ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၆)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်

နေပြည်တော်  ဇွန်  ၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ရောက်ရှိနေသော နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင် ခေါင်းဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၆)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ပါဝင် တက်ရောက်သည်။

 အစည်းအဝေးကို တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင် လွင်တို့က ပူးတွဲသဘာပတိများ အဖြစ်ဆောင်ရွက်ခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီး ယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်  တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးမှ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်မှု အခြေ အနေများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ၏ တိုးတက်မှု အခြေအနေများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ် လုပ်ငန်းစဉ်များ အပေါ် သုံးသပ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားကြရန် ထပ်လောင်းအတည် ပြုခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရာသီဥတု ပြောင်းလဲမှု၊ ကပ်ရောဂါများ၊ သဘာဝ ဘေးအန္တရာယ်များနှင့် သမားရိုးကျ မဟုတ်သည့် စိန်ခေါ်မှုများ အစရှိသည့် ကမ္ဘာ့စိန်ခေါ်မှုများကို မဲခေါင်-လန်ချန်း မိသားစုစိတ်ဓာတ်ကို အခြေခံ၍ အဖွဲ့ဝင်နိုင်ငံများ အကြား အပြန်အလှန် လေးစားယုံကြည်မှု၊ စည်းလုံးညီညွတ်မှုတို့ ဖြင့်  ရင်ဆိုင်ကျော်လွှား ရမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် ပြည်သူများ လက်တွေ့အကျိုး ကျေးဇူးရရှိမှု၊ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှု၊ ထိရောက် မှုရှိမှုတို့ကြောင့် (၅)နှစ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများသာမက နိုင်ငံတကာ အသိုက်အဝန်းကပါ  အသိအမှတ်ပြု လာပြီဖြစ်ကြောင်း၊  မဲခေါင်-လန်ချန်းဒေသ အတွင်း ကူးစက်ရောဂါများအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အထောက်အကူ ဖြစ်စေရန် တရုတ်နိုင်ငံက ''ပြည်သူ့ကျန်းမာရေး ဆိုင်ရာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ'' ထူထောင်ပေး မှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုတွင် ဒေသတွင်းနယ်စပ် ဖြတ်ကျော်မှုခင်းများ ဖြစ်သည့် လူကုန်ကူးမှု၊ တရားမဝင်ဆေးဝါးများ ထုတ်လုပ်ရောင်းဝယ်မှု၊ လက်နက်ကုန်ကူးမှု၊ သစ်တောထွက်ပစ္စည်း များအား တရားမဝင်ကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို ပိုမိုအလေးထား ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင် အောက်တွင် ပြည်သူအချင်းချင်း အပြန်အလှန် ဆက်ဆံမှုမြှင့်တင်ရေး၊ လူငယ်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ မဲခေါင်-လန်ချန်း အတွင်းရေး မှူးရုံး/ပူးပေါင်း ညှိနှိုင်းရေးရုံးများအကြား  ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါမှု ကဏ္ဍ၊ မဲခေါင်-လန်ချန်း စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ရပ်ဝန်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်း-ရေနှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်တို့  အကြား ပေါင်းစပ် ဆောင်ရွက်သွားရန်ကိစ္စ တို့ကို ဆွေးနွေးသည်။

ယင်းနောက် တရုတ်နိုင်ငံတော်ကောင်စီ ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင်   ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးမူဝါဒ  (Development First) ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါတုံ့ပြန်ရေး၊ ကာကွယ်ဆေးရရှိရေးနှင့် COVID-19 အလွန် စီးပွားရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း ပြည်သူများ လူနေမှုမြင့်မား တိုးတက်ရေး အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုရန်ပုံငွေများကို ပိုမိုထိရောက်စွာအသုံးချစေလိုကြောင်း၊   ပညာရေးနှင့် လူငယ်ကဏ္ဍ အပါအဝင် ပြည်သူအချင်းချင်းထိတွေ့ ဆက်ဆံမှုတိုးမြှင့်ရေးကို ပိုမိုဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

အစည်းအဝေးမှ ''၂ဝ၂၁ ခုနှစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ'' ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများ စာရင်းကို အတည်ပြုချမှတ်ခဲ့ရာ မြန်မာ နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၈ သန်း ကျော်တန်ဖိုးရှိ စီမံကိန်း ၂၂ ခု ပါဝင်ခဲ့ သည်။ မြန်မာနိုင်ငံသည် အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ရန်ပုံငွေကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေမှ လက်ခံရရှိမည်ဖြစ်ပြီး ကျန်းမာရေး၊ သမားရိုး ကျမဟုတ်သော လုံခြုံရေး၊ လုပ်ငန်းခွင်ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှု၊ သိပ္ပံနှင့်နည်း ပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးကဏ္ဍများတွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

အစည်းအဝေးမှ ဒေသဆိုင်ရာအစိုးရ/ အုပ်ချုပ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင် ရွက်မှုကဏ္ဍ၊ ဒေသတွင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍနှင့် တိုင်းရင်းဆေးကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် ဘာသာရပ်ဆိုင်ရာ ပူးတွဲထုတ်ပြန် ချက်(၃)ခုကို ထုတ်ပြန်ခဲ့သည်။  မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်  မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာ ဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန် ရည်ရွယ်၍ ၂ဝ၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။  အဖွဲ့ဝင်နိုင်ငံများ အဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများသည် အစည်းအဝေး မစတင်မီတွင် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုပြပွဲအား ကြည့်ရှုလေ့လာခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု website ကို အဖွဲ့ဝင်နိုင်ငံများ၏ဘာသာ ခြောက်ခုနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် စတင်ထုတ်လွှင့်ခြင်း အခမ်းအနား၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ဒီဇိုင်းပြိုင်ပွဲဖွင့်ပွဲနှင့် Mekong-Lancang Youth Online Platform  ဖွင့်ပွဲအခမ်းအနားများကို တက်ရောက်ခဲ့ကြသည်။