ပဲခူးမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တားဆီးနှောက်ယှက်သူ လူစုလူဝေးအား ခြောက်လှန့်ပစ်ခတ်ဖြိုခွဲ

ပဲခူးမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တားဆီးနှောက်ယှက်သူ လူစုလူဝေးအား ခြောက်လှန့်ပစ်ခတ်ဖြိုခွဲ

နေပြည်တော်၊ မတ်လ ၁၁ ရက်

    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဇင်း(၁) လမ်းထိပ်၌ မီးရထားဝန်ထမ်း တင်မောင်ထွန်း(စိစစ်ဆဲ) ဦးဆောင်သော ဆူပူဆန္ဒပြ သူ(၂၀၀)ဦးခန့်သည် အများပြည်သူအသုံးပြုသော လမ်းမပေါ်တွင် အတားအဆီးများပြုလုပ် ပိတ်ဆို့ ဆူပူဆန္ဒပြနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က လူစုခွဲရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အသိပေးဆောင်ရွက်ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ ဆက်လက်ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ်များ နှင့်အညီ  လူစုခွဲဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူ ဆန္ဒပြသူ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၄)ဦး၊ စုစုပေါင်း(၂၁)ဦးနှင့် မော်တော်ယာဉ်(၁)စီး တို့အား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ပါသည်။
    
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာရှိ တားဆီးပိတ် ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခဲ့ရာ ဆူပူဆန္ဒပြသူများ ထွက်ပြေးစဉ် ကျန်ရစ်ခဲ့သည့် အလျား(၆)လက်မခန့်၊ အချင်း(၂)လက်မခန့်ရှိ ကော်ပိုက်/ စနက်တံတို့ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း(၁)လုံး သိမ်းဆည်းရမိခဲ့ပါသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လမ်းမပေါ်ရှိ အတားအဆီးများအား ဖယ်ရှားရှင်းလင်းနေစဉ် ဆူပူဆန္ဒပြသူ(၁၀၀)ဦးခန့်သည် ဓား၊ လှံ၊ တုတ်များကိုင်ဆောင်လျက် ထပ်မံရောက်ရှိလာကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထွက်ခွာ၍မရအောင် လမ်းများပိတ်ဆို့ခြင်း၊ တာယာများ၊ ထင်းများ ပုံ၍မီးရှို့ခြင်း၊ လေးဂွ၊ ဂျင်ကလိ၊ အုတ်ခဲများဖြင့်ပစ်ခတ်ခြင်း၊ တပ်ဖွဲ့ဝင်များအား အတင်း ဝင်လုံး၍ လက်နက်လုယက်ခြင်းများ ပြုလုပ်လာကြသဖြင့်ပစ်ခတ်လူစုခွဲခဲ့ရာ အကြမ်းဖက်သူ အမျိုးသား(၂)ဦး(စိစစ်ဆဲ) ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမျိုးသား(၁)ဦး(စိစစ်ဆဲ) ဒဏ်ရာရရှိကာ အမျိုးသား(၁)ဦး(စိစစ်ဆဲ) သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
    
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန်ဝတ္တရားဆောင်ရွက်၍ မရအောင် အကြမ်းဖက်တားဆီးနှောက်ယှက်သူ လူအုပ်စုအား ဥပဒေနှင့်အညီအမှုဖွင့်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။