ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေး အား ဥပဒေနှင့်အညီ ထပ်မံအမှုဖွင့်အရေးယူထား

ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေး အား ဥပဒေနှင့်အညီ ထပ်မံအမှုဖွင့်အရေးယူထား

နေပြည်တော် မတ် ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း) ဒေါက်တာဝင်းမြတ်အေးသည် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့်အရှိန်အဝါကို အသုံးပြု၍ ယင်းဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန များမှ ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင်ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ ညွှန်ကြားခြင်းကြောင့် ဝန်ထမ်းများ တာဝန်ပျက်ကွက်မှု၊ ဆူပူဆန္ဒပြမှုများတွင် ပါဝင်စေမှုများဖြစ်ပေါ်လာအောင် လှုံ့ဆော်ရာရောက်သဖြင့် ၎င်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန် ထားပြီးဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သံသယရှိဖွယ် စာရင်းဇယားနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းရန်ရှိသည်များကို ရှင်းလင်းရန်ခေါ်ယူခြင်းကို လာရောက် ရှင်းလင်းရန်ပျက်ကွက်ခြင်း၊ ဝန်ကြီးဌာန၏ အထွေထွေပိုလျှံငွေအား အသုံးပြု၍ ဆောင်ရွက် ထားသော COVID-19 ကာကွယ်ထိန်းချုပ်ရေး ဆေးဝယ်ယူမှုနှင့် ပတ်သက်၍ ရှင်းလင်းရန် ခေါ်ယူခြင်းအား လာရောက်ရှင်းလင်းရန် ပျက်ကွက်ခြင်းတို့ကြောင့် ဉပဒေနှင့်အညီ အရေးယူနိုင် ရေး ယနေ့တွင် ထပ်မံအမှုဖွင့်ထားရှိကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ၎င်းနှင့်ပတ်သက်၍ သတင်းရရှိပါက နီးစပ်ရာ ရဲစခန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ သတင်းပေးတိုင်တန်းရန် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များသို့ သတင်းပေးတိုင်တန်းနိုင် ကြောင်းနှင့် လက်ခံထားသူများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။