ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်)

(၂ဝ၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်)

၁။   တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန်  အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်။

၂။  ထို့ပြင် နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် ဆက်လက် ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတို့ကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

၃။  အဆိုပါတပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း (NCA)လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်  ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက် ဆွေးနွေးခြင်း၊  (NCA)လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင် ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက်ဆွေးနွေး သွားနိုင်ရေးနှင့် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန် ပွဲတော်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  COVID- 19 ရောဂါစည်းကမ်းချက်များနှင့် အညီ ကျင်းပသွားနိုင်ရေးတို့ အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး  တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၃ဝ ရက်အထိ ရပ်ဆိုင်း ပေးသွားမည်ဖြစ်သည်။

၄။  သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ လမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့အတွက်  တပ်မတော်မှ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေးထားသည့် ကာလများကို ယခင်ကထက် ပိုမို ထိရောက်အကျိုးရှိစွာ အသုံးပြု၍  ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ထုတ်ပြန်အပ်ပါသည်။              

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး