ပရီးမီးယားလိဂ်သုံးပွဲတွင် ငါးဂိုးသွင်းခဲ့သည့် ကယ်လ်ဗတ်လီဝန် ပရီးမီးယားလိဂ် စက်တင်ဘာလ အကောင်းဆုံး ကစားသမားဆုရရှိ

ပရီးမီးယားလိဂ်၏ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမားဆုကို ပေးအပ်ချီးမြှင့်ရာ ထိုလအတွင်း ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲ၌  ငါးဂိုး အထိသွင်းယူသည့် အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လီဝန်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လီဗာပူးတိုက်စစ်မှူး မာနေးတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ကယ်လ်ဗတ်လီဝန်သည် စပါးအသင်းကို အနိုင်ရသည့် ရာသီအဖွင့်ပွဲတွင် အဲဗာတန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သကဲ့သို့ ဝက်စ်ဘရွန်းကို အနိုင်ရသည့် ပွဲတွင်လည်း  ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် ပဲလေ့စ်ကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်လည်း ဂိုးသွင်းခဲ့ပြီး အဲဗာတန်အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးနေရာ၌ ရပ်တည်စေ ရန် စွမ်းဆောင်ပေးနိုင်သဖြင့် တစ်လတာ အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းဖြစ် သည်။

တစ်လတာ အကောင်းဆုံးနည်းပြဆုကိုလည်း ကစားပြီးခဲ့သမျှ ပရီးမီးယားလိဂ် လေးပွဲစလုံး  အနိုင်ရရှိစေရန်  စွမ်းဆောင်ပေးနိုင်သည့်  အဲဗာတန်နည်းပြ အန်ဆယ်လော့တီက ဆွတ်ခူးရရှိခဲ့သည်။ အဲဗာတန်နည်းပြ အန်ဆယ်လော့တီ သည်  ယခုနွေရာသီဈေးကွက်တွင် အသင်းအတွက်  အကောင်းဆုံး ကစားသမားများ ခေါ်ယူအားဖြည့်နိုင်ခဲ့ကာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဒူကူရီနှင့်အယ်လန်တို့ကို အားဖြည့်လိုက်ခြင်းဖြင့် အသင်းသည် အကောင်းဆုံး ပုံစံရရှိပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ခြင်းလည်း ဖြစ်သည်။