ပရဟိတသမားများဖြစ်သည့် ဘေဂိတ်နှင့်မီလန်ဒါဂိတ်တို့ အိမ်ထောင်သက် ၂၇ နှစ်အကြာတွင် ကွာရှင်းပြတ်စဲ

ဝါရှင်တန်၊ ပြည်တွင်းရေး

တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် ဘေဂိတ်နှင့်၎င်း၏ စိတ်တူကိုယ်တူဇနီးဖြစ်သော မီလန် ဒါဂိတ်တို့သည် အိမ်ထောင်သက် ၂၇ နှစ်အကြာတွင် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်းသိရသည်။

၎င်းတို့အနေဖြင့် ၂၇ နှစ်ကြာအိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ဘေဂိတ်နှင့် မီလန်ဒါဂိတ် တို့က မေ ၃ ရက်တွင် တွစ်တာ၌ တရားဝင်ရေးသား ကြေညာထားသည်။

သို့သော် ၎င်းတို့နှစ်ဦးတည်ထောင်ခဲ့သော ပရဟိတဖောင်ဒေးရှင်းနှင့်ပတ်သက်၍ ဆောင်ရွက်စရာရှိသည်များ ကို အတူတကွ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့၏ ဘေနှင့်မီလန်ဒါဂိတ်အမည်ရှိ ပရဟိတဖောင်ဒေးရှင်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေး၊ ပညာရေးနှင့် အခြားအကြောင်းအရာများအတွက် အလှူငွေများ ပေးအပ်မှုနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်များကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ဘေဂိတ်သည် နောင်တစ်ချိန်တွင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီဖြစ်လာမည့် မိုက်ခရိုဆော့ကုမ္ပဏီကို ဆယ်ကျော်သက်ဘဝတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

မီလန်ဒါဂိတ်မှာမူ မိုက်ခရိုဆော့ကုမ္ပဏီ၌ အလုပ်ဝင်ရောက်ပြီးမကြာမီ ၁၉၈၇ ခုနှစ်တွင် ဘေဂိတ်နှင့်  တွေ့ဆုံ ခဲ့ခြင်းဖြစ်ကာ ၁၉၉၄ ခုနှစ်တွင် နှစ်ဦးသဘောတူလက်ထပ်ပြီးနောက် ကလေးသုံးဦးကို အတူတကွပြုစု ပျိုးထောင်နိုင်ခဲ့သည်။

လက်ရှိတွင် ဘေဂိတ်သည် မိုက်ခရိုဆော့ကုမ္ပဏီမှအနားယူပြီးနောက် ကုမ္ပဏီတည်ထောင်သူနှင့် နည်းပညာ အကြံပေးအဖြစ်သာ ဆက်လက်တည်ရှိနေပြီး ပရဟိတအလုပ်များကိုသာ ဇောက်ချလုပ်ကိုင်နေခြင်းဖြစ်သည်။

ဘေဂိတ်နှင့်မီလန်ဒါဂိတ်တို့၏ ကွာရှင်းပြတ်စဲမှုသည် လွန်ခဲ့သောနှစ်နှစ်က ကမ္ဘာ့အချမ်းသာဆုံး စုံတွဲ တစ်တွဲဖြစ်သည့် အမ်မဇွန်ကုမ္ပဏီတည်ထောင်သူ ဂျက်ဘီဆော့နှင့် မက်ကန်ဇီးတို့ကွာရှင်းပြတ်စဲပြီးနောက်  နောက်ထပ် ကမ္ဘာ့အချမ်းသာဆုံး စုံတွဲတစ်တွဲ၏ ကွာရှင်းပြတ်စဲမှုဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post