ပဲရစ်ရာသီဥတုသဘောတူစာချုပ်တွင် အမေရိကန်ပြန်လည်ပါဝင်မှု ကမ္ဘာ့နိုင်ငံများကြိုဆို

ဘရပ်ဆဲ၊ နိုင်ငံရေး

ရာသီပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် ရေးဆွဲထားသည့် ပဲရစ်ရာသီဥတုသဘောတူစာချုပ်တွင် အမေရိကန်နိုင်ငံအနေဖြင့် ပြန်လည်ပါဝင်လာမှုကို ကမ္ဘာ့နိုင်ငံများနှင့် ရာသီဥတုအရေးတက်ကြွ လှုပ်ရှားသူများက ကြိုဆိုကြောင်း သိရသည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အိမ်ဖြူတော်၌သမ္မတတာဝန်များကို စတင်ထမ်းဆောင်သည့် ဂျိုးဘိုင်ဒင်က ၎င်း၏ပထမဆုံးသော ဆောင်ရွက်ချက်များအနက် တစ်ခုအဖြစ် ပဲရစ်ရာသီဥတုသဘောတူစာချုပ်တွင်  အမေရိကန်နိုင်ငံ ပြန်လည်ပါဝင်ရန် အထူးအမိန့်ကို လက်မှတ်ထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် အဆိုပါစာချုပ်မှ နုတ်ထွက်သွားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံက ပြီးခဲ့သည့်နှစ်တွင် ထိုစာချုပ်မှနုတ်ထွက်ပြီးချိန်မှစ၍    ရာသီဥတုပြောင်းလဲရေး အတွက် ဆွေးနွေးပွဲများကိုဖျက်သိမ်းခဲ့ရကာ မည်သည့်ရည်မှန်းချက်ကိုမျှ  ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲရေးအတွက် လျှောက်ရမည့်လမ်းကရှည်လျားကြောင်း၊  ကမ္ဘာ့ရာသီဥတုသည် တစ်နေ့တခြားဆိုးဝါးလာပြီး ထိုအခြေအနေကို လျှော့ချရန်အချိန်နည်းနေပြီဖြစ်သည့်အတွက် ယခု စာချုပ်တွင်  အမေရိကန်နိုင်ငံ ပြန်လည်ပါဝင်မှုကိုကြိုဆိုကြောင်း  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်ကပြောကာ ကြိုဆိုထားသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ယခုဆယ်စုနှစ် အတွင်း ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရေးအတွက် ခိုင်မာသော ကတိစကားများကိုပေးရန် တာဝန်ရှိသူ များက တောင်းဆိုထားကြောင်း သိရသည်။