ပျဉ်းမနားမြို့၌ အကြမ်းဖက်သူလူအုပ်စုမှ ရဲတပ်ဖွဲ့ဝင်(၁)ဦးအား အကြောင်းမဲ့ဖမ်းဆီးကာ ရိုက်နှက်၍ ခေါင်းတုံးတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်းများပြုလုပ်

 

ပျဉ်းမနားမြို့၌ အကြမ်းဖက်သူလူအုပ်စုမှ ရဲတပ်ဖွဲ့ဝင်(၁)ဦးအား အကြောင်းမဲ့ဖမ်းဆီးကာ ရိုက်နှက်၍ ခေါင်းတုံးတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်းများပြုလုပ်

နေပြည်တော်၊ မတ်လ ၄ ရက်
    
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့၊ မန်ကျီးတောရပ်ကွက်၊ ဗိုလ်တာရာ လမ်းကြားတွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်က ဆူပူ အော်ဟစ်ဆန္ဒပြသူ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား(၁၀၀)ကျော်ခန့်သည် ဒေသန္တရပြုလုပ် ထားရှိသော(ဒိုင်း)များအား ကိုင်တွယ်၍ တာယာကွင်းများ၊ အုတ်ခဲများအားအသုံးပြု၍ လည်းကောင်း၊ ဝါးလုံးများဖြင့်ကန့်လန့်ဖြတ်တားဆီးခြင်း၊ ကျားလန်များထိုး၍ ကာရံခြင်း များပြုလုပ်ကာ လမ်းအားပိတ်ဆို့၍ ဆူပူအော်ဟစ်ဆန္ဒပြခဲ့ကြပါသည်။
    
ဆူပူဆန္ဒပြသူလူစုလူဝေးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှသွားရောက်၍ လူစုခွဲရန် ဥပဒေနှင့်အညီ အကြိမ်ကြိမ်မေတ္တာရပ်ခံ အသိပေးပြောကြားခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်ဆောင်ရွက်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကာအရံအတားအဆီးများအား ဖယ်ရှားရှင်းလင်းကာ ၁၂ဗို့ပြောင်းချောသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာမှ နံနက် ၉ နာရီကျော်ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။
    
ဖြစ်စဉ်ဖြစ်ပွားနေစဉ် ဆူပူအော်ဟစ်ဆန္ဒပြသူလူအုပ်စုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စတင်ထိတွေ့ချိန် အနီး၌သတင်းရယူနေသော နယ်မြေခံရဲတပ်ဖွဲ့ဝင်(၁)ဦးအား လူအုပ်စု အတွင်းမှ လူအချို့က အဓမ္မအင်အားသုံးဖမ်းဆီးပြီး မျက်နှာကိုအဝတ်ဖြင့်စည်း၍ ယာဉ်ပေါ် တွင် ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပါသည်။
    
ဖမ်းဆီးခေါ်ဆောင်ခံရသည့် တပ်ဖွဲ့ဝင်အား ပြန်လည်ခေါ်ဆောင်နိုင်ရေး ရှာဖွေ နေစဉ် နေ့လည် ၁၂ နာရီခွဲအချိန်တွင် ကင်ပွန်းတန်းလမ်းဆုံ၊ ဆောက်လုပ်ရေးဝန်းထိပ်တွင် ၎င်းတပ်ဖွဲ့ဝင်အား ဆံပင်အားကွက်ကျားတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်းများဖြင့် မျက်နှာအား အဝတ်စည်းလျက် ယာမျက်လုံးအောက် ဖူးယောင်ဒဏ်ရာတို့ဖြင့် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါ သည်။
    
ဆန္ဒပြသူလူအုပ်စုအနေဖြင့် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဖမ်းဆီးချုပ်နှောင်ခြင်းအတွက် လိုအပ်သောအမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။