ပြည်တွင်း ငရုတ်ဈေးကွက်အတွင်း ငရုတ်စိုဈေးနှုန်း ကျဆင်းနေသော်လည်း ငရုတ်ခြောက်ဈေးနှုန်း မြင့်တက်

ပြည်တွင်းငရုတ် ဈေးကွက်အတွင်း ပြည်ပဝယ်လိုအား   ကျဆင်းနေသောကြောင့် ငရုတ်စိုဈေးနှုန်း ကျဆင်းနေသော်လည်း ငရုတ်ခြောက်ဈေးနှုန်း  မြင့်တက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ငရုတ်စိုက်ပျိုး ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ၆၉၂ အမျိုးအစား ငရုတ်စိုတစ်ပိဿာလျှင်   ငွေကျပ် ၁၁ဝဝ မှ ၁၂ဝဝ ဝန်းကျင် ဈေးနှုန်းရှိကြောင်း သိရသည်။

''ငရုတ်စိုကို   ပြည်ပဝယ်လက်တွေက ကြိုက်ကြပေမယ့် အဝယ်နည်းနေလို့ ဈေးကျနေတာပါ။ ငရုတ်ခြောက်ဈေးက နည်းနည်းမြင့်တက်နေပါတယ်''  ဟု မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ငရုတ် စိုက်ပျိုးသူ ဦးမြင့်အောင် ကပြောသည်။

ငရုတ်သည် ပြည်တွင်းစားသုံးမှုသာမက    ပြည်ပဝယ်လိုအား များလေ့ရှိပြီး ပြည်ပနိုင်ငံများသို့ ငရုတ်အစိမ်း၊ အမှည့်အစို၊  ငရုတ်ခြောက်  သုံးမျိုးစလုံး တင်ပို့ကြောင်း သိရသည်။

''လက်ရှိ ငရုတ်ဈေးကွက်အတွင်း ငရုတ်ခြောက်က ပြည်တွင်းကနေ အဝယ်လိုက်လို့ ဈေးတက်နေတာပါ။ ငရုတ်စိုဈေးကျရင် လည်း ငရုတ်ကိုအခြောက်ခံပြီး ပြန်ရောင်းလို့ ရတဲ့အတွက်   တခြားသီးနှံတွေထက် ပိုပြီးအဆင်ပြေပါတယ်'' ဟု ဦးမြင့်အောင် ကပြောသည်။

လက်ရှိတွင် ငရုတ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝ ဝန်းကျင် မြင့်တက်လျက်ရှိပြီး ရန်ကုန်ဈေးကွက်၌ မိုးမျှော် (မြစ်ဝ)ငရုတ်ခြောက်    တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝဝ ဝန်းကျင်၊    မိုးမျှော် (ဟင်္သာတ)  တစ်ပိဿာလျှင်  ငွေကျပ် ၄၄ဝဝ ဝန်းကျင်၊ ငရုတ်(ပန်းတနော်) တစ်ပိဿာလျှင်   ငွေကျပ် ၃၃ဝဝ ဝန်းကျင်၊ ငရုတ်ပွ(ဆင်ဖြူကျွန်း)   တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ ဝန်းကျင်အထိ  ဈေးနှုန်း ရှိကြောင်း သိရသည်။

ငရုတ်ကို တရုတ်၊ ထိုင်း၊ မလေးရှားနှင့်  တောင်ကိုရီးယားနိုင်ငံတို့သို့ တင်ပို့လေ့ရှိပြီး ပြည်ပဝယ်လိုအား များပြားချိန်က ငရုတ်စို တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်ကြောင်း သိရသည်။