နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ဇူလိုင်- ၂၈

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ကြီး ဌာနပေါင်းစုံမှ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ဝန်ထမ်း၂၇၆ ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မဟာ အောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက်ပြည်သူ စုစုပေါင်း ၁၁၆၁ ဦး အားလည်းကောင်း၊ နေပြည်တော်အချုပ်ထောင်၌ ပြစ်ဒဏ် ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၃၆၀ ဦးကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ထိန်းသိမ်းထားသော အကျဉ်း သား၊ အကျဉ်းသူနှင့် အချုပ်သား၊ အချုပ်သူ ၆၁၀ ဦးအား ပထမအကြိမ် အဖြစ် လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေကြသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။