နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီလ ၆ ရက်

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး ခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက် နေ့လည်ပိုင်းတွင် ထွန်းထွန်းဝင်း(ခ)ပျံလွှား(ခ)ယံလေး(၄၃)နှစ်၊ တပ်ကုန်းမြို့နယ်၊ ပင်းစုကျေးရွာနေသူအား RETAY 84 FS အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၂၄ တောင့်၊ ဒီတိုနေတာ ၁၃၈ ခု၊ လက်လုပ်မိုင်း ၃ လုံး၊ ယမ်းကြိုး ၁ ခွေနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဝင်း(ခ)ပျံလွှား(ခ)ယံလေး ၏ ထွက်ဆိုချက် အရ ညပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ပုလဲငွေရောင် ဓာတ်မြေ ဩဇာဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင် ထက်လွင်(၃၆)နှစ်အား ၉ မမ ကျည် ၁၉ တောင့်၊ ယမ်းကြိုး ၄ ခွေ၊ ဒီတိုနေတာ ၃၀၀ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သန်းထွန်းနောင်(၄၀)နှစ်နှင့် ချစ်စံပယ်(၄၁)နှစ်တို့အား ၉ မမ ပစ္စတိုကျည် ၃၂ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၃၁ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ယမ်းစိမ်း ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံများဖြစ်သည့် အောင်ကိုဦး(၄၅)နှစ်နှင့် အေးအေးခိုင်(၄၆)နှစ်တို့အား တပ်ကုန်းမြို့နယ်၊ ဘူတာရွာ၌ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ပေါင်း ၆ ဦးတို့အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၇၅ တောင့်၊ ဒီတိုနေတာ ၄၃၈ ခု၊ လက်လုပ်မိုင်း ၃၄ လုံး၊ ယမ်းကြိုး ၆ ခွေ၊ ယမ်းစိမ်း ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံး ပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများ ပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၅ ကြိမ် ကျူးလွန် ခဲ့ကြောင်း-
- ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့။
- ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း ၏ စေခိုင်းမှုအရ တပ်ကုန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့။
- ဒီဇင်ဘာလ ၂၇ ရက်တွင် တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်ရှိ ထရန်စဖော်မာ အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့။
- ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့။
- ဧပြီလ ၄ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း ၏ စေခိုင်းမှုအရ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်လွန့်)ရှေ့၌ လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။