ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ကိုင်ရန် တိုက်တွန်းခဲ့ကြသည့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ

ကမ္ဘာ့နိုင်ငံများကြား လုပ်ဆောင်နေသည့်   ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် လုပ်ကိုင်ရန်  အင်အားကြီး နိုင်ငံများဖြစ်ကြသည့်  အမေရိကန်၊  ရုရှားနှင့်  တရုတ် နိုင်ငံတို့မှ ထိပ်တန်းသံတမန်များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း   တိုက်တွန်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏အလှည့်ကျ ဥက္ကဋ္ဌအဖြစ်    တာဝန်ယူထားသည့် တရုတ်နိုင်ငံက    ကြီးမှူးကျင်းပသော အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲ၌  သံတမန် များက  ယခုကဲ့သို့  ပြောကြားခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကင်၊ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး   ဝမ်ယီတို့ တက်ရောက်ခဲ့ကြသည်။

အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ကြား လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး တို့နှင့်စပ်လျဉ်း၍ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေသော်လည်း   COVID-19 ရောဂါကူးစက်မှုကြောင့်    နိုင်ငံအများ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ ရာသီဥတု ပြောင်းလဲမှုများ၊  နိုင်ငံတချို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံး သတ်နိုင်ရေးနှင့် အကူအညီ လိုအပ်နေသူများအတွက် အထောက်အပံ့များ ပေးအပ် နိုင်ရေး စသည့် ကိစ္စရပ်များကို ဖြေရှင်းရာတွင် အတူတကွပူးပေါင်း ဆောင်ရွက်ရန် အဆိုပါနိုင်ငံကြီးများက သဘောတူညီခဲ့ ကြသည်။

ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စရပ်များကို ဖြေရှင်းလုပ်ဆောင်ရာတွင်  နိုင်ငံအများ အပြားအနေဖြင့်    နိုင်ငံစုံပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်နိုင်ရုံ သာမက ထိုသို့လုပ်ဆောင်ရန် အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ကဆိုသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ နိုင်ငံတစ် နိုင်ငံသည် မည်မျှပင် အင်အားကြီးမားနေစေကာမူ   စိန်ခေါ်မှုများကို   တစ်နိုင်ငံတည်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ၎င်းက ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့်    အမေရိကန်အနေဖြင့် ရောဂါကူးစက်မှု၊  ရာသီဥတုပြောင်းလဲမှု၊ နျူကလီးယား လက်နက်များ ပြန့်ပွားလာ မှု၊ လူသားချင်းစာနာသည့် အကူအညီပေး အပ်ရေးနှင့် ပဋိပက္ခများအား အဆုံးသတ် နိုင်ရေးတို့အတွက်  လုပ်ဆောင်ရာတွင် နိုင်ငံစုံ အဖွဲ့အစည်းများနှင့်    ပူးပေါင်းဆောင်ရွက်မည့် အလားအလာရှိကြောင်း အန်တိုနီဘလင်ကင်က ဖော်ပြလို၍ ယခု ကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင်   တောင်တရုတ် ပင်လယ်အတွင်း  တရုတ်နိုင်ငံက  လုပ် ဆောင်နေသည့်   ဆောင်ရွက်ချက်များ၊ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံမှ ခရိုင်းမီးယား ဒေသကို နိုင်ငံ၏ နယ်မြေပိုင်နက်အတွင်းသို့  ထည့်သွင်းခဲ့သည့်  လုပ်ဆောင်ချက် များနှင့် စပ်လျဉ်း၍ အန်တိုနီဘလင်ကင် က အဆိုပါအစည်းအဝေး၌ ပြောကြားခဲ့ သော်လည်း  တရုတ်နှင့်  ရုရှားနိုင်ငံများ ဟူ၍   ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ အမေရိကန် အစိုးရသည်  တောင်တရုတ်ပင်လယ်အတွင်း ၎င်း၏ပါဝင်ဆောင်ရွက် မှုကို ပိုမိုတိုးမြှင့်လာသည့်အပြင် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကိုပါ ပိုမို ကောင်းမွန်စေရန်  ကြိုးပမ်းလုပ်ဆောင် လျက်ရှိသောကြောင့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေး တင်းမာလျက်ရှိသည်။

ထို့ပြင် ခရိုင်းမီးယားဒေသကို ရုရှားက ၎င်းတို့၏ပိုင်နက်အတွင်းသို့  ထည့်သွင်း ခြင်းအပေါ် အမေရိကန်က ပြစ်တင်ဝေဖန်ထားသည်။  ယခုကျင်းပခဲ့သည့်ဆွေးနွေး ပွဲသည်  အင်အားကြီးနိုင်ငံများကြား မတူကွဲပြားမှုများကို    ဖြေရှင်းနိုင်ရေး အတွက်  အထောက်အကူပြုခဲ့သည်ဟုဆို နိုင်သည်။   အကြောင်းမှာ   အဆိုပါ အင်အားကြီးနိုင်ငံများကြား  ဖြစ်ပွားနေသည့်  ကွဲပြားမှုများကို   ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်စေရေးအတွက် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် အဆိုပါ အင်အားကြီးနိုင်ငံများက သဘောတူညီခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။   

Ref:Y News