နှာခေါင်း၊ အာခေါင် တို့ဖတ်ယူစရာ မလိုတဲ့နည်းနဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်မယ့် ကိရိယာ

နှာခေါင်း၊ အာခေါင် တို့ဖတ်ယူစရာ မလိုတဲ့နည်းနဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်မယ့် ကိရိယာ

ကိုယ့်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေပြီလို့ သံသယဝင်ရင် သံသယ ရှင်းသွားအောင် လုပ်ဆောင်ရမယ့် အကောင်းဆုံးနည်း ကတော့ ရောဂါပိုး စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုစစ်ဆေးလိုက်လို့ ရောဂါဖြစ်နေကြောင်းတွေ့ရှိရင် အချိန်မီကုသမှု ခံယူနိုင်ပြီး ရောဂါမဖြစ်ဘူးဆိုတဲ့ အဖြေထွက်လာ ရင်လည်း သံသယ ကင်းကင်းနဲ့ စိတ်လက်ချမ်းသာစွာ နေနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ရောဂါပိုး စစ်ဆေးရာမှာ စိတ်ကသိကအောက် အဖြစ်ရဆုံးကတော့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် ယူပြီး စစ်ဆေးရခြင်းပါပဲ။

ဒီလိုစစ်ဆေးရတာကိုလည်း အပြစ်ပြောလို့မရပါဘူး။ ကိုဗစ်-၁၉ ရောဂါပိုးက အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်နေတာကိုး။

အခု ဒီလိုစိတ်ကသိကအောက် ဖြစ်ရမယ့် ဒုက္ခကနေ    ကင်းဝေးနိုင်တော့မှာပါ။

အကြောင်းရင်းကတော့ ထိုင်းနိုင်ငံမှ သုတေသနပညာရှင်တွေက ကိုဗစ်-၁၉ ရောဂါပိုးကိုအလွယ်တကူ စစ်ဆေးနိုင်မယ့် တခြားကိရိယာတစ်ခုကို   တီထွင်လိုက်နိုင်လို့ ဖြစ်ပါတယ်။

အဲဒီကိရိယာက ချွေးကို အခြေခံပြီး စစ်ဆေးခြင်း ဖြစ်တဲ့အတွက် အသုံးပြုသူတွေ အနေနဲ့ ကရိကထများတော့မှာ မဟုတ်ပါဘူး။ ဒီလိုကိရိယာကို တီထွင်ဖို့ အကြံရသူ သိပ္ပံပညာရှင်တွေက တီရှပ်အင်္ကျီ စိုရွှဲလောက်အောင် ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေရတဲ့ သူတွေကိုကြည့်ပြီး စိတ်ကူးမိတာပါ။

အဲဒီချွေးတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကောင်းစွာခွဲခြား သိရှိနိုင်မယ့် အရာဝတ္ထုတွေ ပါဝင်နေတယ်လို့လည်း သူတို့က ယုံကြည်ထားပါသေးတယ်။

သူတို့ရဲ့စမ်းသပ်မှု အရတော့ ကိုဗစ်-၁၉ ရောဂါပိုး ရှိနေသူတွေရဲ့ ခန္ဓာကိုယ်က သူမတူတဲ့ ဓာတုပစ္စည်းတွေကို   ထုတ်ပေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ကိုဗစ်-၁၉ လူနာရဲ့ ချွေးထဲမှာပါတဲ့ ဗက်တီးရီးယားကြောင့် ထွက်ရှိတဲ့အနံ့ကို ရှာဖွေဖော်ထုတ်နိုင်ရင် အဲဒီလူမှာ ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိသိနိုင်ပြီဖြစ်တဲ့အတွက် ဒီလိုဖော်ထုတ်နိုင်မယ့် ကိရိယာကို ချူလာလောင်ကွန် တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာပါ။

ထိုင်းသိပ္ပံပညာရှင်တွေ တီထွင်လိုက်တဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရေး ကိရိယာရဲ့တိကျမှု အတိုင်းအတာက ၉၅ ရာခိုင်နှုန်း အထိတောင်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငွေကုန်ကြေးကျလည်း မများတဲ့အတွက် ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုလိုမျိုး လူတိုင်းလက်လှမ်းမမီနိုင်တဲ့ စမ်းသပ်မှု တွေနဲ့ယှဉ်ရင် ဒီကိရိယာက တော်တော်လေးကို အကျိုးဖြစ်စေမှာပါ။

သိပ္ပံပညာရှင်တွေဟာ ဒီကိရိယာကို ဖန်တီးရာမှာ   ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေ ရှိ၊ မရှိ ရှာဖွေဖော်ထုတ်တဲ့ နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒီကိရိယာနဲ့ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မယ်ဆိုရင် အရင်ဆုံး  စစ်ဆေးမှုခံယူမယ့် သူရဲ့ချိုင်းကြားမှာ ဂွမ်းနားကျပ်တံကို ၁၅ မိနစ်ကြာ ထားရပါမယ်။

ပြီးရင်အဲဒီနားကျပ်တံကို သတ်မှတ်ဖန်ပုလင်းလေးထဲ ထည့်ပြီး ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုကာ ပိုးသတ်ခြင်း လုပ်ရပါမယ်။

နောက်ဆုံးအဆင့်မှာတော့ ကျွမ်းကျင်ပညာရှင်က ဖန်ပုလင်းထဲက နမူနာ လိုအပ်သလောက် ပမာဏကို စုပ်ခွက်လေးနဲ့ စုပ်ယူပြီး သတ်မှတ်စက်လေးထဲ ထည့်ကာ ဖိအားပေးလိုက်ရပါတယ်။

ဒီလိုမျိုးနည်းနဲ့ ရောဂါပိုးစစ်ဆေးခြင်းအတွက် နမူနာရယူမှုကြာချိန် ၁၅ မိနစ်နဲ့ အဖြေကိုစစ်ဆေးချိန် စက္ကန့် ၃ဝ သာ ကြာပါတယ်။

နမူနာရယူနေချိန်နဲ့ စစ်ဆေးနေချိန် အတွင်းမှာဆိုရင်လည်း အစစ်ဆေးခံသူက ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေလို့ ရတဲ့အတွက် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဖို့အတွက် သီးသန့်ကြီး အချိန်ပေးစရာ မလိုတာကြောင့် ဘန်ကောက်မြို့က ဈေးသည်တွေကတော့ အကြိုက်တွေ့နေပါတယ်။

လက်ရှိအချိန်မှာ   အဲဒီကိရိယာက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မှာသာ ရှိသေးပေမယ့်လည်း သိပ်မကြာခင်အချိန် မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အတည်ပြုမှုကိုရရှိလာမယ်လို့ မျှော်လင့်ရပြီး ကမ္ဘာ့ ပထမဆုံးဖြစ်တဲ့ ချွေးကို အခြေခံစစ်ဆေးတဲ့   ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရေး ကိရိယာဖြစ်လာနိုင်ပါတယ်။