ပင်းတယမြို့၌ အိမ်တွင်းမှု လုပ်ငန်း တက်တင်းချည်ဖြင့် အထည်များ ပြုလုပ်ရောင်းချ ပေးနေရသဖြင့် လက်မှုပညာ လုပ်ငန်းများ အောင်မြင်လျက်ရှိ

ပင်းတယမြို့၌ အိမ်တွင်းမှု လုပ်ငန်း တက်တင်းချည်ဖြင့် အထည်များ ပြုလုပ်ရောင်းချ ပေးနေရသဖြင့် လက်မှုပညာ လုပ်ငန်းများ အောင်မြင်လျက်ရှိ

ပင်းတယ  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့ပေါ် ရပ်ကွက်များဖြစ်သည့်   ငှက်ပျောတောရပ်ကွက်၊ ဆင်ခေါင်းရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် အော်ရောရပ်ကွက် အစရှိသည့် နေအိမ်ရှိ အမျိုးသမီးများ၏ လက်မှုအတတ်ပညာဖြင့်  ချည်လုံးများအား  တက်တင်းထိုးမှု ပညာဖြင့် အလှဝတ်ဆင်သည့် အဝတ်အစားများ၊  တဘက်ချည်ထည် များနှင့် ပရိဘောဂ ပစ္စည်းများပေါ်၌   အလှဆင်တပ်ဆင်ရသည့် ချည်ထည် အလှပစ္စည်းများ ပြုလုပ်ရောင်းချနေရသည့်အတွက် အိမ်တွင်းမှု လုပ်ငန်းများ    အောင်မြင်စွာ လုပ်ကိုင်နိုင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အိမ်တွင်းလက်မှု လုပ်ငန်းတစ်ခုဖြစ်သော တက်တင်းထိုးခြင်းဖြင့် ဝတ်ဆင်စရာများအား ပုံစံသစ်များ ဖန်တီး၍ ပုံဖော်ထိုးနှံခြင်း၊ ပရိဘောဂပစ္စည်းများ ပေါ်တွင် ရောင်စုံအလှဆင် ပစ္စည်းများ ထိုးနှံပုံဖော် ပြုလုပ်ခြင်းများအတွက် တက်တင်းချည်သားလုံးများကို ချည်တစ်ထုပ်လျှင်  ငွေကျပ် ၃ဝဝဝ မှ ၃၅ဝဝ  ဖြင့်   ရောင်းချရကာ ကိုယ်တိုင်ထိုးနှံခြင်းဖြင့် လည်းကောင်း၊ မိမိနေထိုင်ရာရပ်ကွက်နှင့်   အခြားရပ်ကွက်များမှ လက်မှုအနုပညာ တက်တင်းချည်ဖြင့် အဝတ်အစားများ၊    တဘက်စများနှင့် ပရိဘောဂပစ္စည်းများကို အလှဖုံးအုပ်သည့် ပစ္စည်းထိုးနှံတတ်သည့် အမျိုးသမီးများကို ချည်လုံးထိုးခဈေး   တစ်လုံးထိုးပြီးလျှင် ထိုးနှံပေးခငွေကျပ်  ၃၅ဝဝ မှ ၄ဝဝဝ နှုန်းဖြင့် အပ်နှံ၍ ကြိုက်နှစ်သက်ရာ လက်မှုထည်များကို ထိုးနှံစေခြင်းတို့ဖြင့် လည်းကောင်း ပြုလုပ်ရောင်းချပေးလျက်ရှိသည်။

ထို့ပြင် အလုပ်ရှင်များ သို့မဟုတ် အပ်နှံသူ၏ ကြိုက်နှစ်သက်ရာ အနုပညာပန်း၊ ဒီဇိုင်းများကို အပ်နှံခံရသည့် ရပ်ကွက်/ကျေးရွာရှိ အမျိုးသမီးများက   တက်တင်းချည်ဖြင့်  ဂရုစိုက်၍ နေ့စဉ်ပြုလုပ်ပေးကြကြောင်း သိရသည်။

ပင်းတယမြို့     ရွှေဥမင်သဘာဝ လိုဏ်ဂူတော် ဘုရားပေါ်နှင့် ဘုရားတောင်ခြေရှိ  ဓနုဒေသထွက် ပစ္စည်းများဖြစ်သော လက်ဖက်ခြောက်၊ ပဲပုပ်စပ်၊ အာလူးခြောက် စသည့် အရောင်းအဝယ် ပစ္စည်းများနှင့်အတူ တက်တင်းချည်ဖြင့် ပြုလုပ်သော အလှကုန်ပစ္စည်းများ၊  တိုင်းရင်းသား ရိုးရာအဝတ်အစားများမှာ  ဘုရားသို့လာရောက် လည်ပတ်ဖူးမြော်ကြသည့် ပြည်တွင်းပြည်ပ ဘုရားဖူးများနှင့် နိုင်ငံခြားသားများ အကြိုက်တွေ့ ဝယ်ယူကြသောကြောင့် စီးပွားဖြစ်သဖြင့် ထိုးနှံသူများနှင့် ရောင်းချသူများ အဆင်ပြေကြပြီး   အနီးပတ်ဝန်းကျင်ရှိ ဒေသများမှ တက်တင်းထိုး အထည်များ    ဝယ်ယူစုဆောင်းကြသူများနှင့်   အခြားမြို့နယ်မှ မိတ်ဆွေများ  မှာယူအားပေးမှုကြောင့်ချည်ထည်ထိုးနှံသည့် အလုပ်လုပ်ကိုင်ခြင်းများမှာ အောင်မြင်လျက် ရှိကြောင်း သိရသည်။