ပြည်တွင်း၌ ဆီစားသုံးမှု ဖူလုံစေရေးအတွက် ကော့သောင်းနှင့် ဘုတ်ပြင်းတို့တွင် ဆီအုန်းမျိုးသစ်များ စမ်းသပ် ထုတ်လုပ်ပေးလျက်ရှိ

ပြည်တွင်း၌ ဆီစားသုံးမှု ဖူလုံစေရေးအတွက် ကော့သောင်းနှင့် ဘုတ်ပြင်းတို့တွင် ဆီအုန်းမျိုးသစ်များ စမ်းသပ် ထုတ်လုပ်ပေးလျက်ရှိ

ပြည်တွင်း၌ လူတစ်ဦးချင်းစီတွင် ပျမ်းမျှဆီစားသုံးမှုမှာ များပြားနေသည်ဖြစ်၍ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကော့သောင်းနှင့် ဘုတ်ပြင်းတို့တွင် ဆီအုန်းများတိုးချဲ့စိုက်ပျိုးနိုင်ရေး   ဆီအုန်းမျိုးသစ်များ စမ်းသပ်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲမှ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ ဆီစားသုံးမှုမှာ များပြားနေသဖြင့် ပြည်တွင်း၌ ဆီစားသုံးမှု ဖူလုံရေးအတွက် မြိတ်၏အောက်ပိုင်း  ကော့သောင်းနှင့် ဘုတ်ပြင်းဒေသတို့တွင် ဆီအုန်းများ စိုက်ပျိုးပြီး ကျန်သည့်နေရာ ဒေသများတွင် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပြီး ကော့သောင်းနှင့် ဘုတ်ပြင်းဒေသတို့တွင် ဆီအုန်းများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် မြေဆီလွှာများ စစ်ဆေးပေးခြင်း၊ ဒေသတွင်း ဆီအုန်း ၁ ဧက အထွက်နှုန်း တိုးတက်စေရေး အတွက် နည်းပညာများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ထို့ပြင် မြေဆီလွှာဓာတ်ခွဲ စမ်းသပ်ပေးခြင်းလုပ်ငန်းများ၊   အထွက်တိုးမျိုးများဖြင့် အစားထိုးလဲလှယ် စိုက်ပျိုးနိုင်ရေးအတွက်  မျိုးသစ်များ စမ်းသပ်ထုတ်လုပ် ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။

''ဆီအုန်း      စိုက်ပျိုးနေသူတွေဆီကို  မျိုးကောင်းမျိုးသန့်တွေ   ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ပြီး ဌာနပိုင် ဆီအုန်းခြံတွေမှာ ဆီအုန်း သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ပြီးတော့ ဆီအုန်းသုတေသနမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်တွေ၊ အပင်တစ်သျှူး မွေးမြူရေး နစ်စနစ်တွေနဲ့ ဆီအုန်းမျိုး မွေးမြူရေး သုတေသန လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနေပြီး ဆီအုန်းမျိုးသစ်တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်''ဟု စိုက်ပျိုးရေး ဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲမှ ညွှန်ကြားမှူး ဦးထွန်းထွန်းထွေးက ပြောသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း လုံလောက်မှု မရှိသည့်အတွက် ၁၉၉၉ ခုနှစ်မှ စတင်ကာ တနင်္သာရီတိုင်း ဒေသကြီးသည် ဆီအိုးကြီးဖြစ်ရမည်ဟု  သတ်မှတ်ကာ ဆီအုန်းအထူး စိုက်ပျိုးစီမံကိန်းကို ဆီအုန်းစိုက်ပျိုးရန် သင့်တင့်သော ရာသီဥတုမျိုးဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဧက ၅ သိန်းထိ တိုးချဲ့စိုက်ပျိုးရန် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံတွင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်ထိ ဆီအုန်းစိုက် ဧကပေါင်း ၄ဝ၂ဝ၉၉ ရှိခဲ့ပြီး ဆီသီးခိုင် အထွက်မှာ ၅၁ဝဝ၃၅ တန် ထွက်ခဲ့ကာ  တစ်ဧကဆီသီးခိုင် အထွက်နှုန်းမှာ ၃ ဒသမ ၄၂ တန် ရှိကြောင်း သိရသည်။