နိုဗယ်ကိုရိုနာဗိုင်းရပ်၏ဇာစ်မြစ်ကိုရှာဖွေမည့် ကမ္ဘာ့ကျွမ်းကျင်ပညာရှင်အဖွဲ့ တရုတ်နိုင်ငံသို့ဝင်ခွင့်မရ

 

ဂျီနီဗာ၊ ကျန်းမာရေး

ကမ္ဘာ့ကပ်ရောဂါကို ဖြစ်ပွားစေသော နိုဗယ်ကိုရိုနာဗိုင်းရပ်၏ ဇာစ်မြစ်ကိုရှာဖွေရေးအတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဖွဲ့စည်းပေးထားသည့် ကျွမ်းကျင်ပညာရှင်အဖွဲ့မှာ တရုတ်နိုင်ငံသို့ ဝင်ခွင့်မရကြောင်း သိရသည်။

အဆိုပါကျွမ်းကျင်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံသို့ဝင်ခွင့်ရရှိရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ် အစိုးရနှင့် လပေါင်းများစွာကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ရ ပြီးနောက်  တရုတ်အစိုးရက ကနဦးတွင် ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်ပညာရှင် ၁၀ ဦးပါဝင်သည့် ထိုအဖွဲ့သည် ယခုသီတင်းပတ်တွင် တရုတ်နိုင်ငံသို့သွားမည့် ဆဲဆဲမှာပင် တရုတ်အစိုးရက ၎င်းတို့ကို ဝင်ခွင့်မပေးသည့်အတွက် လွန်စွာစိတ်ပျက်ရကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ယခုကဲ့သို့ပြောဆိုခြင်းသည် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က တရုတ်နိုင်ငံအပေါ် ရှားရှားပါးပါး အပြစ်တင်ဝေဖန်ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်က တိရစ္ဆာန်မှလူသို့ မည်သည့်နည်းဖြင့် ကူးစက်လာသည်ကို သိရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန် မြို့သို့စေလွှတ်ခြင်းဖြစ်သည်။

ယခုဖြစ်ပွားနေသည့် ကျွမ်းကျင်ပညာရှင်များ တရုတ်နိုင်ငံအတွင်းဝင်ခွင့်မရသည့် ပြဿနာမှာ   ဗီဇာခွင့်ပြုမှု မရှိသေးခြင်း ကြောင့်ဖြစ်ကြောင်းနှင့် မကြာမီအဆင်ပြေသွားမည်ဟု မျှော်လင့်ကြောင်း   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရေးပေါ်ဌာနညွှန်ကြားရေးမှူး မိုက်ရိုင်ယန်ကပြောသည်။

အဆိုပါဗိုင်းရပ်သည် ဝူဟန်မြို့၌ ဖွင့်လှစ်ရောင်းချနေသည့် တောရိုင်းတိရစ္ဆာန်ဈေးမှ တစ်ဆင့် လူသားများသို့ ကူးစက်ပျံ့နှံ့ခြင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ကနဦးတွင် ယူဆခဲ့သည်။  သို့သော်  ထိုကဲ့သို့သော ကူးစက်မှုကမဖြစ်နိုင်ကြောင်း နောက်ပိုင်းတွင် သိပ္ပံပညာရှင်များက ပြန်ပြောင်းယူဆ ခဲ့သည့်အတွက် ဗိုင်းရပ်ကူးစက်မှုစတင်ရာ နေရာကိုရှာဖွေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြိုးပမ်းခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်ကို လင်းနို့များတွင်သာ အများဆုံးတွေ့ရသော်လည်း ထိုဗိုင်းရပ်များက မည်သည့်ကြားခံ တိရစ္ဆာန်မှ တစ်ဆင့်  လူသားများဆီသို့ ကူးစက်လာသည်ကို မသိ ရသေးကြောင်းသိရသည်။

Ref: Bangkok Post