နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၂၁-၄-၂၀၂၁)

 နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

   ဖော်ပြပါ ဆရာဝန်များအနက် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ ရန်နိုင်ဆွေ(ဆေးရုံအုပ်ကြီး)သည် ရှိုင်း ကိုယ်ပိုင်ဆေးခန်း၌ လည်းကောင်း၊ ကသာမြို့၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာစုဝါ (ပြည်သူ့ကျန်းမာရေးမှူး)နှင့် ဘိုကုန်းတိုက်နယ် ဆေးရုံမှ ဒေါက်တာ ကျော်ဇင်ထွန်း(လ/ထဆရာဝန်) တို့သည် မြသုခအထူးကု ဆေးခန်း၌ လည်းကောင်း၊ မြိတ်မြို့ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ လှမင်းစိုး (အထူးကု)သည် ဆု ဓာတ်ခွဲခန်း၌ လည်းကောင်း၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံမှ ဒေါက်တာ ဖြိုးမြင့်ကြည် (လ/ထ ဆရာဝန်)သည် ကိုယ်ပိုင်ဆေးခန်း၌လည်းကောင်း တာဝန်ကျရာ ဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ အောက်ပါအတိုင်း စိစစ်တွေ့ရှိ ရပါသည်။

   အဆိုပါ အမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကို လက်ခံ၍ ဆေးကုသခွင့်ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ/ဆေးခန်းပိုင်ရှင်များ ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့် ကျန်းမာရေးဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များ ထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များသို့သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။