေ့ရှိရပါသည်။
    
ထို့အပြင် အများပြည်သူ အနှောင့်အယှက်ဖြစ်စေရန်အတွက် အချို့မြို့ကြီးများရှိ အများ ပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းကြောင်းများတွင် အတားအဆီးများချထား ပိတ်ဆို့ခြင်း၊ တာယာကွင်းများစုပုံ၍ မီးရှို့ခြင်း၊ အထိတ်တလန့်ဖြစ်စေရန် အသံပေးလက်လုပ်ဗုံးများ ပစ်ခတ်ခြင်း၊ ညာသံပေးအော်ဟစ်ခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အဦနှင့် မော်တော်ယာဉ်များအား ဖျက်ဆီးခြင်း၊ ဘဏ်အချို့ရှိ ATM ငွေထုတ်စက်များအားဖျက်ဆီး၍ ငွေများလုယူခြင်း စသည့် မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသအတွင်း အေးချမ်းသာယာရေး၊ တရားဉပဒေ စိုးမိုးရေးအတွက် အချိန်မီသွားရောက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် လူစုခွဲခြင်း၊ အတား အဆီးများဖယ်ရှားခြင်း၊ လမ်းကြောင်းရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း အကြမ်းဖက်ရမ်းကားသူများ တုတ်၊ ဓား လက်နက်များ၊ လေးဂွ၊ ဂျင်ကလိများ လက်လုပ်မီးလောင်ဗုံးများ၊ အက်ဆစ်များ စသည်တို့ကို အသုံးပြုတိုက်ခိုက်လာသည်သာမက လူ့အသက်အန္တရာယ်ကို ထိခိုက်နိုင်သည်အထိ ဒဏ်ရာရရှိနိုင် သော သေနတ်ကဲ့သို့သော ပစ္စည်းများကိုပါ အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက် လာကြောင်း တွေ့ရှိရသည်။
    
၎င်းအပြင် နိုင်ငံအတွင်းမှီတင်းနေထိုင်လျက်ရှိသည့် လုပ်သားပြည်သူအများအပြားအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားသည့် အလုပ်ရုံ၊ စက်ရုံများကိုလည်း မီရှို့ဖျက်ဆီးရန် တိုက်တွန်းနှိုးဆော်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူအသုံးပြုလျက်ရှိသော တယ်လီဖုန်း ကေဘယ်လိုင်းများအား ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးမှူးရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများအား ပစ်မှတ်ထား မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ ထိုအကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် မတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းရှိ အမှတ်(၄၀)ရှိ Global Fashion အထည်ချုပ်စက်ရုံ၊ အမှတ်(၄၀၆)ရှိ ဝေကြယ်အထည်ချုပ်စက်ရုံ၊ ရွှေနဂါးဓါတ်မြေသြဇာစက်ရုံ၊ ဦးထွန်းညိုလမ်းနှင့် ဦးဖိုးလှိုင် လမ်းထောင့်ရှိ အမှတ်(၉၄/၉၅) ယွမ်ဟောင်အထည်ချုပ်စက်ရုံ၊ အမှတ် (၇)ရပ်ကွက်၊ အင်းစိန်-ညောင်တုန်းလမ်းမကြီးအနီးရှိ အထည်ချုပ်စက်ရုံ၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ အမှတ်(၂၇၃)၊ စမ်းမာထက် အထည်ချုပ်စက်ရုံ၊ စက်မှုဇုန်(၂)၊ ဒေါ်ဖွားရှင်လမ်း၊ အမှတ်(၁၁/၁၂)ရှိ Myanmar Sunview Co.,Ltd အထည်ချုပ်စက်ရုံ၊ သံချပ်ဝန် ဦးညွန့်လမ်း၊ အမှတ်(၈၉/၉၀)ရှိ Suntime  JCK အထည်ချုပ်စက်ရုံ၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ် (၁၅၇/၁၅၈)ရှိ   Wanxinda  အိတ်ချုပ်စက်ရုံ၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာလမ်းနှင့်ပုလဲလမ်းထောင့်ရှိ Honor Appareal အထည် ချုပ်စက်ရုံ၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၂)ရှိ ရွှေပြည်သာလမ်းနှင့် ဘုရင့်နောင်လမ်းရှိ Myanmar Solo Moda အထည်ချုပ်စက်ရုံ၊ JCK အထည်ချုပ်စက်ရုံ၊ အမှတ်(၆)ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးဘေး၊ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုသို့ မီးလောင်ကျွမ်းမှုအပေါ် နီးစပ်ရာ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့သော်လည်း ဆူပူဆန္ဒပြလှုပ်ရှားသူများသည် မီးသတ်ယာဉ်များ မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်၍ မရအောင် ပိတ်ဆို့တားဆီးခြင်း၊ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ရန်ပြုခြင်းများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာမှသာလျင် မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခြင်းကို ဆောင်ရွက် နိုင်ခဲ့သည်။
    
ထိုကဲ့သို့ လမ်းမများပေါ်တွင် အတားအဆီးများ ပြုလုပ်၍ လမ်းပန်းဆက်သွယ်မှုပြတ်တောက် အောင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပြုလုပ်ခြင်းသည် လက်ရှိရာသီဉတုအချိန်ကာလအရ မီးဘေး အန္တရာယ် ကြီးမားစွာဖြစ်ပွားလာပါက မီးသတ်ယာဉ်များ အချိန်မီရောက်ရှိနိုင်မှုမရှိဘဲ ရပ်ရွာလူထု၏ အိုးအိမ် ပစ္စည်းများမြောက်များစွာသို့ ကူးစက်လောင်ကျွမ်းကာ ဆုံးရှုံးပျက်စီးခြင်းများကို ကြုံတွေ့ လာရနိုင်သည့်အတွက် အေးချမ်းသာယာစွာ နေထိုင်လိုသူများကိုပါ စိုးရိမ်ပူပန်မှုများ၊ ဘေးဒုက္ခဖြစ်ပွား မှုများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ 
ယနေ့တွင်လည်း  ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ခေမာသီလမ်း၊ အမှတ်(၆၆၂)ရှိ (၁၅၀ × ၄၀ )ပေ၊ သွပ်မိုး၊ အုတ်ညှပ် ၁ ထပ် မြို့နယ်တရားရုံးအဆောက်အဦနှင့် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဆရာစံလမ်း၊ အကွက်အမှတ်(၁၃၉)ရှိ သာစုအထည်စက်ရုံတို့ကို ဆူပူအကြမ်းဖက်သူများက ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။ 

ယမန်နေ့က လှိုင်သာယာစက်မှုဇုန်တွင် မီးရှို့ဖျက်ဆီးခံထားသော အထည်ချုပ်စက်ရုံများမှ စက်ရုံပိုင်ပစ္စည်း များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုယူနေသည့်မြင်ကွင်းများကို လူမှုကွန်ရက်တွင် တွေ့မြင်ရလျက် ရှိပြီး မိဘပြည်သူများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ မင်းမဲ့စရိုက်ဆန်သော လုပ်ရပ် လုပ်ဆောင်နေမှုများ မလုပ်ဆောင်ကြရန် အချင်းချင်းထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် မိမိရပ်ကွက်၊ မိမိ ပတ်ဝန်းကျင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
    
အတားအဆီးများ နေ့စဉ်ဆက်လက်ပြုလုပ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်မှု များသည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အေးချမ်းစွာ နေထိုင်စားသောက်လိုသော နိုင်ငံသား များ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ဘက်ပေါင်းစုံမှ ယိုယွင်းပျက်စီးမှုများကို ကြုံတွေ့လာရသည့်အတွက်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၆ မြို့နယ်အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးပြီး အဆိုပါမြို့နယ်များအား မူလအတိုင်းတည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေသူများ၊ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက် ပြုလုပ်လှုံ့ဆော်နေသူများကို ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ဆူပူအကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ပတ်သက်မှုမရှိကြရန်နှင့် မိမိတို့၏ အသက်မွေးဝမ်း ကျောင်းဆိုင်ရာကိစ္စရပ်များ ကိုသာ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။