ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပမည်

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ ၂ဝ၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ဧပြီ ၁ ရက်မှ ၁ဝ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောက်မျက်ရတနာ ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက် ရတနာဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိသူနှင့် လိုင်စင်ရရှိသူများ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသူများနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များအတိုင်း တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

တက်ရောက်လိုသော နိုင်ငံသား ရတနာကုန်သည်များအား မတ် ၂၄ ရက် မှစ၍ ပုလဲအတွဲများနှင့် ကျောက်မျက် ရတနာများကို မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ဝင်ခွင့်အတွက် နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ရတနာ ကုန်သည်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိတွင် COVID-19 ရောဂါပိုးတွေ့လူနာ လျော့နည်းသွားသော်လည်း ပြည်ပလေကြောင်းလိုင်းများ ယာယီရပ်နားထားသဖြင့် ပြည်ပရတနာ ကုန်သည်များကို ဖိတ်ကြားခြင်းမပြုတော့ဘဲ နိုင်ငံသားရတနာ ကုန်သည်များ၏ လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများကို မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။