ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရန် ကြိုးပမ်းခဲ့သည့်အသင်းခြောက်သင်းကို ဒဏ်ကြေးငွေ စတာလင်ပေါင် ၃ ဒသမ ၅ သန်းစီပြစ်ဒဏ်ချမှတ်

လန်ဒန်၊ ဘောလုံး

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ဥရောပစူပါ လိဂ်ပြိုင်ပွဲကျင်းပရန်    ကြိုးပမ်းမှုတွင်ပါဝင်ခဲ့သည့် မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးနှင့် စပါးအသင်းတို့ကို ဒဏ်ကြေးငွေအဖြစ် စတာလင်ပေါင် ၃ ဒသမ ၅ သန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပရီးမီးယားလိဂ်ထိပ်သီး အသင်းခြောက်သင်း အပါအဝင် စပိန်ထိပ်သီး ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီ ကိုအသင်း၊ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် အေစီမီလန်အသင်း  စသည့်အသင်း ၁၂ သင်းသည်   ဥရောပ ဘောလုံး အဖွဲ့ချုပ်မှ ခွဲထွက်ပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲအမည်ဖြင့် ပြိုင်ပွဲသစ်တစ်ခုကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ ဘောလုံး လောကမှ အထင်ကရပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ ကလပ်အသင်းများက ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြမှုများကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်း ခြောက်သင်းက စတင်နုတ်ထွက်ခဲ့ကြပြီး တခြားအသင်း များဖြစ်သည့် အက်သလက်တီကို၊ အင်တာမီလန်နှင့် အေစီမီလန်တို့   နုတ်ထွက်ခဲ့ကြသော်လည်း   ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နှင့်   ဂျူဗင်တပ်စ်အသင်းတို့မှာ နုတ်မထွက်သေးဘဲရှိနေသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်ကလည်း အစီအစဉ်မှ စောစီးစွာထွက်ခွာခဲ့သည့် ပရီးမီးယားလိဂ်မှ ကလပ်အသင်းများကို ပြင်းထန်သည့် သတိပေးမှုများပြုလုပ်ခဲ့သကဲ့သို့ ယခုအခါတွင်လည်း ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးနှင့် စပါးအသင်းတို့ကို ဒဏ်ကြေးငွေချမှတ်ခဲ့သည့်အပြင် အဆိုပါပြိုင်ပွဲနှင့် ထပ်မံပတ်သက်မည်ဆိုပါက ပြိုင်ပွဲမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း သတိပေးမှုများ ပြုလုပ်ထားသည်။

လက်ရှိတွင် ဥရောပဘောလုံးအဖွဲ့ချုပ်က ဥရောပ စူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့် အသင်းများကို ပြစ်ဒဏ်လျှော့ပေါ့ သတ်မှတ် ထားသော်လည်း လက်ရှိ အချိန်ထိ အစီအစဉ်မှ နုတ်ထွက်ခြင်းမရှိသေးသည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်း တို့ကို ကြီးမားသည့်ပြစ်ဒဏ်ချမှတ်ရန် စီစဉ်နေပြီး လာမည့်ဘောလုံးရာသီမှစ၍ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်သည်အထိ အရေးယူရန်ပြင်ဆင်လျက်ရှိသည်။

သို့သော် အဆိုပါအသင်းသုံးသင်းမှ တာဝန်ရှိသူများက အစီအစဉ်ကိုမရပ်တန့်သေးဘဲ ဥရောပဘောလုံးအဖွဲ့ချုပ်က အရေးယူမှုများ ပြုလုပ်လာပါက ကမ္ဘာ့အားကစားလောကတွင် အမြင့်ဆုံးခုံရုံးအထိ တက်ရောက်ပြီး အမှုရင်ဆိုင်သွားမည်ဟု အသီးသီး ထုတ်ပြန် ထားကြောင်း သိရသည်။

Ref;ESPN