ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်

(၁၃၈၃ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်)

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

၁။    တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက်  စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို တိုးမြှင့်ရပ်ဆိုင်း ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်။

၂။    တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါဖြစ်ပွားမှုသည်  အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ သန္ဓေပြောင်းမျိုးကွဲများ ထွက်ပေါ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံအချို့တွင် သန္ဓေပြောင်းမျိုးကွဲများ တွေ့ရှိနေရသဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် စဉ်ဆက်မပြတ် ခြေရာခံစောင့်ကြည့် ထိန်းချုပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တို့အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊  ဇူလိုင် ၁ ရက်မှ  ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဖြစ်သည်။

၃။    သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီ လမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့ အတွက် တပ်မတော်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေးထားသည့် ကာလအတွင်း ညှိနှိုင်း ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး