ပုသိမ်မြို့နယ်အတွင်း အကြမ်းဖက်သူများအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရမိ

နေပြည်တော်၊ ဇွန် - ၂၂

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိသည်။

ထိုသို့ဖော်ထုတ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ ပုသိမ်ဟိုတယ်ရှေ့၌ ဇွန် ၂၀ ရက် ည ၈ နာရီခွဲခန့်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သည့် ထွန်းလင်းအောင်(ဘ) ဦးအေးကြည် အား စစ်ဆေးဖော်ထုတ်ချက်အရ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ၎င်း၏ သူငယ်ချင်းဖြစ်သူ ချစ်ကိုကို ၏ နေအိမ်အား ည ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးရာ ချစ်ကိုကိုအား တွေ့ရှိခြင်း မရှိဘဲ နေအိမ်အတွင်းမှ SMM KUZEY-GN-19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံးနှင့် အကြမ်းဖက်ရာ တွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ ကင်မလင်းကျွန်းလမ်း၊ စက်မှုဇုံရပ်၊ ဗန္ဓုလအဆောင်အား ဇွန် ၂၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးရာ ၎င်းနှင့် အတူ ဖောက်ခွဲရေးပစ္စည်းများ စုဆောင်းရန်နှင့် ဖောက်ခွဲရာတွင် ပါဝင်သည့် ခန့်ကိုကိုဇင်(ဘ) ဦးနေလင်း၊ ကောင်းထက်စံ(ဘ)ဦးဝင်းမောင်နိုင်၊ တင်လင်းဦး(ဘ) ဦးငြိမ်းချမ်းမောင် နှင့် ကိုကိုအောင်(ဘ)ဦးသန်းဦး တို့အား လည်းကောင်း၊ နံနက် ၃ နာရီခွဲခန့်တွင် အမှတ်(၁၃)ရပ်ကွက်၊ ကင်မလင်းကျွန်း၊ စံပြ(၂)လမ်းရှိ နေအိမ်၌ ကောင်းမြတ်ဇော်(ဘ) ဦးသန်းအောင် အား လက်လုပ်ဗုံး ၂ လုံးနှင့်လည်းကောင်း၊ နံနက် ၄ နာရီ ၅ မိနစ်ခန့် တွင် အမှတ်(၁၃)ရပ်ကွက်၊ ကင်မလင်းကျွန်းလမ်းဆုံအနီးရှိ Lucky ဆံသဆိုင်၌ ဇော်ဇော်(ဘ)ဦးခင်ဇော်ဝင်း အား လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ အကြမ်းဖက်ရာတွင်အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် အတူ ဖမ်းဆီးရမိသူများအား တရားဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများ ကိုလည်း ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။