နောက်တစ်ဆင့်မြင့်လာတဲ့တိုက်ခိုက်ရေးဒရုန်းနည်းပညာ

ဒီကနေ့ခေတ် စစ်လက်နက်ပစ္စည်းတွေထဲမှာ ခေတ်အမီဆုံးမောင်းသူမဲ့စနစ်တွေကိုပြောပါဆိုရင် တိုက်ခိုက် ရေးဒရုန်းတွေကို ပြောရမှာပါ။ အရင်တုန်းက ဒရုန်းတွေကို  အပျော်တမ်း လွှတ်တင်ကစားရာ အခြေ အနေကနေ အရပ်ဘက်မှာဆိုရင် ပရော်ဖက်ရှင်နယ်ကျကျ ဓာတ်ပုံရိုက်ကူးမှုတွေ၊ စစ်ဘက်မှာဆိုရင် မြေပြင်ကင်းထောက်မှုတွေလုပ်နိုင်တဲ့အခြေအနေအထိ  တိုးတက်လာပါတယ်။ အဲဒီနောက်မှာ စစ်သုံးဒရုန်း တွေက ကင်းထောက်ဒရုန်းအဖြစ်ကနေ  တိုက်ခိုက်ရေးဒရုန်းဆိုပြီး သီးခြားခွဲထွက်သွားပြန်ပါတယ်။

တိုက်ခိုက်ရေးဒရုန်းဆိုတာကတော့ ကိုယ်ထည်မှာဝေဟင်မှမြေပြင်ပစ်ဒုံးကျည်ချိတ်ဆွဲပြီး မြေပြင်ပစ်မှတ်ကို ပစ်ခတ်တာမျိုး၊ ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ပြီး အသေခံဝင်ရောက်ဖောက်ခွဲတာမျိုးအထိ လုပ်ဆောင်နိုင်တဲ့ ဒရုန်းဖြစ်ပါတယ်။ အခုနောက်တစ်ဆင့်မြင့်လာတာကတော့ အဲဒီလိုတိုက်ခိုက်ရေးဒရုန်းတွေမှာ ဝေဟင် မှဝေဟင် ပစ်ဒုံးကျည်တွေတပ်ဆင်ပစ်ခတ်လာနိုင်တော့မယ့်အခြေအနေဖြစ်ပါတယ်။

အရင်တုန်းက ဒရုန်းတွေကိုမြေပြင်ကနေ လွှတ်တင်ပါတယ်။ ဒီလိုလွှတ်တင်ရာမှာ အားနည်းချက်က    ဘာရှိလဲဆိုတော့ ကိုယ့်ရဲ့သတ်မှတ်ပစ်မှတ်ဆီကို ရောက်ရှိနိုင်တဲ့ အကွာအဝေး ကန့်သတ်ချက်ရှိတာပါ။ ဒါကြောင့် တိုက်ခိုက်ရေးဒရုန်းတွေကို ဝေဟင်ကနေလွှတ်တင်နိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။  ဒီဒရုန်းတွေကို  ဝေဟင်က နေလည်းပစ်လွှတ်နိုင်မယ်၊ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်လည်း တပ်ဆင်လိုက်မယ်ဆိုရင် သူတို့ဟာ အနာဂတ်  လေကြောင်းတိုက်ပွဲကို အလှည့်အပြောင်းဖြစ်သွားစေနိုင်ပါတယ်။ အခုလိုမျိုးအလှည့်အပြောင်း ဖြစ်သွားစေမယ့်ဒရုန်းကို  ဖန်တီးနေသူတွေရှိပါတယ်။ အဲဒါကတော့   ပင်တဂွန်စစ်ဌာနချုပ်ရဲ့ သုတေသနဌာန တစ်ခုဖြစ်တဲ့ ကာကွယ်ရေး အဆင့်မြင့်သုတေသန စီမံကိန်းများဌာနပါပဲ။

သူတို့ရဲ့စိတ်ကူးအရဆိုရင်  တိုက်လေယာဉ်တွေက အဲဒီဒရုန်းတွေကို သယ်ဆောင်သွားမယ်။ ပြီးရင် တစ်ဖက် နိုင်ငံရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်  သက်ရောက်မှုမရှိတဲ့နေရာကနေ ဒရုန်းတွေကို စေလွှတ်ပြီး တိုက်ခိုက်ခိုင်း မယ်။ ဒီလိုတိုက်ခိုက်ခိုင်းလိုက်ရင် လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုဖြတ်ကျော်ပြီးသားဖြစ်မယ်။ တိုက် လေယာဉ်ပျက်စီးဆုံးရှုံးမှုနည်းပါးမယ်။ ရန်သူကလည်းအငိုက်မိမယ်။

သုတေသနဌာနက အဲဒီစီမံကိန်းကို Project LongShot လို့နာမည်ပေးထားပါတယ်။ ဒီစီမံကိန်းရဲ့ ပထမအဆင့်ဖြစ်တဲ့ ဒီဇိုင်းရေးဆွဲပုံဖော်မှုအတွက် ဂျင်နရယ်အတောမစ်၊ လော့ဟိမာတင်၊ နော့သရော့ ဂရမ်မန်း ကုမ္ပဏီတို့ကို ကန်ထရိုက်ပေးထားပါတယ်။ စစ်အေးခေတ်အပြီး ဝေဟင်လွှမ်းမိုးနိုင်မှုကို အများဆုံး ရရှိထားတာက အမေရိကန်၊  NATO တပ်ဖွဲ့နဲ့  ဂျပန်လေတပ်တို့ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရုရှားနဲ့တရုတ်တို့ရဲ့ မျိုးဆက်သစ်တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေဟာ ဝေဟင်စစ်ကစားမှု နယ်ပယ်ကို မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားစေပါတယ်။ အခုဆိုရင် ရုရှားနဲ့တရုတ်တို့ပူးပေါင်းပြီး တာဝေး ပစ်ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်အမျိုးအစားတွေကို  ထုတ်လုပ်ဖို့ကြိုးပမ်းနေပါတယ်။

အဲဒီထဲမှာ တရုတ်နိုင်ငံက PL-15 နဲ့ရုရှားနိုင်ငံက R-37M တို့လည်းအပါအဝင်ဖြစ်ပြီး စွမ်းဆောင်ရည် ကတော့ သူတို့ရောက်ရှိနိုင်တဲ့ အကွာအဝေးထဲကို မရောက်မီကတည်းကပင် ရန်သူ့ လေယာဉ်ကို ပုံသေ ပစ်မှတ် သတ်မှတ်ပြီး ထိမှန်အောင်ပစ်ချနိုင်ပါတယ်။

ဒီလိုမျိုးပုံစံကို အနောက်နိုင်ငံတွေက လိုက်မမီသေးပါဘူး။ လက်ရှိအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေက   အသုံးပြုနေတဲ့ ဝေဟင်မှဝေဟင်ပစ်ဒုံးကျည် တစ်မျိုးရှိပါတယ်။ အဲဒါကတော့ AIM-120 AMRAAM ရေဒါ ပဲ့ထိန်းဒုံးကျည်ပါ။ သူ့ရဲ့  ပစ်ခတ်နိုင်တဲ့အကွာအဝေးက  မိုင် ၁၀၀ ရှိပါတယ်။ ဒါပေမဲ့   တရုတ်နဲ့ရုရှားတို့ အကောင်အထည်ဖော်နေတဲ့ ဒုံးကျည်နှစ်မျိုးစလုံးရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးက ၁၂၄ မိုင်ရှိပါတယ်။ ဒီအတွက်ကြောင့် တရုတ်နဲ့ရုရှားတို့က ရန်သူ့လေယာဉ်တွေ၊ အထူးသဖြင့်ကိုယ် ပျောက်မဟုတ်တဲ့ လေယာဉ်တွေကို အဝေးကြီးကတည်းကပင်ပစ်ချနိုင်စွမ်းကိုပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ရန်သူ့တိုက်လေယာဉ်တွေမှမဟုတ်ဘဲ အထောက်အကူပြုလေယာဉ်တွေဖြစ်တဲ့  ဆီသယ်လေယာဉ်၊  တိုက်ပွဲကွပ်ကဲ ထိန်းချုပ်ရေး လေယာဉ်တွေကိုလည်း ခြောက်လှန့်ပစ်ချထားနိုင်ပါသေးတယ်။ တကယ့် ဝေဟင်စစ်မြေပြင်သဘောတရားအရဆိုရင် ရန်သူကိုအရင်ဆုံးပစ်လိုက်နိုင်တဲ့သူက တိုက်ပွဲအောင်မြင်နိုင်ခြေ   ပိုများပါတယ်။ ဒါကြောင့် အမေရိကန်တို့က ဝေဟင်မှဝေဟင် ပစ်ဒုံးကျည်နည်းပညာမှာ တရုတ်နဲ့ရုရှားကို မကျော်နိုင်သေးခင် အခုလိုမျိုးတိုက်ခိုက်ရေးဒရုန်းကို တီထွင်ဖန်တီးလာတာပါ။

ဥပမာ အမေရိကန်လေတပ်က F-15EX တိုက်လေယာဉ်အသစ်တစ်စင်းနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။   အဲဒီတိုက် လေယာဉ်မှာ AMRAAM ဒုံးကျည်တစ်ဒါဇင်တပ်ထားလင့်ကစား PL-15 ဒုံးကျည်တွေတပ်ဆင်ထားတဲ့   တရုတ်ရဲ့ Chengdu J-20 တိုက်လေယာဉ်ကို မယှဉ်နိုင်ပါဘူး။ အကြောင်းရင်းက F-15EX က J-20 တိုက်လေယာဉ်ကို  မိုင် ၁၀၀ အကွာရောက်မှသာပစ်ခတ်နိုင်တာဖြစ်ပြီး J-20 ကတော့ F-15EX ကို ၁၂၄ မိုင်အကွာကတည်းက ကြိုတင်ပစ်ခတ်ချေမှုန်းထားနိုင်လို့ ဖြစ်ပါတယ်။

တကယ်လို့သာ F-15EX က Long Shot စီမံကိန်းကနေထွက်ပေါ်လာတဲ့ ဒရုန်းကိုသယ်ဆောင်သွားပြီး  အဲဒီဒရုန်းမှာလည်း AMRAAM ဒုံးကျည်နှစ်စင်းကို တပ်ဆင်ထားမယ်ဆိုရင် ရလဒ်ကပြောင်းပြန်ဖြစ် သွားနိုင်ပါ တယ်။

ဘယ်လိုလဲဆိုတော့ F-15EX က အပေါ်မှာပြောတဲ့   ဒုံးကျည်တပ်တိုက်ခိုက်ရေးဒရုန်းကိုစေလွှတ်လိုက်ချိန်မှာ J-20 အနေနဲ့ ထည့်သွင်းစဉ်းစားရမယ့်ပစ်မှတ်ကနှစ်ခုဖြစ်သွားပါပြီ။

ဒီအချိန်မှာ F-15EX ကတရုတ်ရဲ့ PL-15 ဒုံးကျည်မရောက်နိုင်တဲ့နေရာမှာရှိနေမယ်။ J-20 ကလည်း  ဒရုန်းကို တိုက်ခိုက်နေမယ်ဆိုရင် F-15EX အနေနဲ့ ရန်သူ့နယ်မြေထဲကို   ကျူးကျော်ဝင်ရောက်သွားနိုင်ပါပြီ။

နောက်ပြီး F-15EX ကလွှတ်လိုက်တဲ့ဒရုန်းတစ်စင်းကလည်း သူ့မှာ AMRAAM ဒုံးကျည်တပ်ဆင်ထားတဲ့ အတွက် အလားတူတိုက်လေယာဉ်လိုမျိုးပဲ  ခြိမ်းခြောက်နိုင်မှာဖြစ်တာကြောင့် ရန်သူ့တိုက်လေယာဉ်တွေကို  ခြိမ်းခြောက်သွားနိုင်ပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ Long Shot တိုက်ခိုက်ရေးဒရုန်းကို တိုက်လေယာဉ်မှာ တင်ပြီး အသုံးပြုဖို့စီမံထားပေမယ့်လည်း  နောက်ပိုင်းမှာ  တာဝေးဗုံးကြဲလေယာဉ်တွေရဲ့ ဝမ်းဗိုက်ထဲမှာ လိုက်ပါပြီး  ပစ်လွှတ်နိုင်ဖို့ စီစဉ်ထားပြီးသားပါ။

Long Shot တိုက်ခိုက်ရေးဒရုန်းရဲ့ပုံစံက သွယ်သွယ်လျလျဖြစ်တဲ့အတွက်လက်ရှိ B-2 ဗုံးကြဲလေယာဉ် ဒါမှမဟုတ် မကြာမီထွက်ပေါ်လာမယ့် B-21 Raider ဗုံးကြဲလေယာဉ်တွေမှာ ထည့်သွင်းသယ်ဆောင်နိုင် မှာဖြစ်တာကြောင့် ဗုံးကြဲ လေယာဉ်တွေရဲ့  ကိုယ်ပျောက်စွမ်းရည်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

အခုလိုတီထွင်ဆဲအချိန်မှာတော့ Long Shot တိုက်ခိုက်ရေးဒရုန်းက ဘယ်အချိန်ဘယ်ကာလမှာ  ထွက်ပေါ် လာမယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။ တကယ်လို့သာ ဒီပုံစံကအောင်မြင်မှုရှိတယ်လို့ သုတေသန ဌာနကသက်သေပြနိုင်ပြီဆိုရင်   နောက်ဆုံးထုတ်လုပ်မှုနဲ့အသုံးချမှုအတွက်   လေတပ်လိုမျိုး တပ်ဖွဲ့တစ်ခုခု ကိုလွှဲအပ်ပေးသွားမှာဖြစ်ပါတယ်။

Source: PM

ထက်မြတ်