ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၌ ရန်ကုန်-မန္တလေးစာပို့ရထားအား အကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲ

 
နေပြည်တော်၊ ဇွန် ၂၉

 
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၌ ရန်ကုန် - မန္တလေးစာပို့ရထားအား အကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

 
ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန်တွင် ရန်ကုန်မှ မန္တလေးသို့ စက်ခေါင်းအမှတ် DF-2097 အမှတ်(၁) အဆန်စာပို့ရထားအား စက်ခေါင်းမောင်း ဦးအောင်မြင့်သိန်းနှင့် အကူစက်ခေါင်းမောင်း ဦးသက်ဟိန်းတို့ မောင်းနှင်လာစဉ် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရထားသံလမ်းမိုင်တိုင်အမှတ် ၂၀၅/ ၁၄ နှင့် ၅ အကြား ရေနီဘူတာအဝင် တံတားအမှတ် ၃၃၈ အား ဖြတ်သန်းမောင်းနှင်စဉ် ရထားသံလမ်းပေါ်မှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မီးရထားစက်ခေါင်း ဝဲဘက်မှန်တစ်ချပ် ကွဲအက်ပျက်စီးကာ၊ မီးရထားသံလမ်းရှိ တံတားအုတ်ခုံဘောင်တွင် အရှည် ၂ ပေ၊ အနံ ၈ လက်မခန့်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း တွေ့ရှိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းပေါက်ကွဲသည့်နေရာအား စစ်ဆေးခဲ့ရာ တံတားအောက်ခြေမှ မိုင်းထောင်ဖောက်ခွဲရာတွင် အသုံးပြုခဲ့သည့် ဝါယာကြိုးကိုက် ၄၀ ခန့်၊ မီးတိပ် ၁ ခွေ၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 
ထိုကဲ့သို့ အများပြည်သူများ ခရီးသွားလာရေးလွယ်ကူချောမွေ့စေရေးနှင့် သယ်ယူပို့ဆောင်ရေး ပိုင်မိုလွယ်ကူစေရေးအတွက် နိုင်ငံတော်အစိုးရမှ စီစဉ်ပြေးဆွဲပြေးနေသည့် ခရီးသွားလုပ်ငန်းများ ပျက်စီးစေရန် ရည်ရွယ်၍ မီးရထားသံလမ်းများအား မိုင်းထောင်ဖောက်ခွဲမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။