တောင်ကိုရီးယားသမ္မတဟောင်း ပါ့ဂွမ်ဟေးအပေါ် အောက်တရားရုံးကချမှတ်ထားသည့် ထောင်ဒဏ် အနှစ် ၂၀ ကို တရားရုံးချုပ်က အတည်ပြုလိုက်ကြောင်းသိရသည်။
လာဘ်ပေးလာဘ်ယူမှုကျူးလွန်မှုဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံလိုက်ရသော ပါ့ဂွမ်ဟေး၏ ထောင်ဒဏ်ကိုလျှော့ပေါ့ပေးရန် ၎င်း၏ရှေ့နေအဖွဲ့က ဇူလိုင်လတွင် အသနားခံစာတင်ပြီးနောက် တရားရုံးချုပ်က ဇန်နဝါရီ ၂၀ ရက်တွင် ထိုပြစ်ဒဏ်ကို ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်သည်။
ပါ့ဂွမ်ဟေးသည် တရားရုံးချုပ်၏ကြားနာမှုအတွင်း သပိတ်မှောက်ဆန္ဒပြကာ ၎င်းအနေဖြင့် မည်သည့် အမှားမျှကျူးလွန် ထားခြင်းမရှိကြောင်းနှင့် တရားရုံးချုပ်သည် လက်ရှိသမ္မတမွန်ဂျေးအင်၏ လက်အောက်တွင်ရှိပြီး ဘက်လိုက်ဆုံးဖြတ်ကြောင်း အပြစ်တင်ထားသည်။
၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာသည့် ပါ့ဂွမ်ဟေးသည် ၂၀၁၆ ခုနှစ်တွင် လွှတ်တော်၏အပြစ်တင်ရှုတ်ချမှုကိုခံရကာ ၂၀၁၇ ခုနှစ်တွင် ရာထူးမှဆင်းပေးခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် ပါ့ဂွမ်ဟေးသည် လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်ငွေညှစ်မှုနှင့် အာဏာအလွဲသုံးစား လုပ်မှုများဖြင့် ၂၀၁၈ ခုနှစ်တွင် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံ၌ ဒီမိုကရေစီအပြည့်အဝရသည့် ၁၉၈၇ ခုနှစ်မှစတင်၍တာဝန်ထမ်းဆောင်ခဲ့သော သမ္မတအဆက်ဆက် သည် ပြစ်မှုမျိုးစုံဖြင့် အရေးယူခံရသောရာဇဝင်ရှိပြီး ပါ့ဂွမ်ဟေးမတိုင်မီ သမ္မတဖြစ်သော လီမြောင် ဘက်သည်လည်း အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ကျခံနေရကြောင်းသိရသည်။