ပုပ္ပားဒေသထွက် စိန်တစ်လုံးသရက်များ လှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်း ကျဆင်းခြင်းကြောင့် စိန်တစ်လုံး သရက်ခြံပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက်စိန်တစ်လုံးသရက်များ လှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် စိန်တစ်လုံးသရက်စိုက်ခြံပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေကြောင်း ကျောက်ခွက်ကျေးရွာ စိန်တစ်လုံး သရက်ခြံပိုင်ရှင် ဦးနေဝင်းထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် အင်းချောင်း၊ ဆည်ပေါက်၊ ညောင်ကန်၊ ပုပ္ပား၊ ပုပ္ပားလွင်၊ ဆုံကုန်း၊ ဆင်ဆင်း၊ နဂါးလည်၊ လျော်တော၊ ဆည်၊ စီးမနှင့် လဲဂွ ကျေးရွာတို့၌ စိန်တစ်လုံးသရက်ကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်စိန်တစ်လုံး သရက်သီးမှည့်ချိန်တွင် ဈေးနည်း၍ ရောင်းချရသည်။

ယခင်နှစ်များက စိန်တစ်လုံးသရက် ပွင့်ပြီးချိန်မှ အသီးကင်း စတင်သီးချိန်တို့တွင် စိန်တစ်လုံး သရက်ပွဲစားများ ရွာအထိဆင်းကာ ခြံပြတ်ဈေးဖြတ်ပြီး လာရောက်ဝယ်ယူမှုများ ရှိခဲ့ကြသော်လည်း ယခုနှစ်တွင် စိန်တစ်လုံးသရက်ပွဲစားများ လာရောက် ဝယ်ယူမှုမရှိခြင်းကြောင့် စိန်တစ်လုံး သရက်ဈေးကွက် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း နဂါးလည်ကျေးရွာ စိန်တစ်လုံးစိုက်တောင်သူ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ပုပ္ပားတောင် ပတ်ဝန်းကျင်ဒေသတွင် သရက်အမျိုးမျိုးရှိကြသော်လည်း စိန်တစ်လုံး သရက်တစ်မျိုးတည်းသာ ခြံဖြင့်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း စိန်တစ်လုံး သရက်ခြံများ အသီး မသီးသည့်နှစ်တွင် တစ်နှစ်ဆုံးရှုံးသလို သီးသည့်နှစ်တွင်လည်း ဈေးကွက်ပျက်ပါက အရှုံးနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ပုပ္ပားဒေသထွက် စိန်တစ်လုံးသရက်သီးများ ရောင်းချရာတွင် သရက်သီးဆယ်လုံးဈေး ငွေကျပ် ၁၅ဝဝ မှ ၃ဝဝဝ အထိသာ ရရှိသဖြင့် ခြံပိုင်ရှင်များ အနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း သိရသည်။