ပုသိမ်မြို့၌ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

ပုသိမ်မြို့၌ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

 
နေပြည်တော်၊ ဩဂုတ်- ၂၂

 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အာရုံခံတန်ဆောင်း၌ ပြုလုပ်ရာ ပုသိမ်မြို့၊ ညောင်ပင်သာကျောင်းတိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

 
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ညောင်ပင်သာ ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြ သည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

 
ယင်းနောက် တက်ရောက်လာကြသူများက ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဉက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ သောဝိတ ထံမှ အနုမောဒန တရားများ နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးခဲ့ကြ ကြောင်း သတင်းရရှိသည်။