ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ၏ ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့ (ရေးဖြေ) သင်တန်းများနှင့် နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်းများပြန်လည်ဖွင့်လှစ်

နေပြည်တော် မေ ၅

ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ရယူအသုံးချကာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သော ဘွဲ့ရလူငယ်မောင်မယ် ပညာတတ်များ မွေးထုတ်ရေးကို ဦးတည်လျက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ၏ ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့ (ရေးဖြေ) သင်တန်းများနှင့် နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်းများကို ယနေ့ မေ ၅ ရက်နေ့တွင် တစ်ပြိုင်တည်း ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။

ယင်းသို့ဖွင့်လှစ်ရာတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၄၉) ကျောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်း (၆၀)၊ ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်း စုစုပေါင်း (၁၃၄) ကျောင်းတွင် ပါရဂူဘွဲ့ကြို သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ)သင်တန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းများ၊ ဂုဏ်ထူးတန်း ဒုတိယနှစ်၊ တတိယနှစ်သင်တန်းများ၊  နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်းများ၊ ဒုတိယနှစ်ပညာရေး ဒီပလိုမာသင်တန်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိသော ဘွဲ့လွန် ဒီပလိုမာသင်တန်များနှင့် မဟာဘွဲ့နောက်ဆုံးနှစ် သင်တန်းများကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများ စုစုပေါင်း ကျောင်း (၇၀)ရှိ A.G.T.I (၃)နှစ် ဒီပလိုမာသင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် တတိယနှစ် သင်တန်းများ၊ GTHS (၂) နှစ်သင်တန်းများ၏ နောက်ဆုံးနှစ် ဖြစ်သည့် ဒုတိယနှစ်သင်တန်းများ ကိုလည်းကောင်း ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေလျက် ယနေ့ မေ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ရာ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းနှင့် အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများ ပွင့်လန်းလာသဖြင့် ဝမ်းမြောက်လျက်ရှိကြကြောင်းနှင့် ဆရာ ဆရာမများကလည်း ပညာသင်ကြား ပေးနိုင်ရေးအတွက် မေ ၃ ရက်နေ့မှ စတင်ကာ အသင့်ပြင်ဆင် ထားရှိကြကြောင်း သတင်းရရှိသည်။